/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, August 10, 2014

ပြီးပြည့်စုံသော လူ့ဘဝ



 လောက၌ လူတို့သည် ဘ၀တစ်ခု တည်တည်တံ့တံ့ ရပ်တည်နိုင်ရန်
 ရုန်းကန်အားထုတ်ကြရ၏။ ငယ်စဉ်ကတည်းကပင် “ဆရာဝန်ကြီး ဖြစ်ရမယ်၊
အင်ဂျင်နီယာကြီး ဖြစ်ရမယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ရမယ်” စသည်ဖြင့်လူလူသူသူ နေထိုင်နိုင်သော ဘဝကို စိတ်ကူးခဲ့ကြ၏။

ထိုသို့ စိတ်ကူးခဲ့သည့်အတိုင်း အောင်မြင်မှုရရန် ခဲခဲယဉ်းယဉ်း ကြိုးစားအားထုတ်ကြရ၏။
ထိုတွင် မိမိနောက်ခံအသိုင်းအဝိုင်း၏ ပံ့ပိုးပေးနိုင်မှု အခြေအနေနှင့် မိမိ၏ အရည်အချင်းတို့အပေါ် မူတည်ကာ အချို့ ဆိုင်ရာဆိုင်ရာ အတတ်ပညာရှင်များ ဖြစ်ခဲ့ကြ၏။


 အချို့ကမူ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ခဲ့ကြ၏။ မှန်ပေသည်။ လူဖြစ်လျှင် ဆိုင်ရာဆိုင်ရာ အတတ်ပညာတစ်ခုခုနှင့် ခိုင်မာသော စီးပွားရေးလုပ်ငန်းတစ်ခုခုကိုကား ပိုင်ဆိုင်ထားရမည် ဖြစ်၏။
သို့မှသာ ဘဝလမ်းခရီးကို မပင်မပန်း လျှောက်လှမ်းနိုင်မည် ဖြစ်၏။

သို့ပါသော်လည်း ထိုအရာများကို ပိုင်ဆိုင်ထားရုံမျှဖြင့် ပြီးပြည့်စုံသော
လူ့ဘဝကို ရရှိထားသည်ဟုကား မဆိုနိုင်သေးပေ။ ထို မိမိတတ်ကျွမ်းထားသော
 အတတ်ပညာများနှင့် ရှာဖွေရရှိထားသော ပစ္စည်းဥစ္စာတို့မှာ ဘဝလမ်းခရီးအတွက် အထောက်အပံ့ကောင်းတစ်ခုမျှသာ ဖြစ်ပေ၏။

ပမာအားဖြင့် ကိုယ်ကျင့်တရားမကောင်းသော အတတ်ပညာရှင်ကို
မည်သူမျှ တန်ဖိုးထားမည်မဟုတ်။ ထို့အတူပင် ခိုင်မာသော
စီးပွားရေးလုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်၍ ငွေကြေးဥစ္စာသာကြွယ်ဝပြီး
ကိုယ်ကျင့်တရားမရှိသော ပုဂ္ဂိုလ်ကိုလည်း မည်သူကမျှ ယုံကြည်မည် မဟုတ်။
 လေးစားကြမည်မဟုတ်ပေ။

အတတ်ပညာလည်းတတ်၊ (သို့မဟုတ်) ငွေကြေးဥစ္စာလည်းကြွယ်ဝပြီး
 ကိုယ်ကျင့်တရားလည်း ကောင်းမွန်သော ပုဂ္ဂိုလ်ကိုသာ ယုံကြည်ကြမည်ဖြစ်၏။
 တန်ဖိုးထားကြမည်ဖြစ်၏။

ထို့ကြောင့် လူ့ဘဝတွင် ကိုယ်ကျင့်တရားသည် အရာရာတိုင်းထက် အရေးပါ၏။
အရာရာတိုင်းထက် ပဓာနကျ၏။ အရာရာတိုင်းထက် တန်ဖိုးကြီးမား၏။
 ထို “ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားမှသာလျှင် ပြီးပြည့်စုံသော
လူ့ဘဝကို ရရှိထားသည်” ဟု ဆိုရမည်ဖြစ်၏။

လောကမှာ အတတ်ပညာက အခရာလား၊ (သို့မဟုတ်)
 ငွေကြေးဥစ္စာက ပဓာနလား၊ (သို့တည်းမဟုတ်) ကိုယ်ကျင့်တရားက
အဓိကလား၊ ဆိုသည်ကို ရှေးယခင်က ဘုရားလောင်းကိုယ်တိုင်ပင်
 လေ့လာခဲ့၏။ စုံစမ်းခဲ့၏။ စမ်းသပ်ခဲ့၏။ ထိုသို့ လေ့လာစုံစမ်းစမ်းသပ်ပြး
 လောကအတွက် ဒဿနတစ်ရပ် ချမှတ်ပေးခဲ့သည်မှာ စိတ်ဝင်စားစရာဖြစ်၏။

ဘယ်အရာက ပဓာနလဲ
တခါက ဘုရားလောင်းပုဏ္ဏားသည် ဗြဟ္မဒတ်မင်းကြီးအထံ
 ဝင်ထွက်ခစားလေ၏။ ထိုပုဏ္ဏားသည် အမျိုးဇာတ်အားဖြင့် မြတ်၏။
ပညာတတ်၏။ ကိုယ်ကျင့်တရား ကောင်းမွန်၏။ သူသာမဟုတ်၊ သူ၏
 ဆွေစဉ်မျိုးဆက် ခုနစ်ဆက်တိုင်အောင်ပင် မဟုတ်တာ မလုပ်ကြပေ။

 မင်းကြီးသည် အခြားပုဏ္ဏားများထက် ထိုပုဏ္ဏားကို ပို၍မြတ်နိုး၏။
 ပို၍ အရေးပေး၏။ ပို၍ အလေးထား၏။ ထို့ကြောင့် ထိုပုဏ္ဏားသည်
 ဗာရာဏသီပြည်၌ ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာ၏။


ထိုပုဏ္ဏားသည် “မင်းကြီးက ဘာကြောင့်ငါ့ကို သူများထက် ပိုမိုမြတ်နိုးတာလဲ၊
 ပိုမိုအလေးထားတာလဲ၊ ပိုပြီးအခွင့်အရေးပေးတာလဲ၊ အမျိုးဇာတ်မြင့်မြတ်နေလို့လား
၊ (ဒါမှမဟုတ်) ပညာတတ်ဖြစ်နေလို့လား၊ စုံစမ်းရဦးမယ်” ဟု ကြံစည်လေ၏။
ယင်းနောက် နန်းတော်မှအပြန်တွင် ရွှေပန်းထိမ်သည်ထံသို့ဝင်၍ မပြောမဆို တစ်ကျပ်သားခန့်ပမာဏရှိသော ရွှေထည်အပိုင်းအစတစ်ခုကို
 ကောက်ယူသွား၏။

 ရွှေပန်းထိမ်သည်သည် ထိုပုဏ္ဏားကို ရိုသေလေးစားသောကြောင့်
တစ်ခွန်းတစ်ပါဒမျှ မပြောပေ။ မသိဟန်ဆောင်၍သာ နေလေ၏။
 နောက်နေ့တွင် နှစ်ကျပ်သားခန့်ပမာဏရှိသော
 ရွှေထည်အပိုင်းအစတစ်ခုကို ကောက်ယူသွားပြန်၏။
 ရွှေပန်းထိမ်သည်ကလည်း မသိဟန်ဆောင်၍ နေပြန်၏။
သုံးရက်မြောက်နေ့၌မူ သုံးကျပ်သားခန့်ပမာဏရှိသော
 ရွှေထည်အပိုင်းအစတစ်ခုကို ကောက်ယူသွားပြန်၏။

ထိုအခါ ရွှေပန်းထိမ်သည်သည် သည်းမခံနိုင်တော့ပေ။
ထို့ကြောင့် “မင်းကြီးအပ်နှံထားသော မင်းဘဏ္ဍာကို သုံးကြိမ်တိတိခိုးယူခဲ့သော
သူခိုးကို ဝိုင်းဝန်းဖမ်းပေးကြပါ” ဟု အော်ဟစ်ကာ အကူအညီတောင်းလေ၏။

 အနီးအနားရှိလူတို့ကလည်း “ကိုယ်ကျင့်သီလမရှိဘဲ ကိုယ်ကျင့်သီလရှိ
ဟန်ဆောင်သော ပုဏ္ဏား” ဟုဆိုကာ ရိုက်နှက်ထိုးကြိတ်ကြလေ၏။
၎င်းနောက် ဖမ်းဆီးချုပ်နှောင်ကာ မင်းကြီးထံ ခေါ်ဆောင်သွားကြလေ၏။
နန်းတော်သို့အသွား လမ်းခရီးအကြား၌ မြွေအလမ္ပါယ်ပြပွဲနှင့် တွေ့ဆုံ၏။

ထိုအချိန်တွင် မြွေအလမ္ပါယ်သမားတို့သည် အဆိပ်ပြင်းသောမြွေကြီး၏
 အမြီးကို ဆွဲပြနေကြ၏။ ယင်းနောက် မြွေကြီး၏လည်ပင်းကိုလည်း
ဖမ်းဆုပ်ပြကြ၏။ တဖန် မိမိတို့၏လည်ပင်းမှာ ရစ်ပတ်ပြကြပြန်၏။

ပုဏ္ဏားကြီးသည် ထိုမြင်ကွင်းကို မြင်သောအခါ -
“အမောင်တို့... မြွေကို အဲသလို မဆွဲမကိုင်ကြနဲ့။ မင်းတို့ မြွေကိုက်သေလိမ့်မယ်”
ဟု တားမြစ်လေ၏။ ထိုအခါ ထိုအလမ္ပါယ်ဆရာတို့က -
“အသင်ပုဏ္ဏား... အသင်မပူနဲ့။ ဒီမြွေကြီးဟာ သင့်လိုမဟုတ်ပါဘူး။
အကျင့်သီလရှိပါတယ်။ အသင်ပုဏ္ဏားသာ အကျင့်သီလပျက်နေလို့
အခုအဖမ်းခံရတာ မဟုတ်လား” ဟု ပြန်လည်ပြောဆိုကြလေ၏။


ပုဏ္ဏားကြီးသည် မြွေအလမ္ပါယ်သမားတို့စကားကို ကြားသောအခါ
“မြွေကိုတောင်မှ မကိုက်ရင် သီလရှိတယ်လို့ပြောကြသေးတယ်။
 လူဆိုရင်တော့ ဘာပြောစရာ ရှိဦးမှာလဲ။ လူ့လောကမှာ
ကိုယ်ကျင့်တရားသည်သာ အမြတ်ဆုံးဖြစ်တယ်။ ကိုယ်ကျင့်တရားထက်မြတ်တာ
ဘာမှမရှိတော့ဘူး” ဟု သိရှိသွားလေ၏။

မင်းကြီးထံရောက်၍ မင်းကြီးက မေးသောအခါ -
“အရှင်မင်းကြီး... ကျွန်တော်မျိုးဟာ ပစ္စည်းဥစ္စာကိုမက်မော၍ ခိုးယူခြင်းမဟုတ်ပါ။
အခြားသူများထက် မင်းကြီးရဲ့မြတ်နိုးမှု၊ အလေးထားမှု၊ အရေးပေးမှုများရခြင်းဟာ
 အမျိုးဇာတ်မြင့်မြတ်လို့လား၊ ပညာတတ်လို့လား၊ ကိုယ်ကျင့်တရားကောင်းလို့လား၊
 စုံစမ်းလို၍ ဖြစ်ပါသည်။ ယခု အဖြစ်မှန်ကို သိရပါပြီ။ အခြားသူများထက်
အခွင့်ထူးပိုမိုရရှိခြင်းဟာ အမျိုးဇာတ်မြင့်မြတ်လို့လဲမဟုတ်။

 ပညာတတ်လို့လဲမဟုတ်။ ကိုယ်ကျင့်တရားကြောင့်ဆိုတာ နားလည်သဘောပေါက်ပါပြီ”
ဟုလျှောက်၍ မင်းကြီးအား တရားဟောပြီး ရသေ့ဝတ်သွားလေသည်။
ဘုရားလောင်းပုဏ္ဏားသည် “လောကမှာ ကိုယ်ကျင့်တရားကသာလျှင် အမြတ်ဆုံး၊
 ကိုယ်ကျင့်တရားကသာလျှင် အရေးပါဆုံးဖြစ်၏။ ကိုယ်ကျင့်တရားထက် မြတ်တာ၊
 ကိုယ်ကျင့်တရားထက် အရေးပါတာ ဘာမှမရှိ” ဟူသောအမြင်ကို ချမှတ်ပြခဲ့၏။

သို့ဖြစ်လျှင် အတတ်ပညာကို သင်စရာမလိုတော့ဘူးလား၊ စီးပွားရေးကိုကော
 ရှာဖွေစရာ မလိုတော့ဘူးလားဟု ကတ်ကတ်သပ်သပ် မေးစရာရှိ၏။
 ကြက်ဥတစ်လုံးတွင် အကာသည် မပါမဖြစ်သောအရာတစ်ခု ဖြစ်၏။
သို့ပါသော်လည်း အဓိက ပဓာနကျသောအရာမှာ ထိုအကာမဟုတ်ပေ။
အထဲမှ အနှစ်ပင် ဖြစ်၏။ ထို့အတူပင် အတတ်ပညာနှင့်
 စီးပွားဥစ္စာတို့သည်လည်း ဘဝ၏ အစိတ်အပိုင်းဖြစ်၍ မသင်၍ မရ။

မရှာဖွေ၍ မရပေ။ ဘဝတွင် လူလူသူသူ နေထိုင်နိုင်ရန် သင်ရ၊
 ရှာဖွေရမည်သာ ဖြစ်၏။ သို့ပါသော်လည်း အတတ်ပညာတတ်ရုံ၊
 စီးပွားဥစ္စာ ရှာဖွေနိုင်ရုံမျှနှင့်တော့ လူ့ဘဝသည် မပြည့်စုံနိုင်သေးပေ။
ကိုယ်ကျင့်တရား စောင့်ထိန်းရန်လည်း လိုအပ်ပေသေး၏။

လောကတွင် ကိုယ်ကျင့်တရား ပျက်ပြား၍ အသုံးမပြုနိုင်တော့သော
အတတ်ပညာရှင်များ ရှိသလို စီးပွားဥစ္စာ ပျက်စီးသွားသူများမှာလည်း
 ဒုနှင့်ဒေးပင်။ ကိုယ်ကျင့်တရားပျက်၍ ဒုက္ခရောက်လျှင် မိမိတက်ကျွမ်း
ထားသော အတတ်ပညာကလည်း ကယ်တင်နိုင်မည်မဟုတ်။ မိမိ၏
 စီးပွားဥစ္စာကလည်း ဖေးမကူညီနိုင်မည် မဟုတ်ပေ။ အကယ်၍
 ဒုက္ခမရောက်သေးတောင်မှ သမင်သတ္တဝါကဲ့သို့ပ် အရာရာကို
ထိတ်လန့်နေရတတ်၏။ တုန်လှုပ်နေရတတ်၏။ ပူပန်နေရတတ်၏။

 ကြောက်ရွံ့နေရတတ်၏။
တဖန် ကိုယ်ကျင့်တရားပျက်ပြားပြီး လူမှုကိစ္စ စသည်တို့မှာ
 ရှေ့တန်းရောက်နေသူတွေကော မရှိဘူးလားဟု မေးစရာရှိပေသေး၏။
မှန်ပါသည်။ ထိုသို့သောပုဂ္ဂိုလ်များ အချို့နေရာ၌ ရှိပေသည်။ သို့ပါသော်လည်း ထိုသူတို့၏ ရှေ့တန်းရောက်နေမှုသည် အခိုက်အတန့်မျှသာ ဖြစ်၏။
အစဉ်ထာဝရ မဟုတ်ပေ။ ထိုသူ၏ ကိုယ်ကျင့်တရား ပျက်ပြားမှုကို
ပတ်ဝန်းကျင်က သိသည်နှင့်တပြိုင်နက် ထိုသူသည် အလိုလို
 နောက်ရောက်သွားသည်သာ ဖြစ်၏။ ကိုယ်ကျင့်သီလရှိသော
လူမှုပတ်ဝန်းကျင်အတွင်း၌ ထိုလူအတွက် နေရာမရှိတော့ပေ။

ကိုယ်ကျင့်သီလရှိသော လူမှုပတ်ဝန်းကျင်အတွင်း၌ နေရာမရှိတော့သော
 ထိုလူအတွက် အဘယ်မှာ တန်ဖိုးရှိပါတော့မည်နည်း၊ အဘယ်မှာ
 ဂုဏ်သိက္ခာရှိပါတော့မည်နည်း၊ လူဖြစ်လျက် လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာမရှိသော
 ထိုပုဂ္ဂိုလ်မှာ အဘယ်မှာ အေးချမ်းတည်ငြိမ်ပါတော့မည်နည်း။

သို့ဖြစ်၍ လူတို့သည် ဆိုင်ရာဆိုင်ရာ အတတ်ပညာရှင်များဖြစ်အောင်
 ကြိုးစားရမည်ဖြစ်၏။ စီးပွားဥစ္စာကိုလည်း ရှာဖွေရမည်ဖြစ်၏။ ကိုယ်ကျင့်တရားမပျက်ပြားအောင်လည်း စောင့်ထိန်းရမည်ဖြစ်၏။
 သို့မှသာ တည်ငြိမ်အေးချမ်း၍ ပြီးပြည့်စုံသော လူ့ဘဝကို ရရှိနိုင်မည် ဖြစ်ပေ၏။

မေတ္တာများဖြင့်
အရှင်သိရိန္ဒ

No comments:

Post a Comment