
*** ၀ိပဿနာ ရှုပုံ ရှုနည်း အလုပ်ပေးတရားတော် (အပိုင်း-၂) *** …သြော်…ဒါဖြင့် ၀ိပဿနာဆိုတာ အားစိုက် ရှုရတာလား၊ စောင့်စားပြီး ရှုရတာလား၊ စောင့်စားပြီးရှုရတယ်နော်၊ သေသေချာချာ
ပြောနေပါတယ်။ လေးလေးစားစားနဲ့ မှတ်စမ်းပါ။
လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့်စရာမရှိလို့ ရှိရင်ဖြင့် သြော်…လေကလေး ထုတ်တဲ့ စိတ်ကလေးလည်း ထုတ်ပြီး ပျက်တာပဲ၊ လေကလေး ပြန်သွင်းတဲ့စိတ်ရော သွင်းပြီး ပျက်ပါတယ်။ အဲဒါကလေး ဘယ်ကမှ မရှိတော့ဘူးဆိုရင် သူ့ပြန်ထိုင်လိုက်၊ သဘောကျပလား…။
…ဟာ…သူ့ ပြန်ရင်း မတ္တနဲ့ပဲ ဟိုနေရာက ယားသလို ဒီနေရာက အောင့်သလို၊ ဒီနေရာက ကောင်းသလိုလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက်…ခုနက ယားတဲ့နေရာ၊ ကောင်းတဲ့နေရာတွေ လှည့်လည်ပြီး သြော်…ဒါတွေ ဒုက္ခသစ္စာပါလား လို့ ရှုပါ။
…ကောင်းတဲ့စိတ်ကလေးလည်း ဖြစ်ပြီး ပျက်တော့ ဒုက္ခရောက်တာပဲ၊ ဆိုးတဲ့စိတ်ကလေးလည်း ဖြစ်ပြီး ပျက်တော့ ဒုက္ခရောက်တာပဲ၊ အလယ်အလတ် စိတ်ကလေးလည်း ဖြစ်ပြီး ပျက်တော့ ဒုက္ခရောက် တာပါပဲ။ အဲဒီဒုက္ခသစ္စာတွေချည်းပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာလို့ ဒကာ ဒကာမတွေ ကြိုးစားနေကြမယ်ဆိုလို့ရှိရင် ကြာတော့ ဒုက္ခသစ္စာတွေ့တာက ဘုရားက…
“သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခော” လို့ ဟောသောကြောင့် ခန္ဓာငါးပါးစလုံး ပြတဲ့ဥစ္စာတွေ အနိစ္စလည်း မပြ၊ ဒုက္ခလည်း မပြ၊ အနတ္တလည်း မပြ၊ အသုဘလည်း မပြဘဲနဲ့ ဒုက္ခသစ္စာပဲ ပြတယ်…
…အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် သြော်…လူ့ဘ၀ရတာ ဒုက္ခသစ္စာရတာကိုးလို့ ပေါ်ပေါ်လွင်လွင်ကြီး သိမလာပေဘူးလား။ ဒုက္ခသစ္စာကြီးရတယ်ဆိုတာ မသေချာဘူးလား…။ အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကို ပိုင်ပိုင်နိုင်နိုင် သိနေတော့ တစ်ကိုယ်လုံးမှာ ဟိုကယား၊ ဒီကနာ၊ ဒီကအောင့်၊ ဟိုက ကိုက်၊ ဒီကခဲ၊ ဟိုက တစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာတာဟူသရွေ့ ပျောက်တာပဲတွေ့ရ၊
စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား…။
…ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ ဘယ်လို လုပ်ရမှာပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ၊ စောင့်ကြည့်တာပဲတဲ့၊ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဥာဏ်က မဂ္ဂသစ္စာဆိုတော့ သြော်…မဂ်ဟာ ဆုတောင်းအလုပ်လား၊ စောင့်ကြည့်တဲ့ ဥာဏ်အလုပ်လား…။
…စောင့်ကြည့်တဲ့ ဥာဏ်အလုပ်လို့ ဒကာ ဒကာမတွေက အသိကြီး သိလာပြီ ဆိုမှဖြင့် သြော်…ခန္ဓာ ကိုယ်ကြီးဟာ သုခကြား မညှပ်၊ ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ ပေါ်ပါလိမ့်မယ်။ ထိုကဲ့သို့ ပေါ်လာတဲ့ အခါ ကျတော့မှ သြော်…ဒုက္ခသစ္စာကြီးပါလား၊ သုခဆိုတာ ဘာမှ မပေါ်လာပါလားဆိုတော့ ဒုက္ခတွေ မြင်ပြီး ငြီးငွေ့လာပါလိမ့်မယ်။ ဒါဖြင့် ဖြစ်ပျက်မြင်တာသည် ယထာဘူတဥာဏ်…၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီး မုန်းလာတာသည် နိဗ္ဗိန္ဒဥာဏ်…။
…ကြာတော့ ဥာဏ်က ထက်ထက်၊ ထက်ထက်ပြီး ကြည့်ပါများလာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ မနေချင်တဲ့ဥာဏ် မလာပေဘူးလား…။ မနေချင်တဲ့ဥာဏ် လာတဲ့အခါကျတော့ ခုနက ဒုက္ခတွေ အကုန်ပျောက်သွားပါလိမ့်မယ်။ ဒါဖြင့် ဒုက္ခ ပျောက်၍ ဒုက္ခဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံး သိတာက မဂ္ဂသစ္စာ…။ မဂ္ဂသစ္စာဆိုတော့ မဂ်စစ် ပေါ်လာလိမ့်မယ်။ ဒုက္ခပျောက်ရင် မဂ်စစ် ပေါ်လိမ့်မယ်၊ ဒုက္ခတွေ့ရင် ၀ိပဿနာမဂ် ပေါ်လိမ့်မယ်၊ ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာတွေ မရှိဘူးဘုရား ဆိုရင်ဖြင့် မဂ်စစ်ပေါ်လာလိမ့်မယ်၊ မဂ်စစ်ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ၊ မရှိမှန်းသိတာက မဂ္ဂသစ္စာ…။
…အဲဒီကျအောင် စောင့်ကြည့်ရင်း မတ္တနဲ့ ဆုံးသွားအောင် လိုက် လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿ အန္တံကရိဿထ” ဒုက္ခဿ-ဒုက္ခ၏၊ အန္တံ-အဆုံးကို၊ ကရိဿထ-မဂ်ဥာဏ်က မျက်မှောက် ပြုလိမ့် လတ္တံလို့ ရှင်သာရိပုတ္တရာကလည်း ဟော၊ ဘုရားကလည်း ဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့၊ ဒကာ ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့အလုပ် လုပ်စမ်းပါ…။
…ဖြစ်ပျက်တွေလာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေး လိုက်တယ်။ စောင့်ကြည့်ပါ၊ ဒီ့ပြင် ဘာမှမလုပ်ပါနဲ့၊ စောင့်ကြည့်တာ ကြာတော့ ဖြစ်ပျက်တွေ “ စိပ် ” လာလိမ့်မယ်…။ စိပ်လာပြီဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော်…အသေတယ်များပါလား။ သြော်…ဒုက္ခတွေ တယ်များပါလားလို့ သူက ဘယ်လောက်ပဲများများ ကိုယ်က ဒုက္ခများတယ် လို့သာ မြင်အောင်ကြည့်နေ…ကြာတော့ သြော်… ဖြစ်လာတာကလည်း ဒုက္ခ၊ ပျက်သွားတာကလည်း ဒုက္ခ၊ အဲ…ဒီကဲ့သို့ ဒုက္ခကို အဖြစ်လည်း မသာယာ၊ အပျက်လည်း မသာယာ…။
…မသာယာပါဘူးတဲ့။ ထိုကဲ့သို့ မသာယာတဲ့ အခါကျတော့ ဖြစ်ပျက်ကို သာယာတဲ့ တဏှာကလည်း ချုပ်ပါရော၊ ဖြစ်ပျက်လည်း ချုပ်တာပဲ၊ သာယာတဲ့ဒိဋ္ဌိလည်း ချုပ်ပါရော၊ ဖြစ်ပျက်ချုပ်တာ နိဗ္ဗာန်၊ ချုပ်မှန်း သိတာ မဂ်ဥာဏ်…။
…ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ဝေးသလား၊ နီးသလား…။ နီးရက်နဲ့ မရောက်တာ ဘာ့ကြောင့် ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့အလုပ်လည်း မလုပ်ဘူး။ ဒါကြောင့် ခင်ဗျားတို့သည် သံသရာထဲမှာ ငရဲအိုးတွေကလည်း ငရဲမီးတွေ တောက်ပြီး တပွက်ပွက် ဆူနေတာဟာ ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာလောဘက မချုပ်တာနဲ့ဘဲတဲ့ တဏှာကနေပြီး ငရဲအိုးကို ဖန်တီးနေတယ်။
…ဒိဋ္ဌိကနေပြီး ငရဲအိုး ဖန်တီးနေတာ…၊ ဒါကြောင့် ခင်ဗျားတို့ကတော့ တရားနာရက် ဒုက္ခက မချုပ်တော့ကို နောက်တဏှာက ကျန်မနေဘူးလား…။ နောက်တဏှာကျန်တော့ တဏှာက ဘယ်ခန္ဓာ လုပ်ရပါ့မလဲဆိုပြီး အချိုးကျ သူက စီမံနေတယ်၊ အချိုးကျ စီမံပြီးသကာလနေတော့ တဏှာက ငရဲသွားတဲ့ တဏှာလည်း ရှိတယ်၊ သုဂတိသွားတဲ့ တဏှာလည်း ရှိတယ်။
…အဲဒီကဲ့သို့ တဏှာက အမျိုးမျိုးအဖုံဖုံ စုတိ စီမံလိုက်၊ ငရဲအိုးတွေ စီမံလိုက်ဆိုတာ တဏှာမချုပ်လို့ ဖြစ်ရတာ၊ ဒိဋ္ဌိမချုပ်လို့၊ ၀ိစိကိစ္ဆာ မချုပ်လို့ ဖြစ်ရတာ…။ အခုတော့ဖြင့် ဒကာ ဒကာမတွေ စောင့်ကြည့် ဖြစ်ပျက်မြင်ရင် ယထာဘူတဥာဏ်၊ ဖြစ်ပျက်မုန်းရင် နိဗ္ဗိန္ဒဥာဏ်…။
…ဖြစ်ပျက်တွေများ ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှ တစ်ပါး ဘာမှ မရှိဘူးလို့ လိုချင်စရာ၊ ရချင်စရာ၊ ဘာမှ မရှိဘူးလို့ ဒီခန္ဓာကို ဆုံးဖြတ်ချက်ချလို့ရှိရင်လည်း အဲဒါ ဒုက္ခသစ္စာ ပိုင်းခြားသိတာပဲ။ ထိုကဲ့သို့ ပိုင်းခြား သိလိုက်တဲ့အခါကျလို့ရှိရင် ဒုက္ခတွေ ချုပ်သွားတယ်၊ ဒုက္ခတွေ ဆုံးသွားတယ်၊ ဒုက္ခဆုံးတာက နိဗ္ဗာန်…ဆုံးပေါ့လို့ သိတာက မဂ်ဥာဏ်…။
…သြော်…ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိဗ္ဗာန်သည် ဤခန္ဓာအဆုံးရှိတယ်ဆိုတာ ယနေ့ တစ်ထစ်ချ မှတ်ဖို့…နိဗ္ဗာန်သည် အထက်မှာ ရှိသလား၊ အောက်မှာ ရှိသလား၊ ဘေးမှာ ရှိသလားလို့ မေးရင် ခန္ဓာအဆုံးမှာရှိတယ်…။
…အဲ…ခန္ဓာဆိုတာ ဖြစ်ပျက်ပဲ၊ အဲဒီဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ရှိတယ်ဆိုတာ ယနေ့က စပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးစားလို့ရှိရင်ဖြင့်တဲ့ အပါယ်လေးပါး တံခါးတွေ၊ တံခါးတင် မဟုတ်ပါဘူး၊ ငရဲမီး ငြိမ်း၍ ငရဲအိုး သိမ်းပါတယ် ဆိုတာကို ကိုယ့်ဥာဏ်က မဂ်ဥာဏ်ကနေ သိမ်းလိုက်တယ်လို့ ဆုံးဖြတ်ချက် ချလိုက်… ။
…ဘယ်သူက သိမ်းတာပါလိမ့်…(မဂ်ဥာဏ်က သိမ်းတာပါဘုရား)…ရှင်းပြီလား…သဘောပါပလား…၊ ဒါက အလုပ်စဉ်ကလေး ရှေ့ပိုင်းက ပြတာပါ…..။
…(၁၁.၁၁.၁၉၆၁) ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “၀ိပဿနာ ရှုပုံ ရှုနည်း အလုပ်ပေးတရားတော်” အပိုင်း(၂) နောက်ဆုံးပိုင်းအား ဓမ္မမိတ်ဆွေများ အားလုံးသို့ ထုတ်နုတ်ပူဇော် ဓမ္မဒါနပြုပါသည်။
No comments:
Post a Comment