
"အဘိဓမ္မာ နတ်ပြည်မှာ ဟောရခြင်း"
သို့သော် ဒီလောက် လေးနက်တဲ့ သဘာဝတရားတွေကို ရှင်းပြပြီး ခေါင်းစီးတစ်ခုတည်းနဲ့ အင်မတန် ရှည်လျားတဲ့ ဒေသနာတော်ကြီးကိ ဟောဖို့ဆိုတာ လူ့ပြည်မှာ မဖြစိနိုင်ဘူး၊
လူသားတွေဟာ တစ်နေကုန် ထိုင်ဖို့ဆို တော်တော်ခက်မယ်၊
၃-လတိတိ ထိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊
၁-နာရီ ,၂-နာရီ လောက် ထိုင်လိုက်ရင်ပဲ ညောင်းကုန်ပြီလေ။
အဘိဓမ္မာ ခေါင်းစီးအောက်မှာ အင်မတန် ရှည်လျားတဲ့ တရားကြီး၊
ပဋ္ဌာန်းထိအောင် ဟောရမှာ ဆိုလို့ရှိရင် အချိန်အားဖြင့် ၃-လလောက် အချိန်ယူရမယ်တဲ့၊
အဲဒီ ၃-လလောက် အချိန်ယူရမယ့်တရား၊
မြတ်စွာဘုရားက ၇-ရက်နဲ့ ဆင်ခြင် စဉ်းစားထားတဲ့ တရားဟာ အတိုင်းအတာ မရှိလောက်အောင် အလွန် ကျယ်ဝန်းတယ်၊
ဒီတရားကို လူ့ပြည်မှာ ဟောလို့ မဖြစ်ဘူး၊
ဘာဖြစ်လို့တုန်း၊ လူတွေက ကြာရှည်စွာ ထိုင်ပြီးတော့ တရားဆုံးအောင် မနာနိုင်ဘူးတဲ့၊ဘုရားက တရားဟောနေ ၁-နာရီ , ၂-နာရီ၊ ၄ , ၅-နာရီလောက်ဆို ထပြေးကုန်ကြမှာ၊ရှိမှာ မဟုတ်တော့ဘူး၊ မထိုင်နိုင်ဘူးလေ၊အဲဒါကြောင့်မို့ အဘိဓမ္မာတရားကို လူ့ပြည်မှာ မဟောဘူး။
"တန်ခိုးပြာဋိဟာ"
ပထမဆုံး ဓမ္မစကြာတရား ဟောတယ်၊
နောက် အနတ္တလက္ခဏသုတ္တန် ဟောတယ်၊
၇-၀ါမြောက်တဲ့အခါကျတော့ အဘိဓမ္မာတရားဟောဖို့ အချိန်ကျလာတယ်၊
ဝါဆိုဦးကာလမှာ ရေ , မီးအစုံ တန်ခိုးပြာဋိဟာကို ပြတယ်၊
ရေမီးအစုံ တန်ခိုးပြာဋိဟာလို့ဆိုတာ အားလုံး ကြားဖူးကြပါလိမ့်မယ်၊
ထူးမခြားနား သီချင်းကြီး ကြားဖူးကြမှာပေါ့၊
လူတွေကတော့ ပြောကြတယ်၊ မင်းပြောနေတာ ထူးမခြားနားပါကွာတဲ့၊
တကယ်က ထူးမခြားနားဆိုတာ ထူးတယ်၊
ဒါပေမယ့် တစ်ခုနဲ့တစ်ခု အချိန်ချင်း မကွာခြားဘူးလို့ ဒီလို အဓိပ္ပာယ်ရတယ်။
"ရေ , မီးအစုံ တန်ခိုးပြပုံ"
ရေနဲ့ မီးဆိုတာ အင်မတန် ဆန့်ကျင်တဲ့ အရာနှစ်ခု မဟုတ်လား၊
ရေနဲ့မီးကို တန်ခိုးပြာဋိဟာ ပြတယ်ဆိုတာ အကျဉ်းချုပ် ပြောရလို့ရှိရင်တော့ လက်ယာဘက် မျက်လုံးတော်က ရေတွေ ပန်းထွက်နေတဲ့အချိန်မှာ လက်ဝဲဘက် မျက်လုံးတော်က မီးတွေ ပန်းထွက်နေတယ်၊ အံ့သြဖွယ် လုပ်ပြရတာ၊
ရေဖြစ်ဖို့ရာအတွက် အာပေါကသိုဏ်း ၀င်စားရမယ်၊ ဒါက moment တစ်ခု၊ အာပေါကသိုဏ်း ၀င်စားပြီး အဓိဋ္ဌာန်လိုက်တဲ့ အခါမှာ ရေတွေ ပန်းထွက်တယ်၊
တေဇာကသိုဏ်း ၀င်စားပြီးတော့မှ ဆင်ခြင်တဲ့ အခါကျတော့မှ မီးတွေ ပန်းထွက်တယ်၊
တပြိုင်တည်း လုပ်လို့ မရဘူး၊
သို့သော် အလွန် လျင်မြန်သည့် အတွက်ကြောင့် ကြည့်တဲ့ ပုဂ္ဂိုလ်တွေက တပြိုင်နက်လို ထင်ရတယ်ပေါ့။
ဒါက မီးစက်ဝိုင်းလေးရဲ့ ဥပမာအတိုင်းပေါ့၊
မီးစက်ဝိုင်း လှည့်ပြီးတော့ ယမ်းလိုက်တဲ့အခါ မြန်မြန်ယမ်းလို့ရှိရင် ဒါ မီးဝိုင်းကလေး ဖြစ်နေသလိုပဲ၊
သို့သော်လည်း အထက်မှာ ရောက်နေတဲ့အချိန် အောက်မှာ မရှိဘူး၊
အောက်မှာ ရောက်နေတဲ့အချိန် အထက်မှာ မရှိဘူး၊
သို့သော် လျင်မြန်လွန်း အားကြီးသည့် အတွက်ကြောင့် မီးစက်ဝိုင်းကလေးလို့ မြင်ရတယ်၊
ထို့အတူပဲ၊
မြတ်စွာဘုရားရဲ့ ဒီ စွမ်းရည်သတ္တိတွေဟာ အလွန် ထက်မြက်တယ်၊ ဝင်စားတဲ့စိတ်တွေက အလွန် လျင်မြန်တယ်၊
တကယ်တော့ လုပ်ရတာ မလွယ်ဘူး၊
အာပေါကသိုဏ်းမှာ စတုတ္ထဈာန် ၀င်စားရတယ်၊ စတုတ္ထဈာန် ၀င်စားပြီး
"ငါ့ရဲ့ လက်ယာဘက် မျက်လုံးက ရေတွေ ပန်းထွက်ပါစေ" ဆိုတာ အဓိဋ္ဌာန်ပြီးတော့ အဘိညာဉ်နဲ့ လုပ်လိုက်မှ ရေပန်းထွက်တယ်။
ပြီးတဲ့အခါကျတော့ အာပေါကသိုဏ်းမှ ထပြီးနောက် တေဇောကသိုဏ်း ၀င်စားရပြန်တယ်၊
တေဇောကသိုဏ်း ရှုပြီး စတုတ္ထဈာန်ကထပြီး
"ငါ့ရဲ့ လက်ဝဲမျက်လုံးကနေပြီး မီးတွေ ပန်းထွက်ပါစေ" လို့ အဓိဋ္ဌာန်လိုက်တဲ့ အခါကျတော့မှ မီးက ပန်းထွက်တယ်၊
moment ချင်း မတူဘူး၊
အချိန်ကာလချင်း ခြားနားတယ်၊
သို့သော် သိပ်လျင်မြန်သည့် အတွက်ကြောင့် တပြိုင်နက် လို့ ကြည့်တဲ့ပုဂ္ဂိုလ်တွေက ထင်ရတယ်တဲ့၊ အဲဒါ အလွန့် အလွန် ထူးပြီးတော့ အချိန်ကာလ မခြားနားသကဲ့သို့ တဆက်တည်း မြင်ရတာကို "ထူးမခြားနား" လို့ ဆိုတာ။
အလွန် ထူးဆန်းတယ်၊ အချိန်ကာလ အကွဲအပြားကို မမြင်ရဘူး၊ အင်မတန် ထူးဆန်းလို့ မြတ်စွာဘုရားရဲ့ လက်ယာမျက်လုံးက နေပြီးတော့ ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲမျက်လုံးက မီးတွေ ပန်းထွက်နေတယ်၊ ကြည့်တဲ့ ပုဂ္ဂိုလ်က မျက်တောင်လေး တစ်ချက်ခတ်လိုက်တာနဲ့ ရေမီးက တစ်ခါ ညာနဲ့ဘယ် ပြောင်းသွားပြန်တယ်၊
လက်ယာဘက် နှာခေါင်းတွင်းက နေပြီးတော့ ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက်က မီးတွေ ပန်းထွက်နေတယ်၊
မျက်တောင်လေး ခတ်လိုက်တာနဲ့ ရေနဲ့မီးက ဘယ် , ညာ ပြောင်းသွားပြန်ရော၊
အဲဒီလောက် ထူးဆန်းတဲ့ တန်ခိုး ပြာဋိဟာတွေကို ပြတာ၊
"ယမကပြာဋိဟာ" ဆိုတာ ရေ , မီး အစုံ တန်ခိုးပြာဋိဟာကို ဆိုလိုတယ်။
အဲဒီလို ရေ မီး အစုံ အစုံ အင်မတန် ထူးဆန်း အံ့သြဖွယ်ကောင်းတဲ့ တန်ခိုးပြာဋိဟာတွေကို ၀ါဆိုလပြည့်နေ့မှာ ပြပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာ တရားဟောဖို့ တာဝတိံသာ ကြွသွားတယ်။
"အဘိဓမ္မာတရား ဟောတော်မူပုံ"
တာဝတိံသာ ရောက်တဲ့အခါကျတော့ သိကြားမင်းကြီးထိုင်တဲ့ ပင်လယ်ကသစ်ပင်အောက်မှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ ကျောက်နေရာမှာ ထိုင်တော်မူတယ်၊ အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ကျောက်ပဲ၊ ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့ ဘယ်မှာ ရှိလဲလို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊ ဆိုဖာကြီးလိုပဲ၊ သိကြားမင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် ချက်လောက် ထိအောင် မြုပ်သွားတယ်တဲ့။
အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြာဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက်နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို ခေါင်းစီးတစ်ခုတည်းအောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊
တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
No comments:
Post a Comment