
"ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၃)
*******************************
မြတ်စွာဘုရားက မှန်ကန်တဲ့ အဆုံးအမတွေ ပေးခဲ့တယ်၊ ဘယ်လို အဆုံးအမတွေပေးလဲ၊ ဘုရား အဆုံးအမ ပေးတာလေးတွေကို နည်းနည်းပြန်ကြည့်လိုက်ပေါ့၊ မြတ်စွာဘုရား ဟောထားတာ ဒီအဆုံးအမလေးတွေဟာ
"သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ"
ဆိုတဲ့ စကားလုံး ရှိတယ်။
ကောင်းတာလုပ်လို့ရှိရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲ လို့ ဒီလို ပြောတာနော်။
ဘယ်နေ့မှ ဥပမာ ပြဿဒါးရက်၊
ဒီနေ့က ရက်ရာဇာရက်လို့ ဒီလို ရွေးစရာမလိုဘူး၊
ကောင်းတဲ့အလုပ်လုပ်တာ မှန်သမျှ ကောင်းတာ ဖြစ်စေနိုင်တယ်။
"သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ"
"သုခဏော သုမုဟုတ္တောစ၊ သုယိဋ္ဌံ ဗြာဟ္မစရိသု"
ဆိုတဲ့
မြတ်စွာဘုရားရဲ့ အဆုံးအမဟာ အင်မတန်မှ ကောင်းတယ်။
အေး နံနက်ခင်းမှာ ကောင်းသော နံနက်ခင်း ဖြစ်ဖို့အတွက်က ကောင်းတဲ့ သုစရိုက်တွေ၊ ကောင်းတာတွေ တွေးရမယ်၊ အပြစ်ကင်းတာ၊ ကောင်းတာကို တွေးရမယ်၊
ကောင်းတာကို ပြောရမယ်၊
ကောင်းတာကို လုပ်ရမယ်၊
ဒါမှ ကောင်းသောနံနက်ခင်း ဖြစ်တယ်၊
ကောင်းတဲ့ နေ့လယ်ခင်းဖြစ်ဖို့ ဘာလုပ်ရမလဲ၊
ကိုယ်တွေးတဲ့ အတွေးပေါ်မှာ၊
ကိုယ်ပြောတဲ့စကား၊
ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ မူတည်တယ်၊
ကောင်းသော ညနေခင်း ဖြစ်ဖို့ရာအတွက်
ကိုယ်တွေးတဲ့ အတွေး၊
ကိုယ်ပြောတဲ့ စကား၊
ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ မူတည်တယ်၊
အဲတော့ ဆန်းစစ်ရမှာက
ကိုယ်ပြောတာ အပြစ်ကင်းတဲ့ စကားလား၊
ကိုယ်တွေးတာ အပြစ်ကင်းတဲ့ အတွေးလား၊
ကိုယ်လုပ်တဲ့ အလုပ်ဟာ အပြစ်ကင်းတဲ့ အလုပ်လား လို့
ဒါပဲ ဆန်းစစ်စရာလိုတယ်။
ပြဿဒါး ရက်ရာဇာ ရွေးစရာ သိပ်မလိုပါဘူး၊
ဒီလိုပြောလို့ အစွန်းရောက်တယ်လို့ တချို့ ထင်ကောင်း ထင်မယ်၊
ဒါ မြတ်စွာဘုရားဟောတဲ့ အဆုံးအမပဲနော်၊
မြတ်စွာဘုရားကို ယုံကြည်တယ်၊ အားကိုးတယ်ဆိုလို့ရှိရင် ဘုရားအဆုံးအမအတိုင်း လိုက်နာရမှာပေါ့၊
လောကရေးရာဆိုတာ အများ ယုံကြည်တိုင်း မှန်တယ်လို့လည်း ပြောလို့မရဘူး၊
အကုန်လုံးလည်း အမှားချည့်လို့ ဒီလိုပြောတာ မဟုတ်ဘူး၊
မှန်တာရှိသလို မှားတာလည်း ရှိရင်လည်း ရှိနိုင်တယ်ပေါ့၊
မြတ်စွာဘုရားက
"နက္ခတ္တံ ပတိမာနေန္တံ အတ္တော ဗာလံ ဥပစ္စဂါ"
ဒီနေ့ နက္ခတ် မကောင်းသေးဘူး၊
နက်ဖြန်လည်း မကောင်းသေးဘူး၊
သန်ဘက်ခါလည်း မကောင်းသေးဘူး၊
ရွှေဝယ်တာတောင်မှ အမြိတ္တစုတ်ရက်မှ ၀ယ်တယ်၊ ရက်ရွေးနေတာနဲ့ ဈေးတက်သွားတာနဲ့ သွားကြုံတယ်၊ ဟုတ်ကဲ့လား၊
အဲဒီလို ရက်မကောင်းသေးလို့ ရွှေ့ရင်း ရွှေ့ရင်းနဲ့ နောက်ကျကျန်နေတယ်၊
အဲဒီမှာ ဂါထာလေးက
"နက္ခတ္တံ ပတိမာနေန္တံ အတ္တော ဗာလံ ဥပစ္စဂါ"တဲ့။
ကောင်းကျိုးချမ်းသာတွေဟာ နက္ခတ်ကောင်းတဲ့နေ့ကို မျှော်လင့်စောင့်စားနေတဲ့ အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကို ကောင်းတဲ့ အကျိုးတရားတွေက ကျော်ဖြတ်သွားပြီ၊
ဆုံးရှုံးသွားပြီလို့ ပြောတာပါ၊
ဒီနေ့လုပ်ရမယ့်အလုပ် ဒီနေ့လုပ်မှ၊
ပြဿဒါး ရက်ရာဇာကို စောင့်ပြီးတော့ လုပ်နေမယ်ဆိုရင် ဒီနေ့ရရမယ်ါ့အလုပ် မရတော့ဘူး၊
အဲဒါလည်း အလေးအနက်ထားဖို့ လိုအပ်တယ်ပေါ့။
ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများက ဒါကို လက်ခံယုံကြည်နေကြတုန်းပဲ၊ အားကိုးနေကြတုန်းပဲ၊
အဲတော့ မြတ်စွာဘုရားက
"နက္ခတ္တံ ပတိမာနေန္တံ"
နက္ခတ်ကို စောင့်မျှော်နေတာ နက္ခတ်ကောင်းသည်ထိ စောင့်မျှော်နေတဲ့ ဗာလကို
"အတ္တော ဥပစ္စဂါ"
ကောင်းကျိုး ချမ်းသာတွေက လွန်မြောက်သွားတယ်၊
ကောင်းကျိုးချမ်းသာတွေက အချိန်ကုန်ဆုံးသွားလို့ မရတော့ဘူး ဒီလိုပြောတာ။
အဲဒီမှာရှင်းရှင်းလေး
"အတ္ထော အတ္ထဿ နက္ခတ္တံ"
ကိုယ်လိုချင်တဲ့ အကျိုးရရင် ကောင်းသော နက္ခတ်ပဲ၊
ဒီနေ့သွားမှရမယ်ဆိုရင် ဟာ- ဒီနေ့ပြဿဒါးကြီး မသွားတော့ဘူး ရက်ရာဇာစောင့်ဦးမယ်ဆိုရင် ဒီနေ့ရမယ့်ဟာ မရတော့ဘူး၊
အဲဒီ ကောင်းသောသုခကို ရခြင်းသာလျှင် တကယ့် နက္ခတ်ကောင်းလို့ ဒီလိုပြောတာ၊
ရတာသာ လိုရင်းပဲ၊ ဒီလိုဆိုလိုတာနော်။
မြတ်စွာဘုရားက အင်မတန်မှ လက်တွေ့ကျတယ်။
ခွေးကိုက်လို့ပဲသေသေ၊
တုတ်နဲ့ရိုက်လို့ပဲသေသေ၊
ယုန်ရတာ လိုရင်းဆိုတဲ့ ဗမာစကားပုံလိုပေါ့။
ယုန်ရတာ အဓိကပဲ၊ ခွေးကိုက်တဲ့ ယုန်လား၊ တုတ်နဲ့ရိုက်လို့ရတဲ့ ယုန်လားလို့ ရွေးစရာ မလိုဘူး၊ လက်ထဲ ယုန်ရောက်ဖို့ အရေးကြီးတယ်ပေါ့။
အဲဒီလိုမျိုး ကောင်းကျိုးချမ်းသာ ရရှိဖို့အတွက် လုပ်သင့်တဲ့အချိန်မှာ မြန်မြန်လုပ်ရမယ်၊
"ကိံ ကရိဿန္တိ တာရကာ"
ကောင်းကင်ပေါ်က နက္ခတ်တွေက ဘာလုပ်မှာလဲလို့၊
သူ့ဘာသာသူပဲနော် ဒီလိုဆိုတာပေါ့။
သို့သော် ဒီကနေ့ထိ အားကိုးနေကြတုန်းပဲ ရှိသေးတာပေါ့၊
တကယ် လုပ်သင့်လုပ်ထိုက်တာနဲ့ ကြုံလာလို့ရှိရင် အဲဒါမျိုးကို အလေးအနက်ထားပြီး အားကိုးဖို့ မလိုအပ်ဘူးတဲ့၊
ကိုယ်လုပ်ရမယ့်အလုပ်
ကောင်းတာလား၊
မကောင်းတာလား၊
ကောင်းတဲ့အလုပ်လား၊
မကောင်းတဲ့အလုပ်လား၊
ဒါကို ဆင်ခြင်စဉ်းစားပြီးတော့
လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့ လိုအပ်တယ်၊
ဒါ ဗုဒ္ဓအဆုံးအမပဲ။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
No comments:
Post a Comment