ကာမဂုဏ်ကို ရွှံ့ညွန်နှင့်နှိုင်းလျှင်
ဘဝကို ကြာပန်းနှင့်နှိုင်းရမည်ဖြစ်၏။ ရွှံ့ညွန်သည် စက်ဆုပ်ဖွယ်ကောင်းကောင်းသလို ကာမဂုဏ်သည် စက်ဆုပ်ဖွယ် ကောင်းပါ၏။

ကြာပန်းသည်
မြတ်နိုးဖွယ်ကောင်းသလို ဘဝသည်လည်း မြတ်နိုးဖွယ် ကောင်းပါ၏။ အမှန်အားဖြင့်
ကြာပန်းသည် ရွှံ့ညွန်နှင့်ကင်း၍ မဖြစ်သလို ဘဝသည်လည်း ကာမဂုဏ်နှင့်ကင်း၍ မဖြစ်။
သို့ရာတွင် ကြာပန်းသည် ရွှံ့ညွန်တော၌ ပေါက်သော်လည်း ရွှံ့ညွန်အလိမ်းလိမ်း မကပ်ပါမှ ကြာပန်းသည် မွှေးလည်းမွှေး၏။ လှလည်းလှ၏။ အကယ်၍ ကြာပန်းသည် ရွှံ့ညွန်တော၌ဖြစ်ပြီး ရွှံ့ညွန်အလိမ်းလိမ်း ကပ်နေပါက မွှေးလည်းမွှေးမည်မဟုတ်။

လှလည်းလှမည်မဟုတ်။ ထိုနည်းတူ ဘဝသည် ကာမဂုဏ်တော၌ ဖြစ်ပြီး
ကာမဂုဏ်အလိမ်းလိမ်း ကပ်နေပါက ဘဝသည် မွှေးလည်းမွှေးမည်မဟုတ်။ လှလည်း
လှမည်မဟုတ်။
ထို့ကြောင့် ဘဝကို မွှေးလည်းမွှေး လှလည်းလှစေလိုပါလျှင်
ကာမဂုဏ်များ အလိမ်းလိမ်းမကပ်ရလေအောင် အားထုတ်ရမည်။ အားထုတ်ခြင်းဟူသည်မှာ
ဖြစ်ပေါ်နေသော အကျိုးတရားများ၌ မမက်မောခြင်း ဖြစ်၏။ အမှန်အားဖြင့်
ကာမဂုဏ်ကို ပစ်ပယ်၍ မရ။ ကာမဂုဏ်၌ တွယ်တာမက်မောတတ်သော တဏှာကိုသာ ပစ်ပယ်ရ၏။
ရွှံ့ညွန်ကောင်းလေ ကြာပန်းသည် လှလေဖြစ်သကဲ့သို့ ကာမဂုဏ်အားကောင်းလေ ဘဝသည် လှလေဖြစ်ပါ၏။ ထို့ကြောင့် ဆင်းရဲသောဘဝထက် သူဋ္ဌေးဘဝက ပို၍လှ၏။ သူဋ္ဌေးဘဝထက် ပြည့်ရှင်ဘဝက ပို၍လှ၏။ ထို့ကြောင့် ဘဝကို လှသည်ထက်လှအောင် ကြိုးပမ်းရ၏။ သို့ရာတွင် ကြာပန်းအလှသည် ရေကန်ကို တန်ဆာဆင်ရန် ဖြစ်သကဲ့သို့ ဘဝ အလှသည်လည်း လောကကို တန်ဆာဆင်ရန် ဖြစ်၏။
မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့်တော်မူသည်မှာ မိမိ၏ဘဝကို လှသည်ထက် လှအောင် အားထုတ်ခြင်း ဖြစ်၏။ မိမိ၏ ဘဝသည် ပို၍ပို၍ လှလေ လောကကိုလည်း ပို၍ပို၍ လှအောင် တန်ဆာဆင်နိုင်လေ ဖြစ်၏။

ဘဝကို လှသည်ထက်
လှအောင် အားထုတ်ခြင်းသည် မိမိအတွက် မဟုတ်။ လောကအတွက် ဖြစ်၏။
မြတ်စွာဘုရားသည်ပင် မိမိအတွက် ဘုရားဖြစ်လို၍ ဘုရားဖြစ်လာခြင်းမဟုတ်။
လောကအတွက် ဝေနေယျ သတ္တဝါများကို ကယ်တင်ရန်အလို့ငှာ ဘုရားဖြစ်လို၍
ဘုရားဖြစ်လာခြင်း ဖြစ်၏။
ထို့ကြောင့် မြတ်စွာဘုရားအတွက် သဗ္ဗညုတဥာဏ်တော်သည် ပန်းတိုင်မဟုတ်။ ဖောင်သာဖြစ်၏။ ဝေနေယျသတ္တဝါများကို သံသရာ တစ်ဖက်ကမ်းသို့ ပို့ပေးနိုင်ရေးသည်သာ ပန်းတိုင်ဖြစ်၏။

တစ်နည်းအားဖြင့်
ဆိုရလျှင် ငြမ်းခိုင်မှ ထီးတော်ကြီးကို တင်နိုင်သလို သဗ္ဗညုတဥာဏ်တော်ကို
ရပါမှ ဝေနေယျသတ္တဝါများကို ကယ်နိုင်မည်။
ထို့ကြောင့် မိမိ၏ဘဝဖြင့် လောကကို စစ်မှန်သော စေတနာ စစ်မှန်သောအလှ ဆင်မြန်းနိုင်ကြပါစေ။
မေတ္တာရှင်-ရွှေပြည်သာ

No comments:
Post a Comment