
“အဒိန္နာဒါန အကုသိုလ်ကံ၏ ၀ဋ်ကြွေး”
“စလင်းမြို့က တာဇံ”
••••••••••••••••••
ဘာသာရေးမဂ္ဂဇင်းတစ်အုပ်တွင် အထက်ပါခေါင်းစဉ်ဖြင့်
ရေးသားဖော်ပြထားသော ဖြစ်ရပ်လေးမှာ
“အဒိန္နာဒါန” သိက္ခာပုဒ်ဖြင့် တိုက်ရိုက်ဆက်စပ်နေသည်။
ထို့ကြောင့် မှတ်မိသမျှ ပြန်လည်ဖော်ပြလိုက်ပါသည်။
“စလင်းမြို့သားလေး မောင်လူလှ”သည် နာမည်နှင့်လိုက်အောင်
မွေးကတည်းက ချောမောလှပသူဖြစ်၏။
ထူးခြားသည်ကား ကလေးအရွယ်ကတည်းက
အင်္ကျီ၊ ဘောင်းဘီ အဝတ်မခံခြင်းပင်ဖြစ်၏။
ဇွတ်ဝတ်ပေးလျှင် ဓားနှင့်အထိုးခံရသည့်အတိုင်း
တက်မတတ်၊ ချက်မတတ်ငိုသည်။
ထို့ကြောင့် လက်လျှော့ထားကြရသည်။
ကြီးလာလျှင် ဝတ်လိမ့်မည်ဟုသာ ထင်ထားကြသည်။
သို့သော် မောင်လူလှ ဆယ်နှစ်သားကျော်အထိပင်ရှိလာပြီ
အဝတ်အစားဝတ်ပေးလို့ မရသေး။
အဝတ်မဝတ်သဖြင့် ကျောင်းလည်းမနေရ။
မိဘတို့မှာလည်း တွေးမရအောင်ဖြစ်ကာ စိတ်ဆင်းရဲနေကြရ၏။
ဆယ့်ငါးနှစ်ကျော်၍ လူပျိုပေါက်အရွယ် ရောက်သောအခါတွင်ကား
မောင်လူလှတစ်ယောက် လူသူမရှိသော တောထဲသို့
ထွက်ပြေးသွားတော့သည်။
တောထဲတွင် ကိုယ်လုံးတီးကြီးဖြင့် ဖြစ်သလိုနေ၊
ဖြစ်သလိုစား၏။ စားစရာလုံးဝမရသောအခါတွင် သူ့အိမ်သို့
ညအခါပြန်လာပြီး ထမင်ဟင်းများကို လူများအလစ်တွင်
ယူစားပြီး တောထဲသို့ ပြန်ပြေးလေသည်။
သူ့သတင်းမှာလည်း စလင်းမြို့နယ်တစ်ခုလုံးပျံ့နှံ့နေသဖြင့်
မိဘများမှာ မျက်ရည်နှင့်မျက်ခွက်သာ ဖြစ်နေကြသည်။
ကလေးဘဝမှစ၍ အသက်နှစ်ဆယ်ကျော်သည့်တိုင်အောင်
အဝတ်အစား တစ်ခါမှ မဝတ်သဖြင့် “တာဇံ - တာဇံ” ဟု
ခေါ်ရင်းက စလင်းမြို့ဖြစ်၍ “စလင်းမြို့ကတာဇံ”
ဟု ဖြစ်သွားရသည်။ သားအတွက် ရင်ထုမနာဖြစ်နေရသော
သူ့ဖခင်သည် အကြောင်းစုံကို သေချာသိချင်သဖြင့်
တာဇံအလာကို ညစဉ် စိတ်ရှည်ရှည်စောင့်၏။
တစ်ညတွင်ကား တောထဲတွင် စားစရာမရသဖြင့်
တာဇံတစ်ယောက် ညသန်းခေါင်အချိန်တွင်
သူ့အိမ်သို့ဝင်လာသည်။ သူ့အဖေကား အိပ်ရာထဲတွင်
အိပ်ချင်ယောင်ဆောင်နေ၏။ လူတွေ့မခံရဲသဖြင့်
တောထဲမှာနေရသော တာဇံမှာ ဆံပင်ညှပ်ချိန်၊ ဖြစ်ချိန်မရ။
ထို့ကြောင့် ဆံပင်များမှာ ကျောနှင့်ကုပ်ပေါ်တွင်
ဖားလျားကျလျက်ရှိ၏။
နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများမှာလည်း
အဆီးအတားမရှိ၊ ရှည်ချင်တိုင်းရှည်နေရာ တာဇံကို
ရုတ်တရက်တွေ့ရသူ အဖို့ ဘီလူး သို့မဟုတ် သူရဲတစ်ကောင်
ဟုပင် ထင်သွားနိုင်ပေသည်။ ဖခင်သည် ခြေသံမကြားအောင်
ထလိုက်သွားပြီး မီးဖိုတံခါးဘေးနားတွင် ကပ်ရပ်လိုက်၏။
တာဇံမှာ ဆာရှာလွန်းသဖြင့် ထမင်းကို ပန်းကန်ထဲသို့ပင်
ခူးမထည့်နိုင်ဘဲ အိုးလိုက်အောက်ချပြီး ပလုပ်ပလောင်း
စားနေ၏။ ထမင်းနှင့်မတွေ့ရတာ ကြာပြီဖြစ်သော
အကျင့်ပျက်နေသည့်လည်ချောင်းက သေချာမဝါးနိုင်ဘဲ
မျိုချလိုက်သဖြင့် ကျလာသော ထမင်းစေ့များကို
အလျင်မီအောင် မျိုမချနိုင်ဘဲ နင်နေပြန်သည်။
“ငတ်မရှက်”ဟူသော စကားအတိုင်း
ဆာလွန်းအားကြီးနေသောအခါ မရှက်နိုင်တော့ဘဲ
လက်တစ်ဘက်က လည်ပင်းကိုသပ်ချလျက်၊
ကျန်လက်တစ်ဘက်က ထမင်းလုတ်ကို အဆက်မပြတ်အောင်
ပါးစပ်ထဲ ထည့်ပေးနေသည်။
သားအဖြစ်ကိုကြည့်ရင်း ဦးမြင့်သူတစ်ယောက်
ရင်ထဲတွင်နင့်သွား၏။ “ဖြစ်ရလေသားရယ်”ဟု
စိတ်ထဲကရေရွတ်ရင်း မျက်ရည်များ တွေတွေကျရှာ၏။
သားဖြစ်သူ ထမင်းဝလောက်ပြီ ဟုယူဆရသော အခါတွင်မှ
ဦးမြင့်သူမှ အသံပေးလိုက်၏။
“သား - လူကလေး၊ မောင်လူလှ”
ဖအေအသံကို ကြားလိုက်ရသည်နှင့် မောင်လူလှတစ်ယောက်
လန့်ပြီး ထခုန်၏။ တောထဲနေပြီး လူသားများနှင့်အတွေ့
မခံတာ ကြာပြီဖြစ်သောကြောင့် လူဆိုလျှင်
အလိုလိုလန့်နေသည် မဟုတ်ပါလား။
ပြီးလျှင် ဒရောသောပါး ဦးမြင့်သူဘေးမှ အတင်းတိုးပြီး ထွက်ပြေး၏။
ဦးမြင့်သူကလည်း အလွတ်မခံ။
သားဖြစ်သူ၏ကိုယ်လုံးကို အတင်းဖက်ထား၏။
သားကရုန်း အဖေကဖက်ထားနှင့် ကြမ်းပြင်တွင်
တဝုန်းဝုန်း ဖြစ်နေကြသည်။
ကြောက်လန့်တကြားရုန်းကန်နေသည့်
သားလူရိုင်းကြီးကို ဦးမြင့်သူက မိဘမေတ္တာဖြင့်
ချော့မော့ပြောရှာ၏။
“သားရယ်၊ တအားမရုန်းပါနဲ့၊ အဖေ ဘာမှမလုပ်ပါဘူး။
သားနဲ့စကားလေး ခဏပြောချင်လို့ လနဲ့ချီပြီးစောင့်နေတာ
ကြာပါပြီကွယ်”
ထိုအခါကျမှ တာဇံ ရုန်းကန်မှုရပ်သွားသည်။
ငိုရှိုက်သံများလည်း ပေါ်လာသည်။
သူ့အဖေရင်ခွင်မှာ မျက်နှာအပ်ပြီး ချုံးပွဲချငိုရှာ၏။
ထိုအချိန်မှာပင် တစ်ဝုန်းဝုန်းအသံကြောင့် တာဇံ၏
အမေနှင့် နှမများပါ နိုးလာကြပြီး “ကိုမြင့်သူ ဘာဖြစ်တာလဲ”
ဟူသော အသံနှင့်အတူ ဖယောင်းတိုင်ထွန်းကာ မီးဖိုနားလာကြ၏။
ထိုအခါ တာဇံက ငိုသံပါကြီးနှင့်
“အမေတို့ မီးဖိုထဲမဝင်လာကြပါနဲ့ဗျာ။
မြင်လို့ မသင့်တော်ပါဘူး”ဟု အော်ပြော၏။
လူ့ဘဝချင်း တူကြပါလျက် အကြောင်းအမျိုးမျိုးကြောင့်
ခြားနားနေကြရသော သူတို့မိသားစုဘဝပါတကား။
ဦးမြင့်သူက “မစိန်မေရော၊ သမီးတို့ပါ အပြင်ကပဲ နေကြပါ။
ငါတစ်ယောက်တည်းပဲ သားကို သိချင်တာမေးပါ့မယ်”
ဟု ပြောလိုက်၏။ ထို့နောက် စိတ်ကိုငြိမ်သက်အောင်ထားကာ
သားအား မေး၏။
“သား... ဘာကြောင့် အဝတ်အစားမဝတ်ချင်ဖြစ်နေရတာလဲ။
အဖေ့ကို ပြောနိုင်ရင် ပြောပြပါလားကွယ်”
“ဝတ်လို့မရဘူးအဖေ၊ အဝတ်အစားဝတ်လိုက်ရင်
ကျွန်တော့် တစ်ကိုယ်လုံး ပူလောင်လာတယ်”
“အဲဒါ ငါ့သားအတိတ်ဘဝက မကောင်းတဲ့
ဝဋ်ကြွေးကြောင့် ဖြစ်ရမယ်။ ဘာ့ကြောင့်လဲဆိုတော့
ငါ့သား မမှတ်မိဘူးလား”
“မှတ်မိပါတယ် အဖေ၊ အရင်ဘဝက တရားအားထုတ်နေတဲ့
တောရ ရဟန်းတစ်ပါးရဲ့ သင်္ကန်းကို ကျွန်တော် ခိုးယူခဲ့ဖူးတယ်။
ဒီဝဋ်ကြွေးကြောင့် ကျွန်တော့်ပေါ် အဝတ်တင်လို့
မရလောက်အောင် ဖြစ်နေရတာပါ”
“သားရယ်၊ ဝဋ်ကြွေးကုန်တဲ့အခါ ကျရင်တော့
ဝတ်လို့ရလာမှာပေါ့။ အခုလို တောထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့
သွားမနေပါနဲ့၊ အိမ်မှာပဲ အခန်းတစ်ခန်းနဲ့ သီးသန့်နေပါ”
“ကျတော်ပြုခဲ့တဲ့ အကုသိုလ်ကံက ဒီတစ်ဘဝလုံး
ပေးဆပ်တောင် ကျေချင်မှကျေမှာအဖေ။
ဒါကြောင့် ကျွန်တော်မြန်မြန်သေချင်တယ်။
တကယ်သတ်သေဖို့ကျတော့လည်း ဒီလောက်ဆိုးဝါးတဲ့
ဘဝကြီးကို တပ်မက်တဲ့ တဏှာက ရှုပ်နေတယ်အဖေ။
ဒါ့ကြောင့်လည်း ငတ်သေခါနီးရင် ကျွန်တော်အိမ်မှာ
လာလာခိုးစားနေတာပါ”
“ကျွန်တော့်ကို အိမ်မှာထားဖို့တော့ စိတ်မကူးပါနဲ့အဖေ။
ကျွန်တော် တောထဲမှာနေတာတောင် အဖေတို့
သိက္ခာကျလှပါပြီ။ အဖေတို့မိသားစုရော၊
ကျွန်တော်ပါ ဒီစိတ်ဆင်းရဲမှုမျိုးကြီးက လွတ်မြောက်ဖို့
နည်းတစ်ခုတော့ ရှိတယ်အဖေ”
ဦးမြင့်သူက ဝမ်းသာအားတက်သောအမူအရာဖြင့်
“ဘယ်နည်းလဲသား၊ ဘယ်လိုနည်းများလဲ၊
အဖေ့ကို မြန်မြန်ပြောစမ်းပါကွယ်” ဟု မေးလိုက်သည်။
အကွယ်က နားထောင်နေကြသော မိခင်နှင့်နှမများကလည်း
တာဇံစကားကို မျှော်လင့်ချက်ကြီးစွာနှင့် နားစွင့်လိုက်ကြသည်။
“အဲဒါကတော့ တောထဲမှာ လူမသိ၊ သူမသိ
ကျွန်တော် မြန်မြန်သေသွားတာပဲ အဖေ” ဟု
ပြောပြီး မောင်လူလှသည် သူ့အဖေဆီက အတင်းရုန်းထွက်ကာ
အမှောင်ထဲသို့ တိုးဝင်သဖြင့် ချက်ချင်းပျောက်ကွယ်သွားလေသည်။
မိဘများမှာ “ဖြစ်ရလေသားရယ်” ဟုသာပြောနိုင်ပြီး
မျက်ရည်တွေတွေကျ၍ ကျန်ခဲ့ကြ၏။ ငယ်ရွယ်သော
နှမများမှာကား အကိုဖြစ်သူအတွက် ဝမ်းနည်းပက်လက်ဖြစ်ကာ
ငိုရှိုက်ကြလေသည်။
ထိုနေ့မှစ၍ တာဇံသည်လည်း အိမ်သို့ မည်သည့်အခါမျှ
ပြန်မလာတော့ပေ။ တာဇံခေါ် မောင်လူလှ၏
“အဒိန္နာဒါန အကုသိုလ်ကံ”များ အမြန်ကုန်ပါစေသော်...
မှတ်ချက် - မောင်လူလှသည် သီလ၊ သမာဓိ၊
ပညာကြီးမားသော ရဟန်းသူတော်ကောင်း၏ပစ္စည်းကို
ခိုးမိသောကြောင့် လူစစ်စစ်ဖြစ်ပါလျက် ပြိတ္တာဒုက္ခမျိုးကို
ခံစားနေရခြင်းဖြစ်သည်။ မောင်လူလှသည် “ဇာတိဿရဉာဏ်”
ရှိသောကြောင့် သူ၏အတိတ်ဘဝက အကုသိုလ်ကံကို
ပြန်ပြောနိုင်ခြင်းဖြစ်သည်။
ထိုဇာတိဿရဉာဏ်သည် ကျင့်ယူရသည်မဟုတ်ဘဲ
လူတစ်ထောင်လျှင် သူ့ကုသိုလ်ကံအလျောက်
တစ်ယောက်ခန့် အလိုလိုပင် ရနေ၊
သိနေတတ်ခြင်းဖြစ်သည်။
【မေတ္တာရှင်(ရွှေပြည်သာ)၏
“သီလအစွမ်း အံ့မခန်း”နှာ 142 – 146 မှမျှဝေပါတယ်။】
Dhamma Dãna Source ►
မူရင်းဓမ္မဒါန - zahan mon &
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment