ငယ်စဉ်ကလေးဘ၀အရွယ်..
ဘာမှမသိနားမလည်သေးတဲ့အရွယ်တုန်းက အမေ အမြဲမှာတဲ့ စကားလေးတစ်ခွန်း
သတိရမိပါတယ်။ ဘုရားစင်(ဘုရားကျောင်းဆောင်)ရှေ့ရောက်ရင် သားရေ..
လက်လေးနှစ်ဖက်ကိုပူးပြီး ဦးတော်လုပ်ရတယ်ဆိုပြီး နှဖူးနဲ့ကြမ်းပြင်ကို
ထိပြီး ရှိခိုးဖို့ အမြဲမှာတယ်။
လမ်းမှာ ရဟန်းသံဃာတွေ တွေ့ရင်လည်း လက်အုပ်လေးချီပြီး သားရေ.. ဦးတော်လုပ်
ဦးတော်လုပ်။
ညအိပ်ရာဝင်ရင်လည်း ဖေဖေနဲ့မေမေကို ဦးတော်လုပ်အိပ်ရတယ်ဆိုပြီး
အမြဲမှာခဲ့တယ်။ .အသက်အရွယ်အနည်းငယ်ရောက်လာပြီး
ကျောင်းစနေတဲ့အချိန်တုန်း
ကလည်း ဆရာဆရာမတွေ အခန်းထဲဝင်လာရင်
လက်အုပ်လေးချီပြီး မင်္ဂလာပါဆရာမ ဆိုပြီး နှုတ်ဆက်ရပြန်ပါတယ်။
အမေမှာကြားတဲ့
ဦးတော်လုပ်ရတယ်ဆိုတဲ့ စကားလုံးနဲ့တော့ ရင်းနှီးခဲ့တာ ကြာခဲ့ပါပြီ။
ဦးတော်လုပ်ရတဲ့အကြောင်းကိုတော့ သေချာနားမလည်ခဲ့မိပါဘူး။
ဘာလို့လုပ်ခိုင်းရတာလဲပေါ့။ အသက်အရွယ်လေး နည်းနည်းကြီးလာပြီး
သိတတ်နားလည်တတ်တဲ့အချိန်ကျမှ အမေဦးတော်လုပ်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေဟာ
အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွေ ဆိုတာ သိလာရပါတယ်။
ဘာလို့ကျေးဇူးရှိရတာလဲဆိုတာတော့ သေချာမသိခဲ့ရပြန်ပါဘူး။ ဒီလိုနဲ့
ဘာမှန်းမသိဘဲ ဦးတော်လုပ်ခဲ့တာ ကြာခဲ့ပြီပေါ့။
ဦးတော်အကြောင်းစဉ်းစားရင်း
ဆရာတော်တစ်ပါး မေးလိုက်တဲ့ မေးခွန်းနဲ့မှ ကိုယ်စဉ်းစားတာ သွားတိုက်ဆိုင်
နေပါတယ်။ ဆရာတော်ဘုရားကမေးပါတယ်.. ဘာလို့ ဘုရားကို ရှိခိုးတာလဲတဲ့။
တန်ခိုးကြီးလို့လား၊ ကိုယ်က အကုသိုလ်တွေ ဘယ်လောက်လုပ်လုပ်..
ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ကျေအေးပေးစေနိုင်တဲ့ပုဂ္ဂိုလ် မို့လို့လား၊
ဒါမှမဟုတ်.. အရာရာကို ဖန်းဆင်းပေးနိုင်တဲ့ တန်ခိုးရှင်မို့လို့
အားကိုးရှာတာလား၊ လူကြီးမိဘတွေက ဘုရားဆိုရှိခိုးလိုက် ဆိုလို့သာ
ရှိခိုးနေရတာလား ဆိုပြီး လားပေါင်းများစွာနဲ့ ဆရာတော်က မေးခွန်းတွေ
ထုတ်လိုက်ပါတယ်။
ဒီတော့မှာ့
ကိုယ့်ကိုယ်ကိုလည်း ဘုရားကိုရှိခိုးနေတာ ဘာအတွက်လဲဆိုပြီး စဉ်းစားမိတယ်။
ဦးငါးကြိမ်သာ ချလိုက်တယ် ဘာကိုရည်ညွှန်းပြီး ဘာအတွက် ချတာလဲ။
ဘုရားရှိခိုးဆိုရင် ဘုရားရှင်ရဲ့ပုံတော်ကြီးမျက်စိထဲမြင်ပြီး
ရှိခိုးနေတာလား..။ ဒီလိုဆို စေတီတော်တွေသွားပြီး ဘုရားဖူးရင် ဘယ်ဟာကို
မျက်စိထဲမြင်ပြီး ရှိခိုးရမှာလဲ..။ ဘုရားပုံတော်လား၊ စေတီတော်ပုံလား။
အဲ့လိုမေးလိုက်တော့ ကိုယ့်မှာ စဉ်းစားစရာတွေက အများကြီး ထွက်လာပါတယ်။
ကိုယ်ကသာအများကြီး
စဉ်းစားနေတာ ဆရာတော်ပြောတော့လည်း ရှင်းလင်းလိုက်ပါဘိ။ ဘုရားကိုရှိခိုးတာဟာ
ကျေးဇူးရှိလို့ ရှိခိုးတာ။ ဘယ်လိုရှိခိုးကန်တော့ရလဲဆိုတော့ ကျေးဇူးသိပြီး
ကျေးဇူးတရားကို တန်ဖိုးထားတဲ့စိတ်ကို နှလုံးသွင်းပြီး ကန်တော့ရတယ်တဲ့။
မှန်လိုက်ပါဘိ။ အင်မတန် မှတ်သားသင့်တဲ့ စကားပါပဲ။ ဒီတော့ ကျေးဇူးတရားကို
ဘယ်လိုတန်ဖိုးထားရမလဲ။
ဘယ်လိုတွေ ကျေးဇူးရှိတာလဲဆိုတာသိဖို့အတွက်
အရေးကြီးပြီပေါ့။
ဘုရားရှင်ရဲ့ကျေးဇူးတွေကို
နားမလည်ရင် ဘုရားကိုတန်ဖိုးထားရမှန်းလည်း မသိသလို..
ဦးတော်လုပ်နေတာတွေဟာလည်း ပုဆိန်ပေါက်သလိုပဲ ဖြစ်နေအုံးမှာပါ။
ဦးငါးကြိမ်သာပြီးသွားတယ် ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို
ရည်ညွှတ်တဲ့စိတ်တွေက ပျောက်နေမှာပါပဲ။
ဘုရားကိုရည်ညွှတ်တဲ့
စိတ်တွေပျောက်နေရင်လည်း ဦးတော်လုပ်နေတာဟာ ဘုရားကိုကန်တော့တာ
မဟုတ်တော့ပြန်ပါဘူး။ ဒီတော့ ဘုရားကန်တော့တတ်ဖို့ဆိုရင်..
ကျေးဇူးတရားကိုသိအောင် အရင်ဆုံး နှလုံးသွင်းတတ်ဖို့ အရေးကြီးပြီပေါ့။
ကျေးဇူးတရားကို
သိဖို့ပြောမိတော့.. မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့
ဆုံးမစကားလေးကို သတိရမိပါတယ်။ “အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား၊
မပွင့်ငြားက၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊ မသိရ၊
များလှအပြစ်တွေ” တဲ့။
ဒါဟာ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကို မြင်သာအောင်
မီးမောင်းထိုးပြပေးလိုက်တဲ့ အဆုံးမစာသားပါပဲ။ မြတ်ဗုဒ္ဓသာ
ကုသိုလ်အကုသိုလ်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို
အကြောင်းအကျိုးဆက်စပ်ပြီး ဝေဖန်ပိုင်းခြား ဆုံးမမပေးခဲ့လျှင် သတ္တလောကကြီးဟာ
လူ့တိရိစ္ဆာန်ဘ၀တွေနဲ့ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။
မိဘဆိုတာနားမလည်၊
ဆရာဆိုတာ တန်ဖိုးထားရမှန်းမသိနဲ့ ကျေးဇူးရှင်ဆိုတာလည်း
အလကားထင်သွားမှာပါပဲ။ ဒီ့အပြင် လူ့ဘ၀ကို ရရှိလာတာဟာ ပျော်ပျော်နေပြီး
ကာမဂုဏ်အာရုံတွေခံစားဖို့လို့ ထင်သွားမှာပါ။
မွေး၊ အို၊ နာ၊ သေဆိုတဲ့
ဒုက္ခတွေနဲ့ မပြတ်နှိတ်စက်နေတဲ့ကြားထဲက လောဘ၊ ဒေါသ၊ မောဟမီးတွေ တဟုန်းဟုန်း
တောက်လောက်နေကြမယ်ဆိုရင်ဖြင့် အပူပေါ်အပူဆင့်ကြရအုံးမှာပါ။ မိုက်ပြီးရင်း
မိုက်ရင်း အမှောင်သံသရာထဲမှာ ကျင်လည်ကြရအုံးမှာပါ။ အိပ် စား
ကာမဆိုတဲ့သုံးခုနဲ့တင် လူ့ဘ၀ကြီးကို အသုံးချသွားကြရတော့မှာပါ။
ယခုအချိန်ခါမှာလည်း
ဘုရားရှင်ရဲ့ တရားနဲ့ ဝေးကွာနေတဲ့သူတွေဟာ ဒီလိုတွေပဲဖြစ်နေတာကို
မျက်မြင်တွေ့နေရတာပါ။
ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာဝင်တွေမှ
မဟုတ်ပါဘူးနော်.. ဘယ်ဘာသာဝင်ပဲ ဖြစ်နေပါစေ.. အရှက်တရား အကြောက်တရားဆိုတာ
ကင်းမဲ့ပြီးတော့ ပျော်လိုက်ပါးလိုက် မူးလိုက်ရူးလိုက်နဲ့ ဘ၀ကိုအကျိုးမဲ့
အသုံးချသွားမယ်ဆိုရင် တိရိစ္ဆာန်တစ်ကောင်နဲ့ ဘာမှမထူးပါဘူး။
မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာဆိုတဲ့ လူသားချင်းစာနာထောက်ထားတတ်တဲ့ ကိုယ်ချင်းစာတရားတွေမှ
မရှိရင်ဘယ်လောက်ကြီးပဲ တိုးတက်ပါတယ်ပြောပြော.. ဘယ်လောက်ကြီးပဲ
ကြွယ်ဝချမ်းသာပါတယ်ပြောပြော လူ့အဆင့်တန်း တိုးတက်တယ်လို့ကို
မဆိုနိုင်ပါဘူး။ အမြဲနိမ့်ကျနေတယ်လို့ ဆိုရမှာပါပဲ။ လူ့ဘ၀ရဲ့အနှစ်သာရ
လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်တွေ နားမလည်ရင် လူ့ဘ၀ရဲ့အဓိပ္ပါယ်ကို
သဘောမပေါက်ရင်တော့ အဲ့ဒီ့ပုဂ္ဂိုလ်ဟာ လူဖြစ်ရက်နဲ့ တိရိစ္ဆာန်တစ်ကောင်ဘ၀ကို
ရောက်နေရတာပါပဲ။
သီတဂူဆရာတော်ဘုရားကြီး
ဆုံးမစကားနဲ့ ပြောရရင်တော့ “နွားတွေဟာ တနေ့တခြား အသားတွေသာတိုးပြီး
အသိဥာဏ်တိုးမလာကြဘူး.. နွားလိုမဖြစ်ချင်ရင်တော့ အသားတိုးသလို အသိဥာဏ်ပညာတွေ
တိုးအောင်လုပ်ကြ” ဆိုတာပါပဲ။ “အသိဥာဏ်ပညာဆိုတာ အမှားအမှန် အကြောင်းအကျိုး
အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်တာကို ဆိုလိုတာပါ”။ မှား၏ မှန်၏ တော်၏
မတော်၏ကို ဝေဖန်ပိုင်းခြားပြီး လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိ
နေထိုင်ကျင့်ကြံနေတာဟာ အသိဥာဏ်နဲ့ နေထိုင်နေတာပါပဲ။
ဒီလိုအသိဥာဏ်နဲ့
နေထိုင်တတ်လာအောင် လူ့ဘ၀ကို တန်ဖိုးထားတတ်လာအောင် ဆုံးမပြုပြင်ပေးခဲ့တဲ့
ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကတော့ အနန္တပါပဲ။ ဒီလိုကျေးဇူးတရားတွေမြင်ပြီး
ဘုရားရှင်ကို ကန်တော့မှသာ ကျေးဇူးသိပြီး ကန်တော့တဲ့အတွက်
တကယ်ကန်တော့တတ်လာမှာပါ။
ကျွန်တော့်အနေနဲ့
ဘုရားရင်ရဲ့ ကျေးဇူးတရားတွေကို အနည်းငယ်မြင်သာအောင်သာ ပြောပြလိုက်တာပါ။
ဖြန့်တွေးနိုင်ရင်
တွေးနိုင်သလောက် ဘုရားရှင်ရဲ့ ကျေးဇူးတော်တွေက အနန္တပါပဲ။
အဓိကပြောလိုတာကတော့ ဘုရားရှင်ကိုကန်တော့တဲ့အခါမှ ကျေးဇူးသိပြီး
ကျေးဇူးတရားကို တန်ဖိုးထားတတ်တဲ့ စိတ်ထားတွေနဲ့ ကန်တော့တတ်ဖို့ပါ။
လက်အုပ်လေးချီပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီးတော့.
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့လိုသာ တိရိစ္ဆန်တစ်ကောင်ရဲ့ဘ၀နဲ့
ဘာမှမထူးတဲ့ ငါ့ဘ၀လေး လူ့ဘ၀မှာ နေရတာ ပိုပြီး အဓိပ္ပါယ်ရှိလာပါလား.. လောဘ၊
ဒေါသ၊ မောဟဆိုတဲ့ အပူမီးတွေကနေ ကင်းဝေးစေရန် ဟောပြဆုံးမပေးခဲ့တာဟာ
အင်မတန်မှပဲ စိတ်ကိုနူးညံ့အေးချမ်းစေပါလားဆိုပြီး ကျေးဇူးတရားတွေကို
စိတ်ထဲမှာ ရည်ညွှတ်ပြီး ဘုရားရှင်ရဲ့ကျေးဇူးတွေ မြင်အောင်
ကန်တော့ပေးနိုင်ကြပါစေ။
မိမိကိုယ်တိုင်လည်း
ကိလေသာ အပူမီးတွေ ငြိမ်းအေးသလို.. သတ္တ၀ါအားလုံးကိုလည်း ကိလေသာအပူမီးတွေ
ငြိမ်းအေးပေးစေတဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို မြင်သိနိုင်အောင်
နှလုံးသွင်းပြီး ရှိခိုးနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ အမေပြောခဲ့တဲ့
ဦးတော်တွေ ပိုပြီး အသက်ဝင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။
စာရေးသူ။ မောင်ကောင်း အချိန်
http://yatanavasatemple.ning.com/မှတင်ပြသည်။
No comments:
Post a Comment