
“ရောင့်ရဲမှု”
••••••••••••••
“သန္တုဋ္ဌိ”ဆိုတာ လူ့လောကမှာလူတွေဟာ
“ ရောင့်ရဲ တင်းတိမ်မှု”အားနည်းကြတယ်။
ရောင့်ရဲမှုဆိုတာ အဓိပ္ပါယ်ကောက်ယူမှုမမှားစေနဲ့။
ရောင့်ရဲမှုဆိုတာ စီးပွားရေးမတိုးချဲ့ရဘူး။
ပညာရေးမတိုးချဲ့ရဘူး။
ကိုယ်ရတာလေးနဲ့ ကျေနပ်ရမယ် ဒီလိုဆိုလိုတာမဟုတ်ဘူး။
မရောင့်ရဲဘူးဆိုတာ အိမ်မှာဆိုပါစို့။
အချဉ်ချက်ထားလို့ဆိုရင် အဲဒီနေ့ အချိုစားချင်တယ်။
အချိုချက်ထားလို့ရှိရင် အဲဒီနေ့ အချဉ်စားချင်တယ်။
မရောင့်ရဲတဲ့ပုဂ္ဂိုလ်ဟာ မီးဖိုချောင်ထဲမှာတင် ဒုက္ခရောက်တယ်။
တစ်ခါကအညာမှာ ထမင်းပွဲထိုင်ရင်းက “ငရုတ်သီး”
မပါလို့ ငရုတ်သီးသွားရှာမယ်ဆိုပြီး ထွက်သွားတာ
အောက်ပြည်အောက်ရွာရောက်ပြီးအိမ်ထောင်ကျ
သွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရှိတယ်။
အဲဒါ “မရောင့်ရဲနိုင်တဲ့ ပုဂ္ဂိုလ်”ပဲ။
မရောင့်ရဲရင်ဒုက္ခရောက်တယ်။
ကိုယ်ရောက်တဲ့ပတ်ဝန်းကျင်ကော ဒုက္ခရောက်တယ်။
မြတ်စွာဘုရားက ဘာနဲ့ဖြစ်ဖြစ် ရောင့်ရဲရမယ်။
“မတ္တရာဆရာတော်” ရောင့်ရဲတယ်ဆိုတာ
ကြားဖူးကြ လိမ့်မယ်။
မတ္တရာဆရာတော်က ခပ်ငံငံလေး ကပ်လိုက်တော့လည်း
အစာကျေတာပေါ့ကွာ။
ခပ်ပေါ့ပေါ့လေးကပ်လိုက်တော့လဲ ရေငတ်ပြေတာပေါ့ကွာ။
ဆွမ်းပျော့ပျော့လေး ချက်ပေးရင်လဲ ဒီနေ့အစာကျေတာပေါ့။
မာမာလေး ချက်ပေးလိုက်ရင်လဲ တောင့်တောင့်လေး
စားရတာပေါ့လို့ ကောင်းတဲ့ ဘက်ကချည်း တွေးတယ်။
အဲဒီ ကောင်းတဲ့ဘက်က တွေးတာက ရှိတာနဲ့ ကျေနပ်တဲ့သဘောပဲ။
အင်္ဂလိပ်ဖတ်စာပုံပြင်လေးထဲမှာပါတဲ့ မီးရထားမောင်း
သမားတစ်ယောက်ရဲ့ ရောင့်ရဲတင်းတိမ်မှု၊
အကောင်းမြင်တ်မှုဟာ အတော်အတုခိုးစရာကောင်းတယ်။
ရထားမှာ accident ဖြစ်လို့ခြေထောက်တစ်ဘက်
ဆေးရုံတက်ပြီး ဖြတ်လိုက်ရတယ်။
ဘယ်ကိစ္စဖြစ်ဖြစ် သူက အဆိုးဘယ်တော့မှ မပြောဘူးတဲ့။
အကောင်းချည်းပဲပြောလေ့ရှိတယ်။
သူငယ်ချင်းတွေက သူဒီတစ်ခါ ခြေထောက်ဖြတ်လိုက်ရပြီ။
မင်းဒုက္ခရောက်နေပြီ၊ ဘယ်လိုများ အကောင်းပြောဦးမလဲဆိုတော့
ဟိုလူက ပြုံးပြီး သူငယ်ချင်းတို့ရေတဲ့၊
ငါတော့ ဖိနပ် တစ်ဖက်ဖိုး သက်သာသွားပြီတဲ့။
အကောင်းဘက်ကပဲတွေးတာပြောတာ။
“သန္တုဋ္ဌီ”ရဲ့သဘောတွေပဲ ရှိတာနဲ့ ကျေနပ်နိုင်တာ။ အဲလို
လေးကျေနပ်နိုင်တော့ စိတ်ချမ်းသာတာပေါ့။
ရှိတာနဲ့ မကျေနပ်နိုင်တဲ့ ပုဂ္ဂိုလ်မှာ စိတ်မချမ်းသာဘူး။
ရှိတာနဲ့ မကျေနပ်တဲ့အတွက် ဘယ်တော့မှ
သူ့မှာ လိုဘပြည့်တယ်မရှိဘူး။
သူများကို ဒုက္ခမပေးချင်နေ၊
ကိုယ့်ဟာကိုယ် ဒုက္ခဖြစ်နေတယ်။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment