
“သီတဂူဆရာတော်၏ ပါရမီ”
••••••••••••••••••••••••••• သီတဂူဆရာတော်ကြီးကို မြန်မာကသာမက
ကမ္ဘာကပါ သိရခြင်းမှာ “ဒါနပါရမီ” ကြောင့်ဖြစ်သည်။
ဆရာတော်ကြီးသည် စစ်ကိုင်းတောင်ရိုးမှ သောင်းနှင့်ချီသော
ရဟန်းများ၊ သီလရှင်များအတွက် “ရေအလှူ”ကို
ပေးလှူနေသည်မှာ နှစ်ပေါင်း မနည်းတော့ပေ။
ဧရာဝတီမြစ်ထဲမှ ရေများကို စက်ဖြင့် စုပ်တင်ပေးခြင်းဖြစ်သည်။
ထို့ပြင် ရဟန်းသီလရှင် အားလုံးအတွက် “သီတဂူဆေးရုံကြီး”ကို
ဆောက်လုပ်လှူဒါန်း ပေးထားသေးသည်။
ထိုမျှမက “သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး”ကို
တည်ထောင်ဖွင့်လှစ်ပေးပြီး “ကမ္ဘာ့သာသနာပြုဆရာတော်”များကို
မွေးထုတ်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတွင်းရှိ မြို့နယ်ဆေးရုံများသို့
ဆေးရုံသုံးပစ္စည်းများ၊ ဆေးများကို လှူဒါန်းနေသည်မှာ
မြို့နယ်ဆေးရုံပေါင်း နှစ်ဆယ်နီးပါးမျှ ရှိနေပြီဖြစ်သည်။
ဆေးရုံတစ်ရုံသို့ လှူဒါန်းသော ပစ္စည်းများကို
မြန်မာငွေဖြင့်တွက်လျှင် သိန်းနှစ်ရာကျပ် ပတ်ဝန်းကျင်တွင် ရှိသည်။
ရေအလှူ၊ ဆေးအလှူ၊ ပညာဒါနအလှူ သုံးမျိုးအတွက်
တစ်ရက်လျှင် အနည်းဆုံး ဆယ်သိန်းဝန်းကျင်ခန့် ကုန်ကျသည်ဟု
သိရသည်။ တစ်လလျှင် သိန်းပေါင်း သုံးရာကျပ်ရမှ
လုပ်ငန်းကြီးသုံးခု လည်ပတ်နိုင်မည်ဖြစ်သောကြောင့်
ဆရာတော်ကြီးသည် မနေမနား တစ်ပြည်လုံးသို့
တရားဟောထွက်တော်မူရသည်။
ဆရာတော်ကြီးအတွက် အိပ်ချိန်မှတစ်ပါး သီးသန့် နားချိန်ဟူ၍မရှိရှာပေ။
နာဂစ်ကြောင့် ဒုက္ခရောက်ကြသော ဧရာဝတီတိုင်းဒေသကြီးမှ
ရေဘေး၊ လေဘေးဒုက္ခသည်များကို ဆရာတော်ကြီး
ဦးဆောင်ပြီး လှူဒါန်းသည်မှာ “သိန်းပေါင်းခုနစ်သောင်းခန့်”ရှိသည်။
ဆရာတော်ကား သိန်းတစ်ထောင်ခန့်ကိုပင် မနည်းရှာပြီး လှူခဲ့ရသည်။
သီတဂူဆရာတော်ဟူ၍ ကမ္ဘာအထိ ကျော်ကြားထင်ရှားသည်မှာ
ဤသည့်ဒါနပါရမီကြောင့်ဖြစ်သည်။ အနာဂတ် ဟူသည်
တစ်သီးတခြားမဟုတ်၊ ဤပစ္စုပ္ပန်သည်ပင် နောင်တစ်ချိန်
အနာဂတ်ဟူ၍ ဖြစ်လာရခြင်းပင်။
သီတဂူဆရာတော်ဟူ၍ ဖြစ်လာအောင် ဒါန၊ သီလ စသော
ပါရမီများကို ဖြည့်ဆည်းရသကဲ့သို့၊ လက်ယာရံ၊ လက်ဝဲရံ ဟူ၍
ဖြစ်လာအောင် ထိုကဲ့သို့ ဖြည့်ဆည်းရမည်သာဖြစ်ကြောင်း၊
သဘာဝယုတ္တိကို ထောက်ကြည့်ကာ သိနိုင်ပါသည်။
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။
ဒေါသစိတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို
ရှာကြည့်လျှင် အကုသိုလ်လည်းဖြစ်သည်။
စိတ်လည်းဆင်းရဲသည်။ အရုပ်လည်း ဆိုးသည်။
စီးပွားလည်းပျက်သည်။ အပါယ်သို့လည်း ကျသည်။
မေတ္တာဓါတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကို ရှာကြည့်လျှင်
ကုသိုလ်လည်းဖြစ်သည်။ စိတ်လည်း ချမ်းသာသည်။
ရုပ်လည်း လှသည်။ စီးပွားလည်း တက်သည်။ နိဗ္ဗာန်သို့လည်း ရောက်သည်။
မေတ္တာရှင်(ရွှေပြည်သာ)၏
“စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ၊ အတွဲ-၁” မှ
မျှဝေပါတယ်။
Dhamma Dãna Source ►zahan mon &
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment