လူတစ်ယောက်သည် အကုသိုလ်ဒုစရိုက် တစ်မျိုးမျိုးလုပ်တိုင်း ဘေးလေးမျိုးသို့ဆိုက်၏။
၁။ ပရာနုဝါဒဘေး
၁။ ပရာနုဝါဒဘေး
၂။ ဒဏ္ဍဘေး
၃။ အတ္တာနုဝါဒဘေး
၎။ အပါယဘေး တို့ဖြစ်၏။
ပရာနုဝါဒဘေးဟူသည် သူတစ်ပါးက စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။
ဒဏ္ဍဘေးဟူသည် ထောင်တန်းကျပြီး အပြစ်ပေးခံရခြင်းမျိုးကို ဆိုလို၏။
အတ္တာနုဝါဒဘေးဟူသည် မိမိကိုယ်မိမိ စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။
အပါယဘေးဟူသည် အပါယ်လေးပါးသို့ ကျရောက်သောဘေး ဖြစ်၏။
ထိုလေးမျိုးတွင် ရှေ့နှစ်မျိုးသည် သူတစ်ပါး မရိပ်မိအောင် ပိပိရိရိ လုပ်ခြင်းဖြစ်သော်လည်းကောင်း လာဘ်ထိုးခြင်းဖြင့် သော်လည်းကောင်း လွတ်အောင်ရှောင်၍ ရနိုင်သေး၏။
နောက်နှစ်မျိုးကား မည်သို့သော နည်းဖြင့်မျှ ရှောင်လွဲ၍ မရနိုင်ပေ။
သူတစ်ပါးကိုသာ လိမ်၍ရမည်။ မိမိကိုယ်မိမိကား ဘယ်သောအခါမှ လိမ်၍မရ။
ထို့ကြောင့် ဒုစရိုက်မှု တစ်ခုခုလုပ်ပြီးသည်နှင့် မိမိကိုယ်မိမိ စွပ်စွဲသော အတ္တာနုဝါဒဘေးကြီးသည် နေ့စဉ် နှိပ်စက်တော့၏။
မိမိကိုယ်မိမိ စွပ်စွဲခြင်းဟူသည် မိမိကိုယ်မိမိ မကြည်ညိုခြင်းပင် ဖြစ်၏။ နောက်ဆုံးပန်တိုင်ကား အပါယ်လေးပါး ဖြစ်၏။
--------------------------------
လောဘသည် ………
သမလောဘ
ဝိသမလောဘ ဟုနှစ်မျိုးရှိ၏။
တရားသဖြင့် လိုချင်သော လောဘကို သမလောဘ။
မတရားသဖြင့် လိုချင်သော လောဘကို ဝိသမလောဘ။
တရားသဖြင့် လိုချင်သော လောဘသည် အနာဂါမ်အရိယာမှာပင် ရှိသေး၏။ (ဘဝရာဂါနုသယကိုဆိုလို)။ ထိုသမလောဘကား မိမိ သူတစ်ပါး နှစ်ဦးလုံးကို ဒုက္ခမပေးပေ။
ဝိသမလောဘသည်သာ မိမိသူတစ်ပါး နှစ်ဦးစလုံးကို ဒုက္ခပေးသည်။
လူသည် သဘာဝအားဖြင့် မြင့်မြတ်သောသူ ဖြစ်ပါလျှက် ယုတ်နိမ့်သော အပါယ်ဘုံသို့ ကျရသည်မှာ ထိုဝိသမလောဘကြောင့်ပင် ဖြစ်၏။
မိသားစုကို လုပ်ကိုင်ကျွေးမွေးသူများသည် သမ္မာအာဇီဝကျကျ တရားသဖြင့် ရှာဖွေကျွေးမွေးသင့်၏။
ဝိသမလောဘ၏ ကျေးကျွန်ဖြစ်ပြီး မတရားသော နည်းများဖြင့် ရှာဖွေကျွေးမွေးမည်ဆိုလျှင် မိသားစုများသည် စားစရာကိုသာအတူ ဝိုင်းစားပေးကြမည် ဖြစ်၏။
အပါယ်သို့ ကျဖို့ရှိလျှင်ကား မည်သူမျှ လိုက်ပါပေးလိမ့်မည် မဟုတ်။ မိမိတစ်ယောက်တည်းသာ သွားရမည်ဖြစ်သည်။
--------------------------------
(မေတ္တာရှင် ရွှေပြည်သာ)

No comments:
Post a Comment