
သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံ ဒုက္ခရောက်ကြတယ်ဆိုတာ မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြမိစေဖို့ပါပဲ။
သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာအမှားလုပ်မိတတ်ကြတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အမှားလုပ်မိခြင်းရဲ့ အကြောင်းတရားတွေထဲမှာ အမှန်တရားကို မသိတာက အဓိကပဲပေါ့ ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီး မသိဘူး။ ခွဲခြားမသိသည့် အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ။ မသိလို့ အဆိုးကို အကောင်းထင်ပြီးတော့ ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်တယ်ပေါ့။
ကောင်းမှု့နဲ့ မကောင်းမှု့၊ မှာ မကောင်းမှု့ကို မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရတဲ့အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိဘူးပေါ့။ ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ် ၊ ကောင်းမှု့ ၊ မကောင်းမှု့ ဒီနှစ်ခုကို ဘာနဲ့စံပြုပြီးတော့ ခွဲသလဲဆိုတော့ မြတ်စွာဘုရားက "လုပ်ပြီးတဲ့ အခါမှာ ပူပန်နေရတဲ့ အလုပ်မျိုး" ၊ လုပ်မိတာ မှားလေခြင်းလို့ စိတ်ထဲမှာ ပူပန်ရတဲ့ အလုပ်မျိုးဟာ *မကောင်းတဲ့ အလုပ်* လို့ခေါ်တယ်။ အလုပ်တစ်ခုကို လုပ်မိပြီးတဲ့နောက်မှာ ဘယ်အလုပ်ပဲဖြစ်ဖြစ် အကျိုးဆိုတာ ပေါ်လာတတ်တယ်။ result ဆိုတာရှိတယ်ပေါ့။ ဆိုပါစို့ ။ သရက်ပင်တစ်ပင်စိုက်ရင် သရက်သီးဆိုတာ သီးလာမှာပဲ။ ဒါအကျိုးပေါ့ ။
ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ စိတ်ထဲကတွေးတာပဲဖြစ်စေ၊ နှုတ်ကထုတ်ဖော်ပြောပြတာပဲဖြစ်စေ၊ ကိုယ်ထိလက်ရောက် လုပ်တာပဲဖြစ်စေ။တစ်ခုခုလုပ်လိုက်လို့ရှိရင် ထိုလုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှု့ကပေါ်လာမှာပဲ။ အဲ့ဒီလိုပေါ်လာတဲ့အခါ "ရလာတဲ့အကျိုးတရားကို ငိုငိုရီရီကြိတ်မှတ်ပြီး ခံစားရမဲ့အလုပ်မျိုးဟာ မကောင်းတဲ့ အလုပ်" တဲ့။ ဒီနှစ်ချက်နဲ့မှတ်ရမယ်။
ဒါမြတ်စွာဘုရားဒေသနာတော်နဲ့ ပြောမယ်ဆိုရင် " န တံ ကမ္မံ ကတံ သာဓု " ဒီအလုပ်မျိုးဟာ မကောင်းဘူးတဲ့။
ဘယ်အလုပ်တုန်း၊ "ယံ ကတွာ အနုတပ္ပတိ" လုပ်ပြီးနောက်မှာပူပန်နေရတယ်။ အဲ့ဒီအလုပ်မျိုး ဘယ်တော့မှမလုပ်မိစေနဲ့တဲ့ ။ ဒါမှားယွင်းတဲ့လုပ်ရပ် တစ်ခုပဲ။
"ယဿ အဿုမုခေါ ရောဒံ" ။ "အဿုမုခေါ " ဆိုတာ မျက်ရည်ရွှဲနေတဲ့မျက်နှာ ။ ရောဒံ" ဆိုတာ တငိုငို တယိုယိုနဲ့ ၊ "ဝိပါကံ ပဋိသေဝတိ" အဲ့ဒီလုပ်ရပ်ရဲ့အကျိုးပေါ်လာပြီ ဆိုလို့ရှိရင် အကျိုးတရားကို ကြိတ်မှိတ်ပြီး ငိုကြွေးခံစားရတဲ့ လုပ်ရပ်မျိုးဟာ မကောင်းတဲ့လုပ်ရပ်ပဲတဲ့။ မြတ်စွာဘုရားက လူတိုင်းနားလည်အောင်လို့ မကောင်းမှု့ဆိုတာ ဒါခေါ်တာလို့ ဒီလိုရှင်းပြတာနော်။
ကောင်းမှု့ဆိုတာကျတော့ ပြောင်းပြန်မှတ်ရမယ်။ "လုပ်မိတဲ့ ကိစ္စတစ်ခုဟာ ဘယ်တော့မှပြန်ပြီး ငါလုပ်မိတာမှားလေခြင်းလို့ နောင်တပူပန်မှု့ကို မဖြစ်စေဘူး ဆိုရင် ကောင်းတဲ့အလုပ် ကောင်းမှု့ပဲ"။ တစ်ခါ အကျိုးပေါ်လာလို့ရှိရင်လည်းပဲ "ရရှိလာတဲ့ အကျိုးကို ဝမ်းမြောက်ဝမ်းသာ ပီတိသောမနဿ နဲ့ ခံစားရပြီဆိုရင်လည်း ကောင်းတဲ့ လုပ်ရပ်" လို့ ဒီလိုပြောတာ ။
အဲ့ဒီတော့ ကောင်းမှု့၊ မကောင်းမှု့ကို သိရမယ်။ "သံသရာခရီးသွား အမှားမလုပ်မိစေနဲ့ " ဆိုတာ မကောင်းတဲ့ အမှု့တွေ မလုပ်မိစေနဲ့လို့ပြောလိုတာ။ အဲ့ဒီ အမှားကို လုပ်မိပြီဆိုလို့ရှိရင် ထိုအမှားက ပုံဖော်ပေးလိုက်တဲ့၊ ထိုအမှားကနေ ဖြစ်ပေါ် စေတဲ့ အကျိုးဟာ အင်မတန်မှဆိုးဝါးတယ်ဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်အခါမှာကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကိုဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိပေးထားဖို့ပါ။
ဆရာတော်ကြီးကဝတ္ထုသာဓက တွေနဲ့ဟောကြားရာမှာ ...
*ရှင်စက္ခုပါလ
*သာမာဝတီမိဖုရား
* ခုဇ္ဇုတ္တရာ
*ရှင်စူဠပန္ထက
*ရှင်ပူတိဂတ္ထတိဿ
*သုပ္ပဗုဒ္ဓဝတ္ထု
*ဇမ္ဗုက
*ဥဂ္ဂသေန
*ဇဋိလ
*ကော ဏ္ဏဓာန်
*ဗိမ္ဗိသာရမင်း
* လောကသိဿ
*မြတ်စွာဘုရားကိုယ်တော်တိုင် လွန်ခဲ့တဲ့ သံသရာခရီးသွားရင်းက အမှားအယွင်းတွေလုပ်မိခဲ့လို့ ဒုက္ခသုက္ခတွေ ခံစားကြရတာကို ဟောကြားသွားပါတယ်။
ဝိသာခါ ကျောင်းအမကြီးနဲ့
အနာထပိဏ်သူဌေးကြီးတို့ မှာ မှားယွင်းတဲ့ အနေအထား မျိုးမတွေ့ရဘူး ။
ဒါ့ကြောင့် သတိထားပြီးတော့ သံသရာခရီးသွားတဲ့အခါမှာ အမှားအယွင်းတွေ မလုပ်မိစေဖို့ ၊ မိမိတို့ဘဝမှာ စိတ်ဆိုး၍ဖြစ်စေ၊ မသိမုန်းထား၍ဖြစ်စေ၊ အမှားအယွင်းတွေ မလုပ်မိအောင် သတိထားပြီးရှောင်ကြဉ်ကာ ကောင်းတဲ့ အမှု့များကိုသာ ပြုလုပ်ခြင်းဖြင့် မိမိတို့သံသရာခရီးသွားတဲ့အခါမှာ ဖြောင့်ဖြောင့်တန်းတန်းသွားဖို့
လိုတယ်။ နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုကြရာမှာဆိုတာကို သတိထားပြီးတော့ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ကိုညီမြင့် + မဝေလွင် Wai Wai Lwin ၏ သောကြာပဋ္ဌာန်းတွင် ဓမ္မဒါနပြုထားတဲ့ တရားစာအုပ်ဖြစ်ပါတယ်။
မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ ဓမ္မဒါနကို စေနာထားလျက်မျှဝေပေးထားပါတယ်။ မိတ်ဆွေအပေါင်းနှစ်သစ်အခါသမယမှအစပြုလို့ ကုသိုလ်ကောင်းမှု့များပြုလုပ်နိုင်ကြပါစေ၊ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ ။
No comments:
Post a Comment