သောတာပန်နှစ်မျိုး
--------------------
သောတာပန်သည် သဒ္ဓါတရားကို အဦးမူ၍ မဂ်ဖိုလ်ကိုရသော သဒ္ဓါဓုရသောတာပန် ပညာတရားကို အဦးမူ၍ မဂ်ဖိုလ်ကိုရသော ပညာဓုရသောတာပန်ဟု နှစ်မျိုးရှိ၏။
ထိုနှစ်မျိုးတွင် ………………
ပညာဓုရသောတာပန်သည် ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကို ထင်ရှားစွာသိမြင်၏။
သဒ္ဓါဓုရသောတာပန်ကား ပညာဓုရသောတာပန်လောက် ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ထင်ရှားစွာမမြင်ပေ။
သို့သော် ရတနာသုံးပါးကိုကား အသက်နှင့်လဲပြီး ကြည်ညိုသူဖြစ်၏။
ဗုဒ္ဓလက်ထက်တော်က ကာဠီအမည်ရှိ သူဋ္ဌေးသမီးတစ်ဦးသည် ကောင်းကင်၌ ဟေမဝတနှင့် သာတာဂိရိအမည်ရှိ နတ်ဘီလူးကြီးနှစ်ဦးတို့ ဘုရားရှင်၏ ဂုဏ်တော်များအကြောင်း ဆွေးနွေးပြောဆိုသံကို နားထောင်လိုက်ရ၏။
ထိုသို့ နားထောင်အပြီးမှာပင် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါစိတ်ကြောင့် သောတာပန်တည်ခဲ့ရသည်။ နတ်ဘီလူးကြီးတို့ ပြောဆိုဆွေးနွေးသော စကားများတွင် ရုပ်နာမ် ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သစ္စာ စသည်တို့မပါပေ။ ဘုရားရှင်၏ ကြည်ညိုဖွယ်ရာ ဂုဏ်တော်များသာ ပါပေသည်။ ထို့ကြောင့် ကာဠီအမျိုးသမီးကို သဒ္ဓါဓုရသောတာပန်ဟု ဆိုရပေမည်။
-----------
အသောကမင်းကြီး၏ မိဖုရားတစ်ဦိံးဖြစ်သော အသန္ဓိမိတ္တာအမည်ရှိ မိဖုရားတစ်ဦးသည် ကရဝိတ်ငှက် (တစ်ချို့ကလည်း ကြိုးကြာဟုဆို)၏ တွန်ကျုးသံကို ကြားရ၍ ကိလေသာဆယ်ပါး အပြည့်ရှိသော ကရဝိတ်ငှက်မင်း၏ တွန်ကျုးသံသည်ပင် ဤမျှလောက်သာယာလျှင် ကိလေသာဆယ်ပါး အငွေ့မျှမကျန်အောင် ကင်းစင်တော်မူသော ဘုရားရှင်၏ အသံတော်ဆိုပါက မည်မျှလောက် သာယာလိုက်လေမည်နည်းဟု တွေးတောကြည်ညိုကာ

သောတာပန်တည်ခဲ့သည်။
သူသည်လည်း သဒ္ဓါဓုရသောတာပန်မျိုးပင် ဖြစ်၏။ ထို့ကြောင့် ရတနာသုံးပါးနှင့် ပတ်သက်သည့် ကြည်ညိုဖွယ်ရာ သုတ္တန်အားလုံးကို ဖတ်ကြားနာယူကြရမည် ဖြစ်၏။ ဝိပဿနာတရား မဟုတ်၍ သုတ္တန်တရားများကို မနာလိုဟူသော အစွဲကြီးကို ချွတ်ပစ်ကြရမည် ဖြစ်၏။
-------------------------------
(မေတ္တာရှင် ရွှေပြည်သာ)

No comments:
Post a Comment