မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Sunday, July 20, 2014
ဝါဆိုလပြည့်ကျော်(၅) ရက်၊ အနတ္တလက္ခဏ အခါတော်နေ့။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အခါတော်နေ့များတွင် အနတ္တလက္ခဏ အခါတော်နေ့ကလည်း နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ၀ါဆိုလပြည့်နေ့မှာ မြတ်
စွာဘုရားက တရားဦးဓမ္မစကြာ ဟောတော်မူရာ ပဉ္စ၀ဂ္ဂီငါးဦးတို့ နေ့ရက်အစဉ် , ထေရ်အစဉ်ဖြင့်
သောတာပန်များ အသီးသီး ဖြစ်ကုန်ကြပါတယ်။
မြတ်စွာဘုရားက ၀ါဆိုလပြည့်ကျော် ၅ ရက်
နေ့မှာ အနတ္တလက္ခဏသုတ်တော်ကို ဆက်လက်ဟောကြားတော်မူရာ ပဉ္စ၀ဂ္ဂီ ငါးဦးစလုံး ရဟန္တာ
ဖြစ်ကုန်ကြပါတယ်။
အနတ္တဆိုတဲ့ပါဠိကို ပိုဒ်ခွဲလိုက်တဲ့အခါ န+အတ္တလို့ဖြစ်လာပါတယ်။ အတ္တ=ငါ၊ န=မဟုတ်။
အနတ္တ= ငါမဟုတ်၊ အစိုးမရ၊ မိမိအလိုသို့ မလိုက်လို့ အဓိပ္ပါယ် ရရှိပါတယ်။
အတ္တဆိုတဲ့ သဘောကို အမာခံ ရှာဖွေ စီစစ်လိုက်တဲ့အခါ==
၁။ အချို့ပုဂ္ဂိုလ်က ဤခန္ဓာကြီးကို အတ္တလို့ ထင်မှတ် စွဲလမ်းကြပါတယ်။
၂။ အချို့က စိတ်ကို အတ္တလို့ ထင်မှတ် စွဲလမ်းကြပါတယ်။
၃။ အချို့က သဘာဝဓမ္မ ကို အတ္တလို့ ထင်မှတ် စွဲလမ်းကြပါတယ်။
၎။ အချို့က ဤရုပ်၊ ဤနာမ်မှအခြား တစ်ပါးသော မပျက်မစီး အမြဲတည်သော အနှစ်သာရ အမာခံ သဘောတရား တစ်ခုကို ကြံဆ၍ အတ္တဟု ထင်မှတ် စွဲလမ်းကြပါတယ်။ ဒါကြောင့်
အနတ္တဟု ဆိုလိုက်လျှင် အထက်ဖေါ်ပြပါ စွဲလမ်းချက်အားလုံးကို ငြင်းဆိုပြီးဖြစ်ကြောင်း မှတ်ယူကြရပါမယ်။
မမြဲခြင်းအနိစ္စသဘောနှင့် ဆင်းရဲခြင်းဒုက္ခသဘောကို သတ္တ၀ါများအဖို့ သိလွယ်၊ မြင်လွယ်၊ ထင်လွယ်ကြပေမယ့် အနတ္တသဘောကို သိမြင်ရန်မှာ မလွယ်လှပါဘူး။ ဒီ အနတ္တဆိုတဲ့
ဓာတ်သဘောဟာ သာသနာတွင်းမှာရော၊ သာသနာပမှာရော သဘာဝအားဖြင့် တည်ရှိနေတဲ့ဓာတ်သဘော ဖြစ်ပါတယ်။ ဒါပေမယ့် သာသနာပ အခါမှာ ထုတ်ဖေါ်ဟောကြားနိုင်တဲ့ ပုဂ္ဂိုလ်
မရှိလို့ အနတ္တတရားကို သတ္တ၀ါတွေ သိခွင့်မရကြပါဘူး။ မြတ်စွာဘုရားပွင့်တော်မူတဲ့ အခါကျမှ
တိတိကျကျဘုရားရှင်က ထုတ်ဖေါ်ဟောကြားမူတဲ့အတွက် အနတ္တသဘောကို သိခွင့်ရလာကြပါတယ်။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း ပဉ္စ၀ဂ္ဂီ ရဟန်းတို့ အရဟတ္တဖိုလ် ဆိုက်ရောက်ပုံကို အတုယူ အားကျပြီး ခန္ဓာငါးပါးအပေါ်၌ အနတ္တလက္ခဏာ ထင်မြင်လျက် အရဟတ္တ
ဖိုလ်ပေါက် ကြိုးစားအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ- သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
ဗုဒ္ဓကမ္ဘာဆိုဒ်မှ ပြန်လည်မျှဝေသည်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment