မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Wednesday, July 30, 2014
ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ။
နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ- မီးဖိုချောင်က ဟင်းချက်လို့ရတဲ့ အနံ့ ဆိုပါစို့။ ကြက်သားကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် အကြော်နံ့က နှာခေါင်းထဲဝင်လာတယ်၊ နံလိုက်တယ်။ နံလိုက်တဲ့ အခါမှာ နံသိစိတ် ပေါ်လာတယ်၊ နံသိစိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ
ပေါ်လာတယ်။ ဆက်သွယ်မှုကို အကြောင်းပြုပြီး ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ သြော် ဒီ ငါးမျိုးလာတာပါပဲ။
အဲဒီ ငါးမျိုးလုံးဟာ တစ်ခုမှ မြဲတာမဟုတ်ဘူး၊ အခိုက် အတန့်လေးမှာ ပျက်စီး ပျက်စီးသွားသည့်အတွက်ကြောင့် အနိစ္စပဲ။ အနိစ္စဖြစ်လို့ ဒုက္ခပဲ၊ ဒုက္ခ ဖြစ်သည့်အတွက်ကြောင့် အနတ္တပဲ။ အဲဒီ
အနတ္တ ဖြစ်နေတဲ့ အရာတစ်ခုကို မှန်ကန်တဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူးလို့ ဒီလိုပဲ ကြည့်ရတော့မှာပဲ။ သဘာဝအတိုင်း ဖြစ်နေတာပါ။
ဒါ- လောကလူတွေဟာ ဘယ်အချိန်ချိန်ဖြစ်ဖြစ် တွေ့နေတာပဲ။ မျက်စိနှစ်လုံး ဖွင့်လိုက်ရင်ခုနက သဘာဝတရားတွေ ပေါ်လာပါတယ်။ နားစွင့်လိုက်လို့ရှိရင်လဲခုနကသဘာဝတရားတွေ ပေါ်လာမှာပါ။
နှာခေါင်းထဲက အနံ့ရလိုက်လို့ရှိရင်လဲ ခုနကသဘာဝတရားငါးခု ပေါ်လာတာပါပဲ။
အဲတော့ အဲဒီ သဘာဝတရားတွေ အားလုံးဟာ မမြဲတဲ့ သဘာဝတရားတွေ။ မမြဲသည့်အတွက်ကြောင့် ဒုက္ခဖြစ်တဲ့ သဘာဝတရားတွေ။ ဒုက္ခဖြစ်သည့်အတွက်ကြောင့် အတ္တမဟုတ်တဲ့
သဘာဝတရားတွေကို “ငါ၊ ငါ့ဟာ” လို့မရှုရဘူးတဲ့။ “ငါ၊ ငါ့ဟာ” မဟုတ်ဘူးလို့ ရှုမြင်ရမယ်လို့ မြတ်စွာဘုရားက ရှင်အာနန္ဒကို ၀ိပဿနာ ကမ္မဋ္ဌာန်း တရားကို ဟောပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲတရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့ တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿ
နာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment