" ပုထုဇဉ်ပီပီ
ကိုယ့်အကျိုး ၊ ကိုယ့်ကိစ္စ
ကိုယ့်အတွက် အဓိကအရေးကြီးတဲ့
ကုသိုလ်အရေးတို့ကို
လက်လွှတ်ကာ
ပယ်စွန့်ထားတတ်ကြတယ်.....။"
"လူ" လို့ဆိုကြပေမယ့်
*******************
အတိတ်ဘ၀က ကုသိုလ်ပါရမီတွေ ဖြည့်ကျင့်ဆည်းပူးခဲ့ကြလို့ ယခုဘ၀မှာ လူရယ်လို့ဖြစ်လာတဲ့ လူ့ဘ၀၊ လူသားတွေထဲ
အကောင်းဆုံးလူမျိုးကိုလက်ညှိုးထိုးကာ
ရွေးချယ်ပြပါဦးလို့သာဆိုရင် ယနေ့ဗုဒ္ဓဘာသာအယူရှိသော ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာသူ ဗုဒ္ဓရဲ့ စကားကိုနားထောင်သောသူ တရုတ်ဖြစ်ဖြစ် ၊ ကုလားဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ်၊ အင်္ဂလိပ်လူမျိုးပဲဖြစ်ဖြစ်၊ ဗုဒ္ဓရဲ့သားသမီးဖြစ်နေလို့မို့ သူတို့ကိုပဲ အကောင်းဆုံးလူထူးခြားသောလူဟု
ရွေးချယ်ပြသရမည်သာဖြစ်ပါသည်။
ဗုဒ္ဓ၏သားသမီးအစစ်ဖြစ်သော ရဟန်း ရှင်လူ အမျိုးသား၊ အမျိုးသမီးတို့သည် ကံ၊ ကံ၏အကြောင်းအကျိုးဆက်ကို ယုံကြည်မှုရှိထားသလို ဘရား၊ တရား၊သံဃာ ရတနာ
မြတ်သုံးပါးတို့အပေါ်မှာလည်း အားကိုးဖွယ်ရာ အစစ်ပဲလို့ ယုံကြည်လက်ခံမှု ရှိနေလေတော့ သူတော်ကောင်းတွေ စက်ဆုပ်ရွံ့ရှာသော အကုသိုလ် ဒုစရိုက်တို့ကိုရှောင်ကြဉ်ပြီး ကောင်းတာလုပ်မှ
ကောင်းကျိုးကိုရမှာပဲဆိုသော အသိစိတ်ဓါတ်နဲ့
ကုသိုလ်ဆိုသော ကောင်းတဲ့အလုပ်ကိုပဲ အားကြိုးမာန်တတ် ပြုလုပ်နေတတ်ကြပါသည်။
အားကိုးအားထားရာဘက်မှာကြပြန်တော့လဲ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးမှတစ်ပါး အခြားဘယ်အရာကိုမှအားထားမပြုကြပါဘူး။
ပေါ်လွင်အောင် ပြောရမည်ဆိုသော် ဗေဒင်၊ ဘိုးတော် ၊ နတ်ကတော် နှင့်ခေတ်ပေါ်တန်ခိုးရှင်တို့ကို အထင်လည်းမကြီးဘူး၊ အားလည်းမကိုးဘူး၊ ဆိုတာ စစ်မှန်သော ဗုဒ္ဓ၏သားသမီးတို့၏ ခံယူချက်ပါ။ ဘ၀အတွက် ခိုင်မာမှုရှိရလေအောင် ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထ ၀ိပဿနာကုသိုလ် တို့ကိုတတ်စွမ်းသရွေ့ မမေ့မလျော့ ပြုလုပ်ကြပါ။
အချို့ချို့သော အများစုလူသားတို့ကတော့ ကိုယ့်ဘ၀၏ အခြေခံ "ကံ " ကို နားလည်မှုမရှိကြဘဲ ပုထုဇဉ်ပီပီ ကိုယ်အကျိုး၊ ကိုယ့်ကိစ္စ ၊ ကိုယ့်အတွက် အဓိကအရေးကြီးသော ကုသိုလ်အရေးတို့ကို လက်လွှတ်ကာပယ်စွန့်ထားတတ်ကြပါသည်။ ကိုယ့်ဒုက္ခ ကိုယ်ရှာပြီးတော့ အရာရာကို ဆန်းစစ်မှုမရှိဘဲ ကိုယ့်ကျိုးမဲ့စေတတ်သော အလုပ်အရှုပ်တို့ကိုသာ ကုတ်ကုတ်ပတ်ပတ်နဲ့ အပမ်းတကြီးနေ့မအား ညမနားဆိုတာလို နေ့စဉ်ရက်ဆက်ကိုယ်နဲ့ အသက်ကို မငဲ့မကွက်ဘဲ လုပ်ကိုင်ဆောင်ရွက်နေကြတယ်။ထိုအရာသည် တကယ့်ကိုမဟာအမှားကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
လူလို့ဆိုပေမယ့် လူ့ဘ၀ကိုထဲထဲဝင်ဝင် အသိအမြင်မရှိလေတော့ အရာရာမှာငါမှငါ၊ ငါမပါရင်မပြီးဘူး။ ငါလုပ်မှပြီးမယ်။ ငါသာရှေ့မဆောင်ရင် ဘာမှအောင်မြင်မှာမဟုတ်ဘူး။ ငါခြေထောက်တပ်ဆင်ပြီးငါ လက်မထောင်ကာခပ်မြောက်မြောက်၊ ခပ်မောက်မောက်၊ ခပ်ထောင်ထောင်၊ ငါကောင်ကြီးလုပ်နေလိုက်တာ ကြောက်စရာကောင်းလိုက်ပါဘိ။ အရာရာတိုင်းမှာ ငါလုပ်ပြီးရှုပ်လိုက်တဲ့ ငါအရှုပ်တော်ပုံ သူတို့ရဲ့အမြင်၊ သူတို့ရဲ့အသိတို့သည် သူတို့ရဲ့ရင်ထဲ ငါလှိုင်းထပြီး ပွက်ပွက်ဆူနေတော့တာပါပဲ။ လူ့ဘ၀ရဲ့ အနှစ်အရသာကို မသိတော့အကာကိုအနှစ်ထင်ပြီး ငါမာန်တတ်နေတော့တာပေါ့။
** ကုသိုလ်ကြောင့်သာ လူဖြစ်လာ သေချာမှတ်ထားကြ။ **
** ဖြစ်လာသောလူ များဗိုလ်လူ ကောင်းသူစိစစ်ကြ။ **
** ဗုဒ္ဓသာသနာ ကြုံတွေ့လာ လိုက်နာ လူကောင်းပ။ **
** လူတော့ဖြစ်ရဲ့ အကျိုးမဲ့ လုပ်တဲ့ သူကား လူအန္ဓ။ **
** ငါခြေကိုထောက် ခပ်မြောက်မြောက် ငါမောက်လူဗာလ။ **
ပဲခူးမြို့ မဟာစည်ဆရာတော် အရှင်ဥတ္တမသာရ၏" မေ့ကွက်ကိုရှာ" စာအုပ်မှ ရေးသားဖော်ပြပါသည်။
No comments:
Post a Comment