" မိမိရဲ့အတွင်း သန္တာန်မှာ
အနှစ်သာရဘာမျှ မရှိဘဲ
အတွင်းက အခေါင်းအတိဖြစ်ပြီးတော့
နောင်သံသရာအရေးကို
ဖော်မကြည့်နိုင်ဘဲ .....။"
ငါရှုပ်သူကို ပမာထုတ်ပြရရင်
***********************
လူအမည်မျှသာ ရထားတဲ့ ပုထုဇဉ်အန္ဓ ပုထုဇဉ်ဗာလ တို့သည် ကိုယ့်အရေး ကိုယ့်ကိစ္စအတွက် အကျိုးရှိစေတတ်သော ကုသိုလ်ရေးရာတို့ကို မေ့ပျောက်ပြီး ငါဆိုသောအတ္တကိုရှေ့တန်းတင်၊ အရာရာကို လူတွင်ကျယ်ကြီးလုပ်ပြီး ငါမှရှာဖွေနိုင်တယ်။
ငါမှစားနိုင်တယ်။ ငါမှသောက်နိုင်တယ်။ ငါမှပစ္စည်းဥစ္စာပေါတယ်။ ငါမှအာဏာရှိတယ်။ ငါမှချမ်းသာတယ်။ ငါမှရုပ်ချောတယ်။ ငါမှအခြွေအရံပေါတယ်။ စသောအရာတွေနဲ့ငါ့ဂုဏ်မောက်လွန်းနေသောသူတို့ကို ဘာနဲ့ဥပမာပြရမလဲဆိုတော့ ........
အနှစ်မပါ အတွင်းမှာအခေါင်းအတိသာရှိသော ကျူပင်များနှင့် ဥပမာတူပါသည်။ ကျူပင်များသည် အဖျားကတထောင်ထောင်နဲ့ မော့လို့သာကြည့်နေသလို အန္ဓပုထုဇဉ် ဗာလပုထုဇဉ် ဆိုသောလူသားတို့ကလည်းပဲ မိမိ၏အတွင်းသန္တာန်မှာ အနှစ်သာရမရှိပဲ အတွင်းက အခေါင်းအတိုင်းဖြစ်ပီးတော့ နောင်သံသရာ အရေးကိုဖော်မကြည့်နိုင်ဘဲ ပစ္စုပ္ပန်လောကီရေး တို့ကိုသာအလေးအမြတ်ပြုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးခြေဖြားထောက် မော်မောက်ကာ ထောင်ကြွားနေကြပါသည်။
တကယ်ကိုယ့်အကျိုးအစစ်ဖြစ်သော ကို့အကျိုးကို အရေးမမှု အလေးမထားကြပါဘဲနဲ့ မေ့ကြောတင်းကာ ကုသိုလ်ရေးဘက်မှာ ပျင်းကြောဆွဲပီးနေကြသော ပုထုဇဉ်တို့၏
သန္တာန်မှာ အပါယ်လေးဘုံနဲ့သံကြိုးရုံးသွယ်တန်းလို့ ကြိုးမဲ့တယ်လီဖုန်းစက်ရုံများ တည်ဆောက်ထားတာ၊
လမ်းစခန်းဖောက်ထားတာ သူတို့မသိကြဘူးနော်။ သူတို့သွားနေသော လမ်းပေါ်မှာအာသဝေါရေစီးကြောင်းက မပြတ်စီးဆင်းပြီး ရေစီးကြောင်းနောက် မျောပါနေတာ သူတို့မသိကြဘူး။ ငါလုပ်သူများ ငါရှုပ်ပြီဆိုမှတော့ ငါမောက်၊ ငါထောင်လုပ်နေသော ပုထုဇဉ်လူသားဘ၀ကို ကျူပင်၊ ကျူရုံကြီးများနှင့် နှိုင်းယှဉ်ပြီး ဥပမာပြထားပုံများ ဗုဒ္ဓ၏စကားတော်သည် အင်မတန်မှထိမိလှပါသည်။ သိလည်းသိထိုက်ပါသည်။ မှတ်လည်းမှတ်သားသင့်ပါသည်။ ဦးဇင်းတို့၏စာဖတ်ပရိသတ်များကျူပင်ကိုမြင်ဖူးကြမှာပါ......
ကျူပင်ဆိုသည်မှာဘာမှအနှစ်မရှိပါဘူး။ အတွင်းအခေါင်းဟောင်းလောင်းကြီးပါပဲ။ အခိုင်အခံအသုံးပြုနိုင်ဖို့ ဘယ်နေရာမှမရနိုင်ပါဘူး။ အတွင်းအနှစ်မရှိဘူးဆိုပြီး ကျူပင်ကို အထင်တော့သွားမသေးလိုက်ပါနဲ့။ အရွက်နှင့်အတူအညွန့်က အဖျားကိုရောက်အောင်စွင့်စွင့်ငြားငြားထောင်ပြီး မော်နေလိုက်တာများ ။။။။။။
" အနှစ်ရှိသော.....
သစ်ပင်တို့၏ ဓမ္မတာအရ....
အကိုင်းအခက်အညွန့် .......
အတက်အလက်တို့သည် ......
ဝေေ၀ဆာဆာဖြင့်
အောက်ကို ကိုင်းညွတ်ပြီးနေပါသည် ။။။။
အဖျားထောင်လေ့မရှိကြဘူး ..."
ကျူပင်၏သဘောကို တစ်ခါမျှမမြင်မသိဘူးကြသောသူများမြင်လိုက်ရရင်တော့ အရွက်ကလဲ ထောင်ထောင်၊ အညွန့်ကအဖူးတွေကလည်းတထောင်ထောင်နဲ့
မောက်မောက်ကြွားကြွားနေပုံကို ကြည့်ရတာ အနှစ်သာရရှိသော ရယူပိုင်ဆိုင်စရာသစ်ပင်ပဲလို့တောင် အောက်မေ့မှာပါပဲ။ လှံသွားများလို ထိပ်ဦးချွန်မြနေသော အညွန့်အဖူးနှင့်အရွက်တို့ကိုမြင်လိုက်ရသည်ဆိုရင် လှပဝေဆာနေသော ကျူပင်အနားကနေတောင် မခွာချင်လောက်အောင် စွဲလမ်းတမ်းတမိနေမှာအမှန်ပင်ဖြစ်ပါသည်။
တကယ်တန်းခုတ်လှဲကာ စစ်ဆေးကြည့်လိုက်မှ ကျူပင်ဆိုတာ ဘာမှအနှစ်သာရမရှိဘဲ အခေါင်းပကတိသက်သက်မို့ ခိုင်မာသောဘက်မှာ ဘယ်နေရာမှ အသုံးချလို့မရ အသုံးမ၀င်သောအပင်ဆိုတာကို သိကြလိမ့်မည်ထင်ပါသည်။ ကျူပင်တစ်မျိုးထဲသာမကပါဘူး ကမ္ဘာပေါ်မှာပေါက်ရောက်လာကြသော သစ်ပင်၊ သစ်တောဟူသမျှကို စစ်ဆေးကြည့်လိုက်စမ်းပါ။ အနှစ်သာရကင်းပြီး အတွင်းပိုင်းကအခေါင်းပါရှိသော သစ်ပင်မှန်သမျှ အညွန့်အရွက်တထောင်ထောင်နဲ့ စွင့်စွင့်ကြီးမော်နေတတ်ကြပါသည်။ ၀ါးပင်၊ပေပင်၊ အုန်းပင်၊ ထန်းပင်၊ ကွမ်းသီးပင်၊ ငှက်ပျောပင် စသောအနှစ်မရှိသောအပင်တွေအများကြီး ရှိပါသည်။ အနှစ်သာရှိသော သစ်ပင်များလို ကွေးညွတ်ကိုင်းခြင်း မရှိဘဲ တစ်ဖြောင့်တည်းတက်ပြီး ထောင်နေကြပါသည်။
ထိုကြောင့် အနှစ်မရှိသော သစ်ပင်တို့သည် သစ်ပင်တို့၏ ဓမ္မတာအတိုင်းအတာအရ အနှစ်မရှိရင် မရှိသလို ထောင်နေတတ်ကြသလို အနှစ်ရှိသော မန်ကျည်းပင်၊ ပိတောက်ပင်၊ ရှားပင်၊ ကျွန်းပင်စသော အနှစ်သာရရှိသောအပင်မျိုးကြတော့ အနှစ်မရှိသော သစ်ပင်များလိုမဟုတ်ကြပါဘူး။ အနှစ်ရှိသော သစင်ပင်တို့၏ဓမ္မတာအရ အကိုင်းအခက်အညွန့်အတက်အလက်တို့သည်
ဝေေ၀ဆာဆာဖြင့်အောက်ကို ကိုင်းညွတ်နေတတ်ပါသည်။ အဖျားထောင်လေ့မရှိတတ်ကြပါဘူး။ အားလုံးသတိထားရင် သစ်ပင်တို့၏ သဘာဝကို ကြည့်ပြီးခွဲခြားလို့ရနိုင်ပါသည်။
အနှစ်ကင်းပြီးအခေါင်းရှိသော သစ်ပင်များသည် အပြင်အကာအခွံတို့နှင့်ဟန်လုပ်ပြီးနေလို့မို့ အမြင်ကခန့်နေသလိုလိုပါပဲ။အခွံအကာကိုအနှစ်လုပ်ပြီး ရပ်တည်နေသောသစ်ပင်မျိုးလို့ဆိုရမည်။ အဲလိုပါပဲ အန္ဓပုထုဇဉ်တို့သည်လည်း အများအားဖြင့် မိမိခန္ဓာ၏ခြေလက်၊ ခေါင်း၊ခါး၊ မျက်နှာတို့ကိုသာ ပြုပြင်ပြီးငါမှငါနဲ့၊ အရာရာမှာ ထောင်လွှားဝါကြွား နေသလို အိုးအိမ်၊ တိုက်တာ၊
စည်းစိမ်ဥစ္စာ၊ ရာထူးအာဏာ၊ သားသမီး၊ အခြွေအရံ အပေါင်းအသင်းများနှင့်လည်းပဲ ထောင်လွှားဝါကြွားနေကြသောသူက များနေတတ်ကြပါသည်။
ထို့ကြောက် ဆရာတော်ဘုရားကလကာင်္လေးနှင့် ဥပမာဆိုပြထားပါသည်။
** အနှစ်မပါ သစ်ပင်ဟာ ထောင်ကာ မော့နေပ ။**
** အပြင်ဗန်းသာ ကြည့်ကောင်းတာ ဘာဆိုဘာမှသုံးမရ။ **
** အနှစ်ရှိရာ သစ်ပင်ဟာ ဝေဆာညွတ်ကိုင်းကျ။ **
** အနှစ်တုံးဟာ အရာရာ လွန်စွာအသုံးကျ။ **
** ပုထုဇဉ်အကန်း အပြင်ဗန်း ဆန်းသစ်ဝေဆာလှ။ **
** အတွင်းသန္တာန် အနှစ်ဆံ ဧကန်မရှိကြ။**
** အနှစ်မပါ ကျူပမာ သွားတာနေတာ မာန်မောက်ကြွ။ **
ပဲခူးမြို့ မဟာစည်ဆရာတော်အရှင်ဥတ္တမသာရ၏ ** မေ့ကွက်ကိုရှာ ** စာအုပ်မှာ ကောက်နှုတ်ပူဇော်သည်။
No comments:
Post a Comment