မနာလိုခြင်း ဝန်တိုခြင်းသည် ချစ်အပ်သောအာရုံပုဂ္ဂိုလ်၊
မုန်းအပ်သော အာရုံပုဂ္ဂိုလ်လျင်အကြောင်းရှိ၏။ (ဝါ) ချစ်အပ် မုန်းအပ်သော
အာရုံကြောင့် ပုဂ္ဂိုလ်ကြောင့်ဖြစ်၏ ။ ချစ်အပ် မုန်းအပ်သော အာရုံနှင့်
ပုဂ္ဂိုလ်ရှိလျှင် မနာလိုခြင်း ဝန်တိုခြင်းသည် ဖြစ်၏ ။ ချစ်အပ် မုန်းအပ်သော
အာရုံနှင့် ပုဂ္ဂိုလ်မရှိလျှင် မနာလိုခြင်း၊ ဝန်တိုခြင်းသည် မဖြစ်ပေ။
ချစ်ခင်အပ်သောအရာနှင့် မုန်းအပ်သော အရာသည် လိုချင်နှစ်သက်တတ်သော တဏှာဆန္ဒလျှင် အကြောင်းရှိ၏။
တဏာဆန္ဒရှိလျှင် ချစ်အပ် မုန်းအပ်သောအရာရှိ၏။
တဏာဆန္ဒမရှိလျှင် ချစ်အပ် မုန်းအပ်သော အရာမရှိ။
အဲဒီတဏှာဆန္ဒတွင်-
(၁) ရှာလိုတဲ့ ဆန္ဒ (၂) ရလိုတဲ့ ဆန္ဒ (၃) သုံးစွဲလိုတဲ့ဆန္ဒ (၄) သိုမှီးထားလိုတဲ့ ဆန္ဒ (၅) ပေးစွန့်လိုတဲ့ ဆန္ဒ လို့ (၅)မျိုးရှိတယ်။
လိုချင်နှစ်သက်မှု တဏှာဆန္ဒသည် ကြံစည်ဆုံးဖြတ်မှု ဝိတက်လျှင် အကြောင်းရှိ၏။ (ဝါ) ဝိတက်ကြောင့်ဖြစ်၏ ဝိတက်ရှိလျှင် လိုချင်နှစ်သက်မှု တဏှာဆန္ဒဖြစ်သည်။ ဝိတက်မရှိလျှင်တဏှာဆန္ဒ မဖြစ်ဘူး။
ဝိတက်ကို- ကြံစည်ဆုံးဖြတ်ခြင်းလို့ အဋ္ဌကထာမှာ ဖွင့်ပြပါတယ်။ဝိတက် ၂ မျိုး (၁) တဏှာဖြင့် ကြံစည်ဆုံးဖြတ်ခြင်း။ (၂) ဒိဋ္ဌိဖြင့်ကြံစည် ဆုံးဖြတ်ခြင်း။
လိုချင်နှစ်သက်စရာ အနေဖြင့် ထင်မြင်တာနဲ့ ပုဂ္ဂိုလ် သတ္တဝါအနေဖြင့် ထင်မြင်တာ
လိုချင်နှစ်သက်စရာ အနေဖြင့် ထင်မြင်တာဟာ တဏှာဖြင့် ကြံစည်ဆုံးဖြတ်မှုပဲ။
ပုဂ္ဂိုလ်သတ္တဝါ အနေဖြင့် ထင်မြင်တာဟာဒဋ္ဌိဖြင့် ကြံစည်ဆုံးဖြတ်မှုပဲ။
ကြံစည်ဆုံးဖြတ်မှု (ဝိတက်) သည် ပပဉ္စသညာတရားအဖို့လျှင် အကြောင်းရှိ၏။ ပပဉ္စသညာ တရားအဖို့ရှိလျှင် ကြံစည်ဆုံးဖြတ်မှု (ဝိတက်) ဖြစ်သည်မရှိလျှင် မဖြစ်။
ပပဉ္စ ဆိုတာက ချဲ့တယ် လို့အနက်ရှိတယ်။ သညာ ဆိုတာက မှတ်သားတယ်လို့ အနက်ရှိတယ် ။
ပပဉ္စသညာ ဆိုတာက ချဲ့ဖို့မှတ်သားတဲ့ သဘောတရားလို့ အနက်ရတယ်။
ပပဉ္စသညာမှာ - တဏှာ၊ မာန၊ ဒိဋ္ဌိ (၃)မျိုးရှိတယ်။
ဒိဋ္ဌိ ၊ တဏှာ ၊ မာန ပါ သုံးဖြာ ပ ပဉ္စ
ချဲ့ နိုင်အောင်မှတ်စွဲထားမိ၍ ကြံစည်နိုင်သည်, ကြံစည်မိ၍ လိုလားနှစ်သက်သည်။ လိုလားနှစ်သက်၍ ချစ်စရာ မုန်းစရာရှိရသည်။ ချစ်စရာ မုန်းစရာတွေရှိနေ၍ မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာသည်။ မနာလို ဝန်တိုမှုများရှိနေ၍ ဘေးရန်မကင်းပဲ ဆင်းရဲဒုက္ခ ရောက်နေကြရသည်။ သို့ဖြစ်၍ ဆင်းရဲဒုက္ခ မုချကင်းလို့လျှင် ချဲ့နိုင်အောင် မှတ်စွဲထားမှု (ပပဉ္စသညာ) ချုပ်ငြိမ်းသွားအောင်ကျင့်ရမည်။
ပပဉ္စသညာ ချုပ်ငြိမ်းအောင်ကျင့်ပုံ
ကာမဂုဏ်မှီကာ၊ ဝမ်းသာတာ၊ ပယ်ခွာစွန့်ရမည်။
နေက္ခမ္မမှီကာ၊ ဝမ်းသာတာ၊ ပယ်ခွာစွန့်ရမည်။
အကုသိုလ်ပွား၊ ပယ်ရှောင်ရှား ကုပွါးမှီဖို့တည်း
မှီဝဲသင့်တာ၊ မသင့်တာ၊ ဝမ်းသာနှစ်မျိုးတည်း။
နှလုံးမသာ၊ ဥပေက္ခာ၊ခွါပါနည်းတူတည်း။
အကုသိုလ်ပွား၊ ပယ်ရှောင်ရှား ကုပွားမှီဖို့တည်း။
ဤသို့ကျင့်က၊ ပပဉ္စလုံးဝချုပ်သတည်း။
သောမနဿဝေးဒနာ၊ ဒေါမနဿ ဝေဒနာ ဥပက္ခာဝေဒနာလို့ (၃)မျိုးရှိတဲ့အနက် သောမနဿဖြစ်ဖြစ် ၊ ဒေါမနဿဖြစ်ဖြစ်၊ ဥပေက္ခာဖြစ်ဖြစ် မမှီဝဲသင့်တာကို မမှီဝဲရဘူး။ ကြဉ်ရှောင်ရ၊ ပယ်ရမယ်။ မမှီဝဲသင့်တဲ့ ဝေဒနာဆိုတာ အကုသိုလ်ကိုဖြစ်ပွားစေတဲ့ ဝေဒနာဆိုတာ ကုသိုလ်ကို ဖြစ်ပွါးစေတတ်တဲ့ ဝေဒနာပဲ။ အဲဒါကို မိမိသန္တန်မှာ ဖြစ်စေပြီးတော့ မှီဝဲရမယ်။
ဤဆိုခဲ့သည့်အတိုင်း မမှီဝဲသင့်တာကို ရှောင်ပယ်၍ မှီဝဲသင့်တာကိုမှီဝဲသော နည်းဖြင့် ကျင့်သော သံသရာဘေးကိုရှုမြင်သော သူသည်ပပဉ္စသညာ တရားစု၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ရန် သင့်လျော်မှန်ကန်သော လမ်းကောင်းဖြစ်သော မဇ္ဈိမ ပဋိပဒါခေါ်သော အကျင့်ကိုကျင့်သည်ဖြစ်ပါ၏။
ပပဉ္စ ချုပ်ကြောင်းအကျယ်ကို မဟာစည်ဆရာတော်ဘုရားကြီး၏ သက္ကပဥှာသုတ်မှာ ဖတ်ရှု့လေ့လာကြပါ။
မိမိအလိုတိုင်း မဖြစ်ပဲ ဆင်းရဲနေကြရခြင်း အကြောင်းအရင်း၏ အဓိကတရားခံ ပပဉ္စသညာ အကြောင်းကို မဟာစည်ဆရာတော်ဘုရားကြီး၏ သက္ကပဥှာသုတ်မှ ထုတ်နှုတ်မျှဝေပါသည်။
ဆန္ဒမွန်ဖြင့်.....
ဗုဒ္ဓကမ္ဘာဆိုဒ်မှ nyansoe ရေးသားသော ပို့မှ ကူးယူမျှဝေသည်။

No comments:
Post a Comment