မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်ကို
အတိတ်ရယ် အနာဂတ်ရယ် ပစ္စုပ္ပန်ရယ်
ကြောင်းကျိုးစဉ်ဆက်ဖြစ်ပေါ်နေမှုတွေကို ရှင်းပြတယ်၊
ဒီတော့ ဘုရားဟောတဲ့ တရားပေမယ့်လို့
အယူအဆ လွဲသွားလို့ မှားယွင်းတဲ့ အမြင်တစ်ခုဟာ
ဖြစ်ပေါ်လာရင် အတော်မှ အန္တရာယ်ကြီးတယ်ပေါ့၊
မြတ်စွာဘုရားလက်ထက်ကလည်းပဲ
မှားယွင်းတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်တွေက
ဘုရားဟောတာလို့ပဲ ထောက်ပြကြတာပဲ၊
သာတိရဟန်းတို့ဆိုရင် ဘုရားဟောတဲ့တရား
သူနားလည်တဲ့အတိုင်း ပြောရမယ်ဆိုရင်တဲ့
“ဟောဒီဝိညာဏ်လေးသည်ပင်
တစ်ဘ၀ကနေ တစ်ဘ၀ ကူးနေတာ” လို့ ဒီလိုပြောတာပဲ။
တရားဓမ္မနဲ့ ပတ်သက်တဲ့ အယူအဆ
ဒါကြောင့် တရားတွေ ဖတ်ရင်း ဖတ်ရင်းက နေပြီးတော့
မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်သေးတယ်ဆိုတာ သတိထားဖို့ပဲ၊
အယူအဆ မတတ်ဘူးဆိုရင်
မှားယွင်းတဲ့ အတွေးအခေါ်တစ်ခု ၀င်သွားတတ်တယ်၊
ဝင်သွားရင် မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့အမြင် ဖြစ်တတ်တယ်၊
ဥပမာ - ပဋိစ္စသမုပ္ပါဒ်ကို သုံးဘ၀နဲ့ မပတ်သက်ဘူးး၊
တစ်ဘ၀တည်းသာ ဟောတာလို့
ဒီအယူအဆကိုတင်ပြရင် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားမယ်၊
အဲဒါမျိုးက မြတ်စွာဘုရားကို စွပ်စွဲရာလည်း ရောက်တယ်၊
အဲဒါကြောင့် တရားဓမ္မနဲ့ ပတ်သက်ပြီး အလွန်သတိထားရမယ်၊
မှားမှားယွင်းယွင်းတွေ မဖြစ်စေချင်ဘူး၊
ကိုယ့်အယူအဆ
အတွေးအခေါ်တွေက မှားယွင်းသွားတတ်တယ်၊
အဲဒီမှားယွင်းမှု မဖြစ်စေဖို့ ဘက်စုံကြည့်တတ်ရတယ်။
အေး ကောင်းပြီ၊ “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာ
ဒီနေရာမှာ ယုတ္တိလည်း ရှိတယ်၊ သဘာဝလည်း ကျတယ်၊
လူတွေဟာ ဥပါဒါန်စွဲလမ်းမှုကြောင့် ဘ၀မှာ တွေးကြတယ်၊
ကြံကြတယ်၊ ပြောကြတယ်၊ ဆိုကြတယ်၊
ကံတရားတွေ လုပ်နေကြတယ်၊
အဲဒီကံတရားတွေ လုပ်နေခြင်းသည်ပင်လျှင်
နောင်ဘ၀ဖြစ်ဖို့ရာအတွက် “ဘ၀ပစ္စယာ ဇာတိ” ဖြစ်တော့မှာပေါ့၊
အခုဘ၀ လူတိုင်းလူတိုင်းဟာ
အိပ်ချည်းနေတာမှ မဟုတ်တာဘဲ၊
အချိန်မရွေး ဘာတွေ ဖြစ်နေတာတုန်းလို့ မေးလို့ရှိရင်
လူတွေရဲ့သန္တာန်မှာ ကံတရားတွေ ဖြစ်နေတာပဲ၊
အဲဒါ accumulation ကံတရားတွေဟာ
လူတွေရဲ့စိတ်ထဲမှာ စုမိဆောင်းမိ ဖြစ်လာတယ်။
''ပုထုဇဉ်တို့၏ အတွေး''
ကြည့်လေ - မနက်မိုးလင်းတဲ့ အချိန်ကစပြီး
မျက်လုံးလေးနှစ်လုံးဖွင့် အိပ်ယာက နိုးလိုက်တာနဲ့ တွေးပြီ၊
အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ကြည့် -
“ငါတွေးတဲ့အတွေးဟာ အကောင်းတွေးလား၊
အဆိုးတွေးလား” ဆန်းစစ်ဖို့ လိုတယ်ပေါ့၊
ဘာကစ တွေးတာတုန်းလို့
ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပေါ့၊
မနက်မိုးလင်းရင် ဘာက စတွေးလဲ၊
အဲဒီအတွေးဟာ လောဘနဲ့ တွေးသလား၊
ဒေါသနဲ့ တွေးသလား၊
မောဟနဲ့ တွေးသလား၊
မာန်မာနတွေနဲ့ တွေးသလားလို့ဆိုတဲ့
အတွေးတွေကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ
လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေနဲ့
တွေးပြီဆိုလို့ရှိရင် ဒါက အကုသိုလ်ဖြစ်တာပဲ၊
အလောဘ အဒေါသ အမောဟ ဆိုတဲ့
ကုသိုလ်စိတ်တွေနဲ့ တွေးတဲ့အခါ ကုသိုလ်ဖြစ်တာပေါ့။
သတ္တ၀ါတွေဟာ များသောအားဖြင့်
နိုးလာတဲ့အချိန်က စပြီးတော့ တွေးလိုက်တာ
ညအိပ်ယာဝင်တဲ့အထိပဲ၊ အိပ်ပျော်သွားမှ ရပ်သွားတယ်၊
အဲဒီတွေးသမျှ အတွေးတွေဟာ ကုသိုလ်ရင်လည်း ဖြစ်မယ်၊
အကုသိုလ်ရင်လည်း ဖြစ်မယ်၊
ဒီနှစ်ခုက ရှောင်တိမ်းလို့ ရရဲ့လား၊ မရဘူး၊
ကိုယ်တွေးနေတဲ့ အတွေးသည် ကုသိုလ်တွေးတာတွေလည်း ဖြစ်မယ်၊ အကုသိုလ်တွေးတာတွေလည်း ဖြစ်မယ်။
''ရဟန္တာတို့၏ အတွေး''
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်တွေလည်း မတွေးဘူးလား ဆိုတော့ တွေးတယ်၊
သို့သော် ရဟန္တာပုဂ္ဂိုလ်တွေက လောဘနဲ့ မတွေးဘူး၊
ဒေါသနဲ့ မတွေးဘူး၊ မောဟနဲ့ မတွေးဘူး၊
ဘာဖြစ်လို့လဲဆိုတော့ လောဘ ဒေါသ မောဟတွေက
သူတို့သန္တာန်မှာ မရှိတော့ဘူး၊ positive မဟုတ်ဘူး၊ negative ဖြစ်သွားပြီ၊ လောဘ ဒေါသ မောဟဆိုတာက လုံးဝချုပ်ငြိမ်းသွားပြီ၊ ချုပ်ငြိမ်းသွားသည့်အတွက်ကြောင့်
သူတို့တွေးသမျှ အတွေးသည် အလောဘနဲ့ တွေးရင် တွေးမယ်၊
အဒေါသနဲ့ တွေးရင် တွေးမယ်၊ အမောဟနဲ့ တွေးရင် တွေးမယ်၊
ဒါမျိုးနဲ့ပဲ တွေးလို့ ရတော့တာပေါ့။
''ရဟန္တာ ပြုသမျှ ကံမမြောက်ပုံ''
ဒီတော့ သူတို့တွေးတဲ့ အလောဘ အဒေါသ အမောဟ ဆိုတဲ့
အတွေးတွေက ကံဖြစ်သလားလို့ဆိုတော့ ကံမဖြစ်ဘူး၊
ဘာဖြစ်လို့တုန်းဆိုရင် ကံရဲ့အဖော်သဟဲ
အဓိကအကြောင်းတရားတွေ၊
ကံအကျိုးပေးဖို့ အဓိကအကြောင်းတရားတွေက
ကိလေသာတွေ ဖြစ်တယ်၊
ကိလေသာတွေကမှာ ကံဖြစ်ဖို့ရာအတွက် အားပေးတယ်။
“အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ” မှာ
အ၀ိဇ္ဇာဆိုတာ ကိလေသာ၊
“ဥပါဒါနပစ္စယာ ဘဝေါ” မှာ တဏှာတို့ ဥပါဒါန်တို့ဆိုတာ
ကိလေသာတွေလေ၊ အဲဒါတွေနဲ့လာမှ ကံဆိုတာ လာတာ၊
ရဟန္တာတွေရဲ့ သန္တာန်မှာ ကိလေသာတွေ
အမြစ်ပြတ်နေသည့်အတွက်ကြောင့်
သူတို့တွေးတဲ့အတွေးဟာ သန့်ရှင်းတဲ့အတွေးမျှသာ ဖြစ်တယ်၊
ကံမျိုးစေ့ မပါဘူး၊ ဒါကြောင့်မို့ “ကြိယာ” လို့ ခေါ်တာနော်၊
ကြိယာဆိုတာ ပြုခြင်းသက်သက်ပဲ။
ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင်
သရက်ပင်ကြီးတစ်ပင် အပွင့်တွေ ပွင့်နေတယ်၊ ပွင့်နေတဲ့အချိန်မှာ ရေသောက်မြစ်ကို ဖြတ်လိုက်မယ်လို့ ဆိုလို့ရှိရင်
အဲဒီသရက်ပင်က အပွင့်တွေကနေ အသီးသီးဦးမလား၊
ရေသောက်မြစ်နဲ့ အလားသဏ္ဍာန်တူတဲ့
ကိလေသာတွေကို ဖယ်လိုက်တဲ့
ရဟန္တာပုဂ္ဂိုလ်ရဲ့စိတ်က ဖြစ်ပေါ်လာတဲ့ နေ့စဉ်ပြောနေတဲ့
လှုပ်ရှားမှုတွေဟာ ဒီအဖူးအပွင့်တွေ ဖြစ်သွားပြီ၊
အဖူးအပွင့်တွေ ဖြစ်ရာမနေ အသီးဆိုတာ မလာတော့ဘူးပေါ့၊
ဒီလို ဆိုလိုတာပေါ့။
ရဟန္တာပုဂ္ဂိုလ်တွေလုပ်သမျှ အကုသိုလ် မလုပ်ဘူး၊
ကုသိုလ်တွေတော့ လုပ်တယ်၊
ရှင်သာရိပုတ္တရာ တရားဟောတယ်၊
မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေကို ပြုစုစောင့်ရှောက်တယ်၊
ကျန်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေလည်း
ကောင်းတဲ့အလုပ်တွေကို လုပ်ကြတယ်၊
အဲဒါတွေဟာ သာမန်ကြည့်ရင် ကုသိုလ်လို့ ပြောရမယ်၊
သို့သော် ကုသိုလ်လားဆိုတော့ မဟုတ်တော့ဘူး၊
ကြိယာ - ပြုကာမျှပဲဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်၊
အဲဒါ ဘာကြောင့် ဒီလို ခေါ်ရလဲဆိုလို့ရှိရင်
ကံကို ဆက်စပ်ပေးနိုင်မယ့်
ကိလေသာတွေ မရှိတော့လို့ - ဒီလိုပြောရမယ်၊
အေး ဒါကြောင့်မို့လို့ ကိလေသာတွေနဲ့တွဲဖက်မှ
ကံဆိုတာက ဖြစ်တာဖြစ်လို့
ရဟန္တာပုဂ္ဂိုလ်တွေအားလုံး တွေးသမျှဟာ
အပြစ်ကင်းတဲ့ တွေးတောမှုတွေသာ ဖြစ်တယ်။
''ပုထုဇဉ် ပြုသမျှ ကံမြောက်ပုံ''
ပုထုဇဉ်တွေကျတော့ တွေးသမျှတွေမှာ
အပြစ်မကင်းတာက ပိုများတာပေါ့၊
အေး တွေးတာက အပြစ်မကင်းဘူးဆိုရင်
ပြောတာ အပြစ်ကင်းနိုင်ပါ့မလား၊ မကင်းနိုင်ဘူး၊
ပြောတာက အပြစ်မကင်းဘူးဆိုရင် လုပ်တာလည်း အပြစ်မကင်းနိုင်တော့ဘူးပေါ့၊
ဒီတော့ ကိုယ့်ရဲ့လှုပ်ရှားမှု ကိုယ့်ရဲ့ပြောဆိုမှုတွေဟာလည်းပဲ
အကုသိုလ်ဝစီကံ အကုသိုလ်ကာယကံတွေ ဒီလိုဖြစ်တာတတ်တယ်၊
ဒီဘ၀မှာ ကံတွေဟာ
ကိုယ့်သန္တာန်မှာ accumulate စုမိဆောင်းမိတွေ ဖြစ်လာတယ်၊
စုမိဆောင်းမိတယ်ဆိုတာ အသီးသီးလာတာပဲ၊
အသီးလေးက သီးသီးချင်းတော့ သူက အားမရှိသေးဘူးးပေါ့၊
နောက်အပင်ပေါက်ဖို့ အဆင်သင့်ဖြစ်လာပြီ၊
ကံရဲ့သဘောက အဲဒီအတိုင်းပဲပေါ့၊
မျိုးစေ့လေးတွေနဲ့ အလားသဏ္ဍာန် တူတယ်၊
အပင်ပေါက်ဖို့ အနေအထားမျိုး ရင့်ကျက်ပြီးတော့ လာပြီဆိုရင်
သူက မျိုးစေ့တစ်ခုကို ထုတ်လုပ်တယ်။
အေး ဒါ့ကြောင့်မို့ ဒီမှာ “ဥပါဒါနပစ္စယာ ဘဝေါ”
နေ့စဉ်နှင့်အမျှ ဘုန်းကြီးတို့တစ်တွေရဲ့သန္တာန်မှာ
ကံတရားတွေ စုမိဆောင်းမိနေတယ်၊
ပစ္စုပ္ပန်ဘ၀မှာ ကံတရားတွေ
စုမိဆောင်းမိဖြစ်နေခြင်းသည်
နောင်ဘ၀တစ်ခုအတွက် စုဆောင်းနေတာနဲ့ အလားတူတယ်၊
ယခုနှစ်မှာ သရက်ပင်ကြီးက သရက်သီးတွေ သီးနေတယ်၊
အဲဒီသရက်သီးတွေ ရင့်လာပြီးတော့
ဒီနှစ် သရက်စေ့လေးက နောင်နှစ်ခါကျတော့
အပင်ပေါက်ဖို့အတွက် ဖြစ်နေတယ်ပေါ့၊
ဒီလို ဆိုလိုတာ။
အခုဘ၀ပြုထားတဲ့ ကံတရားတွေက
နောက်ဘ၀တွေ အတွက်
ဒါ မျိုးဆက်အသစ်တွေ ဖြစ်လာပြန်တယ်ပေါ့၊
အဲဒီလိုနဲ့ ကံတရားတွေက
ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ
အများကြီး ဖြစ်လာကြတယ်။
''ကိလေသနိရောဓာ ကမ္မနိရောဓော''
အဲဒီတော့ အများကြီးဖြစ်လာတဲ့ ဒီကံတွေ
မကုန်ဘဲနဲ့သံသရာဝဋ်က ဘယ်လိုလုပ် လွတ်နိုင်မလဲဆိုတော့
ကံကို ကုန်အောင် လုပ်လို့ မရဘူး၊
ကံဆိုတာ လုပ်ပြီးသွားပြီလေ၊
လုပ်ပြီးသွားတဲ့ အရာတစ်ခုကို
သွားဖျက်ဆီးလို့ ဘယ်ရတော့မလဲ၊ ပြီးနေပြီပဲ၊
ပြီးနေတဲ့အခါကျတော့
တကယ်က အဲဒီကံတွေ အကျိုးပေးလို့ မရအောင်
ဘာလုပ်ရမတုန်းဆိုတော့ ကိလေသာကိုပဲ ပယ်ရတယ်၊
မသိတာ သိအောင် လုပ်ရမယ်၊
တွယ်တာတာတွေကို ဖြုတ်ရမယ်၊
ဒေါသတွေကို မေတ္တာနဲ့ ဖလှယ်ရမယ်ပေါ့၊
အဲဒီတော့ လောဘ ဒေါသ မောဟတွေကို ဖယ်ရှားပစ်ခြင်းဟာ
ကံအသစ်တွေ မဖြစ်ဖို့၊ ကံတွေ အကျိုးပေးဖို့
အခွင့်အလမ်း မရှိအောင် လုပ်တာနဲ့ တူတူပဲပေါ့။
ဒါကြောင့်မို့လို့ တရားဓမ္မ နာနေတဲ့အချိန်မှာ
လောဘတွေ မဖြစ်ဘူး၊
ဒေါသတွေ မဖြစ်ဘူး၊
မောဟတွေ မဖြစ်ဘူး ဆိုလို့ရှိရင်
ဒီတရားနာခြင်းသည် လောဘ ဒေါသ မောဟတွေကို
ဖယ်ရှားနေတဲ့ သဘောပဲပေါ့၊
အဲဒီဖယ်ရှားနေတဲ့ သဘောလေးဟာ
အခုချိန်မှာ အကုသိုလ်ကံတွေ
ကိလေသာတွေ မဖြစ်သည့်အတွက်ကြောင့်
ကံ အကျိုးပေးမှုတွေကို
အားပျော့သွားအောင် လုပ်နေတာနဲ့တူတယ်၊
ဒီလို ဆိုလိုတာပေါ့နော်၊
နည်းလမ်းက ဒါပဲ၊
ကံကို ပယ်ရမှာ မဟုတ်ဘူး၊
ပယ်ရမှာက ကိလေသာ။
ဆိုပါစို့ - “အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ” မှာ
အ၀ိဇ္ဇာကို ဖယ်ရမှာ၊ သင်္ခါရကို ဖယ်လို့ မရဘူး၊
အ၀ိဇ္ဇာကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက်
သင်္ခါရကလည်း ဖယ်ပြီးသား ဖြစ်သွားတာပဲ၊
တဏှာ, ဥပါဒါန်, ဘ၀ဆိုတဲ့ နေရာမှာလည်းပဲ
တဏှာနဲ့ဥပါဒါန်ကို ဖယ်ရမှာ၊
တဏှာနဲ့ ဥပါဒါန်ကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက်
ကမ္မဘ၀ဆိုတာကလည်းပဲ အကျိုးပေးလို့ မရတော့ဘူးပေါ့၊
ဒါကြောင့်မို့ “ကိလေသနိရောဓာ ကမ္မနိရောဓော” တဲ့၊
“ကိလေသာချုပ်သွားလို့ရှိရင် ကံတရားတွေလည်း ချုပ်တာပါပဲ” တဲ့။
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)
Post by ဓမ္မပါလ

No comments:
Post a Comment