နိဗ္ဗာန်လိုချင်လာအောင် တရားဟောပေးတော်မှုပါ
မစိုးရိမ်ဆရာတော်ဘုရားကြီး မန္တလေးမှ ရန်ကုန်ကို ရထားနဲ့ကြွလာတဲ့အခါမှာ သာစည်ဘူတာကိုရောက်တော့ မြင်းခြံတို့၊ မိတ္ထီလာတို့ဘက်မှ စာရင်းစစ်ပြီး ပြန်လာတဲ့ စာရင်းစစ် ဒါယိကာတစ်ဦး ဆရာတော်စီးတဲ့ တွဲပေါ်တတ်လာပါတယ်။
ဆရာတော်ကြီးကိုတွေ့တော့ ရဟန်းတော်များနဲ့ တစ်တန်းထဲမနေရဲဘူးဆိုပြီး ထိုင်ခုံမှာမနေဘဲ အောက်မှာပဲ နေရာခင်းပြီးတော့နေပါတယ်။
ပြီးတော့မှ ဆရာတော်ကြီးကို `အရှင်ဘုရားတို့လို သံဃာတော်များနဲ့ တွေ့ကြုံရခဲပါတယ်ဘုရား၊ တွေ့တုန်းကြုံတုန်း တပည့်တော်ကို တရားလေးနည်းနည်းဖြစ် ချီးမြင့်ဟောကြားတော်မှုပါ` လို့လျှောက်ထားလာတယ်။
ဆရာတော်ဘုရားကြီးမှ `ဘာကြောင့်တရားနာချင်တာလဲ`လို့မေးတော့ ``နိဗ္ဗာန်ရောက်ချင်လို့ပါဘုရား``လို့ဆိုပြီး ပြန်လည်ဖြေကြား
လာတော့ *`ဒီလိုးဆို ဒကာကြီးကို ဘုန်းကြီးမေးမယ်၊ မှန်မှန်ဖြေမလား* ဆိုတော့ တပည့်တော် မလိမ်တတ်ပါဘူးဘုရား၊ မှန်မှန်ဖြေပါ့မယ်တဲ့။
မေး ။ ဒကာကြီး နိဗ္ဗာန်နဲ့ငွေ ဘယ်ဟာကို ပိုကြိုက်သလဲ?
ဖြေ။ နိဗ္ဗာန်ကိုသာရမယ်ဆိုရင် ငွေကဘာလုပ်ဖို့လဲ ဘုရား...
မေး။ မဟုတ်သေးပါဘူး၊ ဒကာကြီးက စာရင်းစစ်ဆိုတော့ ဂဏန်း(သင်္ချာ)ကို ပိုပြီးနားလည်ပါတယ်။ သင်္ချာသမားဆိုတာ သဘောညာဏ်ပိုပြီးကြီးပါတယ်၊သေသေချာချာ တွက်ချက်ပြီးမှ ဖြေပါနော်။ ကိုယ့်စိတ်ကို မေးကြည့်ပါ။ နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လားဆိုတာကိုပေါ့၊?
ဖြေ။ တကယ်လိုချင်ပါတယ် ဘုရား...
မေး။ ဒကာကြီး ဘုန်းကြီးကို မလိမ်ကောင်းဘူးနော်၊ လိမ်တယ်ဆိုတာ ဘာမှ အကျိုးမရှိဘူး။ မှန်မှန်သာ ဖြေပါ။ နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လား။?
ဖြေ။ အရှင်ဘုရားတို့လို ဆရာတော်ကြီးများကို တပည့်တော် မလိမ်ဝံ့ပါဘူး ဘုရား။ မှန်တဲံ့အတိုင်းလျှောက်ထားတာပါ၊ ငွေက ဘာအသုံးကြလို့လဲ၊ တပည့်တော်က နိဗ္ဗာန်ကိုသာ တကယ်လိုချင်တာပါဘုရား...
မေး ။ ကဲ... ဒီလိုဆိုရင် ဒကာကြီး အခုနိဗ္ဗာန်ရဖို့လည်ပြီး ရှာနေတာလား? ငွေရဖို့ လည်ပြီးရှာနေတာလား?
ဖြေ ။ တပည့်တော်က လိမ်လိုတဲ့စိတ်မျိုး မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး၊ အမှတ်တမဲ့ ပြောမိတာပါ။ သည်းခံခွင့်လွတ်တော်မှုပါ ဘုရား။ တပည့်တော် ငွေနဲ့ နိဗ္ဗာန် နှစ်မျိုးထဲဆိုရင် နိဗ္ဗာန်ကို မလိုချင်ပါဘူး ဘုရား၊ ငွေကိုသာ လိုချင်တာပါ ဘုရား....လျှောက်ထားတော့တယ်။
အေး..အေး ဒါမှမှန်တယ်၊ နောက်ဆိုရင် ဘယ်ဘုန်းကြီးနဲ့တွေ့တွေ့ တပည့်တော် နိဗ္ဗာန်ကို မလိုချင်သေးလို့ *နိဗ္ဗာန်လိုချင်လာအောင် တရားဟောပေးတော်မှုပါ ဘုရား*လို့ အရင်လျှောက်ထားရမယ် ဒကာကြီး။
ခက်တာက #တကယ်မလိုချင်သေးဘဲနဲ့ လိုချင်တယ်လို့ ထင်နေကြတယ်# လို့ မိန့်ကြားလိုက်ပါတော့တယ်။(ထေရုပ္ပတ္တိကထာ)
တရားချစ်ခင် ဓမ္မသူတော်စင်မိတ်ဆွေအပေါင်းတို့ကလည်း မိမိကိုယ်ကို သေချာအောင်ပြန်ပြီးတော့ မေးကြည့်လိုက်ပါအုံး....(နိဗ္ဗာန်ကို တကယ်လိုချင်တာရော ဟုတ်ရဲ့လား)
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ မထေရ်မြတ်တို့စကားဝိုင်း စာအုပ်မှ...

No comments:
Post a Comment