အလုပ်အပိုတွေ
----------------
အချိန်သည် အရောင်အဆင်းမရှိ ဒြပ်ထုမရှိ မရပ်မနားရွေ့လျားနေသော ထာဝရခရီးသည်ကြီး ဖြစ်ပါသည်။ အချိန်ကိုတန့်ရပ်စေခြင်းငှာ မည်သူမျှမစွမ်းနိုင်။
အချိန်၏ ပင်ကိုယ်သဘာဝအရ မည်သည့်အရောင်အဆင်းမျှ မရှိ။ အချိန်သည် အဖြူလည်းမဟုတ်။ အမည်းလည်းမဟုတ်။ အကောင်းလည်းမဟုတ်။ အဆိုးလည်းမဟုတ်။
အချိန်၏ အကောင်းအဆိုးကို အချိန်က မဖန်တီးနိုင်။
အချိန်၏ အကောင်းအဆိုးကို ဖန်တီးနိုင်သူမှာ လူသားသာလျှင် ဖြစ်ပါ၏။ အချိန်က လူသားကို အဆိုးအကောင်း ဖန်တီးနိုင်စွမ်း မရှိပါ။ အချိန်ဟူသည် ယင်းကိုအသုံးချသူ၏ အသုံးချပုံ အသုံးချနည်းအပေါ် တည်မှီလျက် အကောင်းအဆိုး ဖြစ်ပေါ်လာရခြင်းသာ ဖြစ်ပါ၏။
အချိန်တစ်ချိန်၌ လူတစ်ဦးသည် ကောင်းမှုကုသိုလ်များပြု၏ ။ ထိုအချိန်သည် ထိုသူအတွက် မင်္ဂလာရှိသော အချိန်ဖြစ်ပါ၏။ ကျက်သရေရှိသောအချိန် ဖြစ်ပါ၏။ အချိန်ကောင်းဖြစ်ပါ၏။ အချိန်တစ်ချိန်၌မူ ထိုသူသည်ပင် မကောင်းမှုအကုသိုလ်များပြု၏။ ထိုအချိန်သည် ထိုသူအတွက် အမင်္ဂလာအချိန်ဖြစ်ပါ၏။ ကျက်သရေကင်းမဲ့သောအချိန် ဖြစ်ပါ၏။ အချိန်ဆိုးဖြစ်ပါ၏။
လူသားတစ်ဦး၏ အတွင်းသန္တာန်၌ မေတ္တာဓာတ်များဖြင့် ရွှန်းစိုနေမည် ကရုဏာတရားပွင့်စည်နေမည်။ မုဒိတာတရားများထွန်းလက်နေမည်။ စေတနာကောင်း

စေတသိက်ကောင်းတို့
ကိန်းအောင်းနေမည်ဆိုပါလျှင် ထိုအချိန်သည် ကောင်းသောအချိန်ဖြစ်ပါ၏။
ကျက်သရေမင်္ဂလာအပေါင်း ခညောင်းသောအချိန်ဖြစ်၏။ မြင့်မြတ်သောအချိန်ဖြစ်၏။
လူသားတစ်ဦး၏ အတွင်းသန္တာန်၌ ဒေါသများဖြင့် ပူလောင်နေမည်။ ထူထဲသောမောဟဖြင့် တွေဝေယိမ်းယိုင်နေမည်။ ဝိသမလောဘများဖြင့် ကြမ်းတမ်းလောင်မြိုက်နေမည်။ စေတနာဆိုး စေတသိက်ဆိုး ဖွဲ့စည်းနေမည်ဆိုလျှင် ထိုအချိန်သည် အချိန်ဆိုးဖြစ်၏။ ကျက်သရေမင်္ဂလာကင်းမဲ့သော အချိန်ဖြစ်ပါ၏။ ယုတ်ညံ့သောအချိန်ဖြစ်ပါ၏။
မည်သည့်နေ့ရက်သည် အချိန်ကောင်း (ရက်ရာဇာ) မည်သည့်နေ့ရက်သည် အချိန်ဆိုး (ပြဿဒါး) ဟူ၍ သတ်မှတ်ခြင်းမှာ စစ်မှန်သော ဓမ္မလမ်းကြောင်းမှ တိမ်းစောင်းသွေဖည်သွားခြင်းသာ ဖြစ်၏။ ယင်းသို့ သတ်မှတ်နိုင်သော တန်ခိုးအာဏာလုပ်ပိုင်ခွင့်လည်း တစ်ကမ္ဘာလုံးတွင် မည်သူတစ်စုံတစ်ဦးမျှ မရှိနိုင်။
မည်သည့်နေရက်သည် ရက်ရာဇာ မည်သည့်နေ့ရက်သည် ပြဿဒါးဟု သတ်မှတ်သွားသောသူများမှာ ထေရဝါဒဗုဒ္ဓ ဓမ္မ အသိအမြင်လည်း ကင်းမဲ့ ခေတ်မှီအတွေးအခေါ်လည်း မရှိ။ သိပ္ပံအတွေး သိပ္ပံအမြင်လည်း နတ္ထိဖြစ်သော လက်တစ်ဆုပ်စာ ရှေးဟောင်းဗြဟ္မဏတစ်စုသာ ဖြစ်ပါ၏။ ထေရဝါဒ ဗုဒ္ဓဓမ္မကို အစဉ်တစိုက် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံကြီးအတွင်း၌ ဗုဒ္ဓဘာသာမတည်ရှိအောင် ထိုးနှက်ခဲ့သော ရှေးဗြဟ္မဏဝါဒီသူဟောင်းကြီးတို့၏ ရက်ရာဇာ ပြဿဒါးအယူသည် အယူမှားသာဖြစ်ပါ၏။ လက်တွေ့ဘဝတွင် အကျိုးစီးပွားကိုလည်း ဖော်ဆောင်နိုင်စွမ်းမရှိပါ။ ထေရဝါဒ ဗုဒ္ဓဘာသာများအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာ၏ တရားဓမ္မများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော ဗြာဟ္မဏဝါဒီတို့၏ ရက်ရာဇာ ပြဿဒါး အယူဝါဒ၏ လောင်းရိပ်မှ ရုန်းထွက်နိုင်ဖို့ လိုအပ်ပါသည်။ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကို အသက်ပမာ တွယ်တာပါလျှင် ဗုဒ္ဓ၏ တရားစစ်တရားမှန်မှလွဲ၍ အခြားသော အယူဝါဒမျိုးစုံကို လက်ခံစရာ လုံးဝမလိုပါ။ မိမိ၏ အမွေကောင်းဖြစ်သော ဗုဒ္ဓ၏ ဓမ္မအစစ်အမှန်များကို ပြည့်စုံကုံလုံစွာ သဘောပေါက် နားလည်ကျေညက်အောင် လေ့လာအားထုတ်၍

ပြန်လည်ဖြန့်ဖြူးဝေငှရန်သာ ဖြစ်ပါသည်။
ရက်ရာဇာ ပြဿဒါးနှင့်စပ်လျဉ်း၍ ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးက ဤသို့ လမ်းညွှန်ဆုံးမသြဝါဒ ပေးတော်မူခဲ့ပါ၏။
& ရက်ရာဇာ ပြဿဒါး လာဘ်နေ နတ်နေ ဗေဒင် စသည့် အယူအစွဲတွေလည်း ဒီ မင်္ဂလ အမင်္ဂလ အယူအစွဲတွေထဲမှာ ပါဝင်ပါတယ်။ အမှန်တော့ နေ့ရက်အချိန်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အချိုးတကျလုပ်ကိုင်ဆောင်ရွက်ရင် အလုပ်ကိစ္စတွေ အောင်မြင်တာပဲ။ ဘယ်လိုအချိန်ကောင်းရွေးပြီး လုပ်ပေမဲ့လို့ အချိုးတကျမဆောင်ရွက်ရင်တော့ မအောင်မြင်ပါဘူး။ အဲဒါ စဉ်းစားကြည့်ဖို့ကတော့ ထိမ်းမြားမင်္ဂလာ ပြုကြရာမှာ ရက်ကောင်း အချိန်ကောင်းရွေးပြီး ဆောင်ရွက်ကြပေမယ့် အချင်းချင်းဆက်ဆံရေးက အဆင်မပြေတော့ တကွဲတပြားစီ ဖြစ်သွားကြတာတွေလည်း များစွာရှိနေတာပဲ။ ဒါကြောင့် ဘုန်းကြီးတို့ကတော့ ရက်ရာဇာ ပြဿဒါး စတာတွေကို ယုံကြည်တာဟာ အလုပ်အပိုတွေလို့ အသိအမှတ်ပြုထားပါတယ်။
******************************
(မင်းနန်-မော်ကျွန်း)

No comments:
Post a Comment