အကျိုးရှိစွာလှူဒါန်းပါ။
-----------------------
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဒါနကောင်းမှု၌ မွေ့လျော်ပျော်ပိုက်တတ်ကြ၏။ နေ့စဉ်နှင့်အမျှ အလှူဒါနပြုသူများ စည်ပင်ဝေဆာလျက်ရှိသည်မှာ နိုင်ငံနှင့် လူမျိုး၏ စရိုက်လက္ခဏာတစ်ခုပင် ဆိုနိုင်ပါသည်။ မိမိရှာဖွေရရှိလာသော ဓနဥစ္စာများကို မိမိနှင့် မိမိ၏မိသားစု အတွက်သာလျှင် သုံးစွဲခြင်းမရှိဘဲ လှူဒါန်းခြင်းသည်။ ဥစ္စာထဲမှ အနှစ်ထုတ်ယူနေခြင်း ဖြစ်ပါ၏။
သို့တစေ တစ်ဦးနှင့်တစ်ဦး ဥစ္စာထဲမှ အနှစ်ထုတ်ယူပုံခြင်း မတူ။ ဒါနပြုပုံ ပြုနည်းချင်း မတူကြပေ။ ဒါနပြုစဉ်ထားရှိသော စေတနာနှင့် အသိဥာဏ်အဆင့်အတန်းတို့ ကွာခြားသောကြောင့် ဒါနချင်းလည်း ကွာခြားချင်းဖြစ်ပါ၏။ ဒါနတွင် ညံ့သောဟီနဒါန အလယ်အလတ်ဖြစ်သော မဇ္ဈိမဒါန အမွန်အမြတ်ဖြစ်သော ပဏီတဒါနဟူ၍ သုံးမျိုးရှိပါ၏။
သာသနာတော်အတွက် အများအကျိုးအတွက်ဟူသော စေတနာကောင်းကို အရင်းမခံမူဘဲ မိမိ၏ အကျော်အစောအလို့ငှာ ဘဝစည်းစိမ်အလို့ငှာ သူတစ်ပါးကိုနှိမ်ပြီး မိမိကိုယ်ကို ချီးမြောက်ခြင်းအလို့ငှာ လှူခြင်းသည် ဟီနဒါနဖြစ်ပါသည်။ ဒါနပြုသည့်တိုင် ရည်ရွယ်ချက်လည်း မကောင်း နှလုံးသွင်းလည်း မကောင်းသောကြောင့် ညံ့သောဒါန ဖြစ်သွားရခြင်း ဖြစ်ပါ၏။
အလှူ၏အကျိုးကို ခံစားလိုသောကြောင့်လည်းကောင်း လောကီစည်းစိမ်အမျိုးမျိုးကို လိုချင်မက်မောသောကြောင့်လည်းကောင်း မိမိတစ်ဦးတည်း သံသရာမှ လွတ်မြောက်ချင်သောကြောင့် လည်းကောင်း လှူဒါန်းခြင်းမျိုးဖြစ်ပါက ယင်းအလှူသည် အလယ်အလတ်ဖြစ်သော မဇ္ဈိမဒါနမျိုးဖြစ်ပါသည်။
မိမိအတွက် မည်သည့်အကျိုးကိုမျှ မျှော်လင့်ခြင်းမရှိဘဲ သာသနာတော်အကျိုးအတွက် မဂ်ဖိုလ်ချမ်းသာကိုသာ တောင့်တ၍လှူဒါန်းခြင်း သံသရာမှလွတ်မြောက်ရေးတွင်လည်း မိမိအတွက်သာမက သတ္တဝါအားလုံးအတွက် ရည်မျှော်၍ လှူဒါန်းခြင်းမျိုးသည် ပဏီတဒါနဖြစ်ပါသည်။
ဒါနပြုရာတွင် လွတ်လွတ်စွန့်လွတ်သော စိတ်ကိုအရင်းခံလျက် မည်သည့်အမျှော်လောဘကိုမျှ မထားခြင်းသည် " နှလုံးသွင်းကောင်းခြင်း" ပင်ဖြစ်ပါ၏။ သာသနာတော်အတွက် အများအကျိုးအတွက် "အစစ်အမှန်လိုအပ်ချက်" တကယ်လိုအပ်ချက်ကို ထိထိရောက်ရောက် အထောက်အပံ့ ဖြစ်စေရမည်ဟူ၍ ဦးတည်ချက်ထားခြင်းသည် ရည်ရွယ်ချက်ကောင်းပင် ဖြစ်ပါ၏။ ဒါနပြုရာတွင် ရည်ရွယ်ချက်လည်း ကောင်းရမည်။ နှလုံးသွင်းလည်း ကောင်းရမည်။ အသိဥာဏ်နှင့်လည်း ယှဉ်ရမည်။ မိမိ၏ စွန့်လွတ်လှူဒါန်းမှုကြောင့် သာသနာတော်အတွက် အမျာအကျိုးအတွက် တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းစေနိုင်ပြီး ရေရှည်အကျိုး

သက်ရောက်မှု ရှိစေသင့်ပါသည်။
ကျေးဇူးရှင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးက ဒကာတစ်ဦးအား ဤသို့ သြဝါဒပေးတော်မူခဲ့ပါ၏။
တစ်ခါက ဒကာတစ်ဦးက ဆရာတော်ဘုရားကြီးအား- "ဆရာတော်ကြီး၏ ကျောင်းအဝင်အဝ ဟိုဘက်ဒီဘက်မှာ ခြသေ့င်္ကြီးနှစ်ကောင် တည်ချင်ကြောင်း" လျှောက်ထားပါသည်။
ဆရာတော်ကြီးက -
" ဒကာကြီး လောကမှာ အကျိုးရှိတဲ့အလုပ်နဲ့ အကျိုးမရှိတဲ့အလုပ် ဘယ်ဟာကကောင်းသလဲ"
" အကျိုးရှိတဲ့အလုပ်က ကောင်းပါတယ်ဘုရား"
" ဘုန်းကြီးတို့ကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာ ကြမ်းခင်းသက်ငယ်မိုးနဲ့ ဇရပ်ကလေးရယ် ထရံကာနဲ့ စာသင်ကျောင်းကလေးရယ် ရှိတယ်။ ဒီဇရပ်နဲ့ ကျောင်းကလေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သွပ်မိုးပျဉ်ကာလုပ်လိုက်ရရင် သူလည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိ ဖြစ်လိမ့်မယ်"
" တင်ပါဘုရား။ အဲဒီဇရပ်နဲ့ စာသင်ကျောင်းကိုလည်း တပည့်တော်ဖြစ်အောင်လုပ်မယ် ဘုရား။ ခြသေ့င်္ကြီးကိုလည်း လုပ်မယ်ဘုရား"
" အင်း… လူတွေက အကျိုးမရှိတဲ့အလုပ်ကို တယ်လုပ်ချင်ကြတာကိုး"
******************************
မင်းနန်-မော်ကျွန်း

No comments:
Post a Comment