သပြေကန်ဆရာတော်ဘုရားကြီး ကြိုက်ရာရွှေး လမ်းနှစ်သွယ်
---------------------------------------------------------------
လူသားဟူသည် လောက၏ ဧည့်သည်သာလျှင် ဖြစ်ပါ၏။ ဧည့်သည်အဖြစ် လောကအတွင်း သက်ရှင်နေထိုင်ကျင်လည်ရစဉ်အတွင်း သူသည် ဧည့်သည်ကောင်းအဖြစ် နေခဲ့သလော ဧည့်သည်ဆိုးအဖြစ် နေထိုင်ခဲ့သလော ဟူသောအချက်မှာ ထိုသူ၏ လုပ်ရပ်များ အကျင့်စရိုက်များကသာ အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။
လူ့ဘဝခရီးလမ်းကို လျှောက်လှမ်းရာ၌ "အဆန်လမ်း" နှင့် "အစုန်လမ်း" ဟူ၍ရှိပါ၏။ တစ်နည်းအားဖြင့် "အခက်လမ်း" နှင့် "အလွယ်လမ်း" ဟူ၍ဆိုနိုင်ပါလိမ့်မည်။ လူသားအဖြစ် လူသားဘဝကို ဂုဏ်သိက္ခာဖြင့် ထိုက်ထိုက်တန်တန် တန်ဖိုးရှိရှိ မြင့်မြင့်မားမား တည်ဆောက်လိုသူတို့ လျှောက်သောလမ်းသည် ခက်ခဲသော အဆန်လမ်း ဖြစ်ပါ၏။ ခက်ခဲသော အဆန်လမ်းဟု ဆိုရခြင်းမှာ ဥာဏ်ဝီရိယများကို စူးစူးနစ်နစ်အသုံးချခြင်းနှင့် ယုတ်ညံ့သော အကုသိုလ်ဒုစရိုက်များကို ခဲခဲယဉ်းယဉ်း ရှောင်ကြဉ်ရခြင်းတို့ကြောင့် ဖြစ်ပါသည်။
ဂုဏ်ရောင်ပြောင်ရွှန်းသော ဘဝတစ်ခုကို လွယ်လွယ်ပေါ့ပေါ့နှင့် ဖန်တီးတည်ဆောက်၍ မရနိုင်ပါပေ။ မည့်သည့်ရည်ရွယ်ချက်မျှ မထားရှိဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား အဖြစ်ဖြင့် ဘဝတစ်ခုကို ဖန်တီးရခြင်းကား လွယ်ကူလှပါ၏။ သို့သော် အဓိပ္ပာယ်ရှိသော တန်ဖိုးရှိသော ဘဝတစ်ခုကား မည်သည့်နည်းနှင့်မျှ ဖြစ်မလာနိုင်ပေ။ လူသားတစ်ဦးအနေနှင့် အလွယ်လမ်းနှင့် အခက်လမ်းဟူ၍ လမ်းနှစ်သွယ်ရှိသည့်အနက် မည်သို့သောလမ်းကို ရွှေးချယ်သည်ဆိုခြင်းမှာ သူ့ဘဝ၏ အဆုံးအဖြတ်ဖြစ်ပါ၏။
ဤသည်နှင့်စပ်လျဉ်း၍ နိုင်ငံတော်သြဝါဒစရိယ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ သပြေကန်ဆရာတော်ဘုရားကြီး၏ အဆုံးအမတော်ကို ကြည်ညိုနှလုံးသွင်းအပ်လှပါ၏။
& ကျောက်တုံးကို တောင်ပေါ်တင်ချင်လျှင် အတော်ကြိုးစားတင်ရ၏။ အောက်ချလိုလျှင်တော့ ခဏကလေးနှင့် အလွယ်တကူရနိုင်၏။
& ဂုဏ် အပြစ်အရာ၌လည်း ဤအတိုင်းပင်။ ဤကားနီတိစကား။
ဂုဏ်လိုလျှင်…
အတော်ကြိုးစားရ၏။
အပြစ်လိုလျှင်တော့…
အလွယ်ပင်။
သင်……
အခက်လမ်း လိုက်လိုသလား
အလွယ်လမ်း လိုက်လိုသလား။
ကြိုက်ရာရွှေး
လမ်းနှစ်သွယ်။
**************************
(မင်းနန်-မော်ကျွန်း)

No comments:
Post a Comment