& အားသန်သန် ကျားကန်ကြပါစို့ &
မြန်မာစကားပုံတွင် "အိမ်အိုတော့ ကျားကန်"ဟူသော အဆိုရှိပါသည်။ ယခင်နှစ်ပေါင်းများစွာက အိမ်အိုဟောင်းများသည် အချိန်ကြာလာသည်နှင့်အမျှ ယိမ်းယိုင် ငဲ့စောင်း အခြေအနေမကောင်း ဖြစ်လာတတ်ပါသည်။ ထိုအခါ အသစ်ဆောက်လုပ်ခြင်းငှာ အခွင့်အခါ မသင့်သေးသည့်အတွက် အရှည်သဖြင့် နေနိုင်ခွင့်ရရန် သစ်တိုင် ဝါးတိုင်တို့ဖြင့် ဒေါက်ထောက်ကျားကန် ပြုလုပ်ပေးရန် လိုအပ်လာပေသည်။
ထို့အတူ လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀)မက ကျော်လွန်ပြီးခဲ့သော အခါသမယဆီက သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့သော မြတ်ဗုဒ္ဓရှင်တော်ဂေါတမသည်

ဝေနေယျများစွာ
သတ္တဝါအနန္တတို့၏ အကျိုးစီးပွားကြီးမားစေခြင်းအတွက် ဓမ္မစကြာဒေသနာမှစ၍
ပုဂ္ဂိုလ်အစားစား စရိုက်အထွေထွေ ကိုက်ညီစေရန် အကြောင်းအကျိုးညီမျှ
အထောက်အထား သာဓကများဖြင့် တင့်လျှမ်းဝေဆာ တရားဒေသနာများကို သွန်သင်ဆုံးမ
ဟောပြတော်မူခဲ့ပါသည်။
သို့သော် ဖြစ် ပျက် ပြုပြင် ပြောင်းလဲတတ်သော လောကသဘာဝ နိယာမအရ မြတ်ဗုဒ္ဓ၏ တရားဓမ္မတို့သည်လည်း ဖြစ်ခြင်း ပျက်ခြင်း နယ်ပယ်အတွင်း၌ ကောင်းသူ ဆိုးသူ ပြုပြင်သူတို့၏လက်ချက်ကြောင့် အနိမ့်အမြင့် အတက်အကျအမျိုးမျိုး ပြောင်းလဲနေကြရသည်။
တစ်ခါတစ်ရံတွင် သာသနာသည် မသာမယာဖြစ်လာတတ်ပြီး ဓမ္မနေရာတွင် အဓမ္မများအတင်းအကျပ် ဝင်လာတတ်ပေသည်။ နှစ်ပေါင်းကြာညောင်းလာသည်နှင့်အမျှ ထိန်းသိမ်းမှု စောင့်ရှောက်မှု ကျင့်ကြံမှု အားထုတ်မှုတို့သည် ရော့ရဲ ယိုင်နဲ့ အားနည်းသည့်ဘက် ရောက်သွားတတ်ပါသည်။ စိတ်၏ မတည်မြဲခြင်းနှင့် ခေတ်၏ပြောင်းလဲနေခြင်းများကြောင့် အသစ်အဆန်းကို ဇွတ်အတင်းလိုချင်နေသူများကလည်း အဟောင်းမှန်သမျှ ပြောင်းလဲလိုလာကြတော့သည်။
ထိုအခါ မေတ္တာကို မာယာဖုံး၊ သစ္စာကို မုသားသုံးပြီး လောက၏အလှကို မလှမပ စီရင်ခြယ်မှုန်းကြတော့သည်။ ယင်းသို့ လုပ်ဆောင်မှု၏ အကျိုးဆက်ကို ယနေ့အခါ နေရာတကာတွင် ရှောင်လွှဲမရ ကြုံတွေ့နေကြရသည်။
ယခုအချိန်အခါတွင် မိုးတွင်းမှာနေပူ၊ ဆောင်းတွင်းမှာနှင်းပျောက်၊ နွေအခါမှာ မိုးရွာကာ ဥတုတွေက ပရမ်းပတာ ဖြစ်နေကြတော့သည်။ မယုံနိုင်စရာ ဖောက်ပြန်မှုများက မရပ်မနား ဖြစ်ပွားနေကြသည်။ လူ့လောကအတွက် အသုံးဝင် အကျိုးရှိမှုများကလည်း အလွန့်အလွန် ထွန်းကားတိုးပွားနေပါသည်။ တိုးတက်ဖြစ်တိုင်း အောင်မြင်ခြင်း၏ အခြားတစ်ဖက်တွင် အစာရေဆာ ငတ်မွတ်ခေါင်းပါးခြင်း၊ မကျေမနပ် အသေသတ်တိုက်ခိုက်ကြခြင်းနှင့် ကုသ၍မရ၊ အမျိုးအမည် မဖော်ပြနိုင်သော အနာရောဂါများကလည်း လူသားလောကကို ပြက်ရယ်လှောင်ပြောင်ကာ မထီမဲ့မြင်ပြုလျှက်ရှိနေသည်။
ဤသို့ဖြစ်ပေါ်လာသည့် အနေအထားများကို သဗ္ဗညုတသခင် ဘုရားရှင်သည် သက်တော်ထင်ရှားရှိစဉ် လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်ကပင် သတ္တဝါအစားစား ဝေနေယျများ ရှောင်ရန် ဆောင်ရန်အတွက် အထင်ကရ ဟောပြခဲ့ပြီးဖြစ်သည်။
"ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွားများလာ၏။ ဆင်းရဲခြင်း ပွားများလာသော် သူတစ်ပါးတို့မပေးသော ဥစ္စာကိုခိုးယူမှု ပွားများလာ၏။ ခိုးယူမှု ပွားများလာသော် လက်နက်ပွားများလာ၏။ လက်နက်ပွားများလာသော် အသက်သတ်မှု ပွားများလာ၏။ အသက်သတ်မှု ပွားများလာသော် မဟုတ်မမှန်ပြောမှု ပွားများလာ၏။ မဟုတ်မမှန်ပြောမှု ပွားများလာသော် ကုန်းချောမှု ပွားလာ၏။ကုန်းချောမှု ပွားများလာသော် ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်မှု ပွားများလာ၏။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်မှု ပွားများလာသော် ကြမ်းတမ်းသောစကား ပြိန်ဖျင်းသောစကား တရားနှစ်ပါးတို့ ပွားများလာကုန်၏။ "
"ထိုတရားနှစ်ပါး ပွားများလာကုန်သော် လိုချင်တပ်မက်ခြင်း- အဘိဇ္စုာ ၊ ပျက်ဆီးစေလိုခြင်း- ဗျာပါဒ တို့ ပွားများလာကုန်၏။ လိုချင်တပ်မက်ခြင်းနှင့် ပျက်ဆီးစေလိုခြင်းတို့ ပွားများလာသော် မှားသောအယူဝါဒ ပွားများလာ၏။ မှားသောအယူဝါဒ ပွားများလာသော် မတရားသော တပ်မက်ခြင်း - အဓမ္မရာဂ၊ အလွန်အကြူး တပ်မက်ခြင်း- ဝိသမလောဘ ၊ မှားသောအကျင့်တရား- မိစ္ဆာဓမ္မဟု ဆိုအပ်ကုန်သော တရားသုံးပါးတို့ ပွားများလာကုန်၏။ ထိုတရားသုံးပါး ပွားများလာကုန်သော် အမိ၌ကောင်းစွာ ပြုသင့်သောဝတ်ကို မပြုခြင်း၊ အဖ၌ ကောင်းစွာ ပြုသင့်သောဝတ်ကို မပြုခြင်း၊ သမဏတို့၌ ကောင်းစွာပြုသင့်သောဝတ်ကို မပြုခြင်း၊ ဗြဟ္မဏတို့၌ ကောင်းစွာပြုသင့်သောဝတ်ကို မပြုခြင်း၊ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော အကျိုးတရားတို့သည် ပွားများလာကုန်၏။ ထိုအကျိုးတရားတို့ ပွားများလာကုန်သော် လူတို့၏အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏။
အထက်တွင် ကောက်နုတ်ဖော်ပြခဲ့သော စက္ကဝတ္တိသုတ်တော်လာ အကြောင်းအရာများကို သတိထားကြည့်သောအခါ လူတို့သက်တမ်းဆုတ်ယုတ်လာပုံ အဆင့်ဆင့်နှင့် မျက်မှောက်ကမ္ဘာကြီး၏ ပျက်စီးယိုယွင်းလာပုံ အကြောင်းတရားများကို ဆင်ခြင်ဆက်စပ် သုံးသပ်မိပါသည်။
သက်တမ်းရင့်၍ ဟောင်းနွမ်းအိုမင်းလာပြီဖြစ်သော လူသားလောကကြီးကို မရအရ ကယ်တင်နိုင်ကြဖို့ စိတ်ကောင်းစေတနာ မှန်ကန်စွာဖြင့် အထောက်အကူပြု ကျားကန်မှုများ ပြုလုပ်နိုင်ကြရန် အမှန်တကယ် လိုအပ်နေပြီဖြစ်သည်။
နှစ်ပေါင်းများစွာ လူ့ပြည်ရွာ၌ ကြားဖူးနေကျ အဆုံးအမတစ်ခုမှာ ...
ပေါက်ပင်ကိုင်းတာ... ဗျိုင်းနားလို့
ဗျိုင်းလာနားတာ... ငါးပေါ်လို့
ငါးပေါ်လာတာ... ကျွဲလူးလို့
ကျွဲအိုင်လူးတာ... ဖြုတ်ကိုက်လို့
ဖြုတ်ကိုက်ရတာ... မိုးရွှာလို့
မိုးရွှာချတာ... ဖားအော်လို့
ဖားအော်နေတာ... မြွှေကိုက်လို့
မြွေကိုက်ခြင်းက... ဗိုက်ဆာလို့။ ။
ဤသို့ စားဝတ်နေရေး ဒုက္ခဘေးကို မီးမောင်းထိုးပြထားသည်။ လူအများ ကိုယ်ကျင့်တရား ပျက်ပြား၊ စာရိတ္တ ဖောက်ပြားလာသောအခါတွင် အစာရေဆာ ငတ်မွတ်ခေါင်းပါးခြင်းများ တိုးပွားလာတော့သည်။ ထိုသို့ဖြစ်လာရခြင်း၏ အကြောင်းရင်းဇစ်မြစ်ကို လိုက်သောအခါ အလွယ်ကြိုက် ရေသာခိုအချောင်လိုက်ပြီး လက်ကြောမတင်း စိတ်ဓာတ်တွေညံ့ဖျင်းလာသောကြောင့် ဖြစ်သည်။ ထိုမှဆက်၍ သူတစ်ပါးမျက်ရည်ကျမှ ကိုယ်ဝမ်းဝရသော ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်းများနှင့် မွေးလွယ် သေလွယ် ဒုက္ခကြွယ်သော ရင်သပ်ရှုမော လူ့ဘဝခရောင်းတောကို အတန်အတင့် ခုတ်ထွင်ရှင်းလင်းသင့်ပါပြီ။
ဤအတိုင်းသာ နှစ်ပေါင်းများစွာဆက်၍ ကြာနေဦးမည်ဆိုပါက နောက်နောင်ကာလ အခါသမယတွင် ဆယ်နှစ်တမ်းနှင့် ကပ်သုံးပါး၊ ကပ်သုံးပါးနှင့် ဆယ်နှစ်တမ်းသည် ဝမ်းသာအားရ အတူတကွ လူ့လောကကို ထုဆစ်ပုံဖော်ကြတော့မည် ဖြစ်ပါသည်။
လောကသဘာဝ နိယာမအရ အမှုကိစ္စ အကြောင်းအရာ၊ အထည်သဏ္ဏာန်၊ ရုပ်ဝတ္ထုနှင့် သဘောတရားအပေါင်းတို့သည် မပျက်မစီး အပြီးခိုင်မြဲ တစ်သဘောတည်း တည်ရှိနေနိုင်မည်တော့ မဟုတ်ပေ။ ထို့ကြောင့် မြတ်ဗုဒ္ဓက "သဗ္ဗေ သခါင်္ရာ အနိစ္စာ" ဟူ၍ ကြိုကြိုတင်တင် ရှေးကသိမြင်ကာ ဟောကြားဆုံးမ သင်ပြခဲ့ပြီးဖြစ်သည်။
သို့သော် ဖြစ်ချိန်တန်လျှင် ဖြစ်မှာပဲ၊ ပျက်ချိန်တန်လျှင် ပျက်မှာပဲဆိုပြီး ကိုယ်နှင့်မဆိုင်သလို မသိကျိုးကျွန်ပြု၍ ရေစုန်မျောကာ လိုက်နေကြမည်ဆိုလျှင် ထိုသူသည် လူ့ဝန်းကျင်၌ လူအဖြစ်နှင့် ရှင်သန်ရပ်တည်နေသော်လည်း လူ့တာဝန် လူ့ဝတ္တရားကို မလေးစား၊ မလိုက်နာ၊ မဆောင်ရွက်၊ မကျင့်သုံးသောသူသာ ဖြစ်တော့သည်။ ဤသို့ဆိုလျှင် ထိုသူသည် လူဖြစ်သော်လည်း လူဖြစ်ကျိုးမနပ်၊ လူစော်မနံ၊ လူ့အသိစိတ်များ ခေါင်းပါးကာ လူမည်ကာမတ္တ လူဖြစ်ရုံသာ ရှိတော့သည်။
ထို့ကြောင့် လူသည် ဆယ်နှစ်တမ်းနှင့် လွဲနိုင်သမျှလွဲပြီး ကပ်သုံးပါးနှင့် ကွဲနိုင်သမျှ ကွဲကွာရအောင် အရင်ဦးဆုံး မိမိကိုယ်ကို မှန်ကန်သောအသိတရားနှင့် ကောင်းမွန်သောလုပ်ဆောင်မှုများဖြင့် ကာကွယ်ဟန့်တား ကျားကန်ထားဖို့ လိုပါသည်။
ထို့နောက် လူသည် တစ်ဦးတည်းထီးထီးကြီး ရှင်သန်ရပ်တည် နေထိုင်ဖို့က လုံးဝမဖြစ်နိုင်သည့်အတွက် မိမိအနီးအနား ပတ်ဝန်းကျင် လူအများကိုပါ ဆွဲဆောင်လမ်းပြ ကူညီကြဖို့ လိုပါသည်။
သို့ပါသောကြောင့် လူသည် "ပျက်အစဉ် ပြင်ခဏ" အဆုံးအမကို သတိရလက်ကိုင်ပြုကာ နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်သော်လည်း နှမ်းတစ်စေ့တွင် ဆီဖြစ်နိုင်သော စွမ်းအားသတ္တိများက ပါရှိနေသည့်အတွက် နှမ်းစေ့များစွာ စုပေါင်းကာ ကြိတ်ခွဲလိုက်ပါက အသုံးဝင် အကျိုးရှိသော စားသုံးစရာဆီများစွာ ရရှိနိုင်ပါသည်။
လူ့ဘဝ လူ့လောကကြီးကိုလည်း အစဉ်ရှည်ကြာ ကောင်းမွန်စွာ တည်တံ့ခိုင်မြဲနေစေရေးအတွက် ရှင်တော်ဟောကြား တရားဓမ္မများကို ယုံကြည်ကိုးစား အလေးထားပြီး သူငါအများ စုပေါင်းအားဖြင့် "အားသန်သန် ကျားကန်ကြပါစို့"ဟူ၍ အသိပေးနိုးကြား တိုက်တွန်းစကား ဆိုလိုက်ပါရပေသည်။
ဓမ္မဗျူဟာမဂ္ဂဇင်း မောင်သက် ရေးသားသော
အားသန်သန် ကျားကန်ကြပါစို့
ထုတ်ဖော်တင်ပြပါသည်။
ဓမ္မမိတ်ဆွေအပေါင်း
အစဉ်ချမ်းမြေ့ သာယာကြပါစေ ။

No comments:
Post a Comment