
ဒါနဟူသည်
ရဟန်း ရှင် လူနှင့် သက်ရှိသတ္တဝါတို့အား မိမိပိုင်ရွှေငွေရတနာ
ဥစ္စာပစ္စည်းအဆောက်အဦး စားသောက်ဖွယ် အဝတ်အထည် နေရာထိုင်ခင်းမှအစ
အသက်နှင့်သွေး ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှူဒါန်းခြင်း ပေးကမ်းခြင်း
စွန့်ကြဲခြင်း ဝေငှခြင်း မျှတစေခြင်း ဖြည့်စွက်ခြင်း ထောက်ပံ့ခြင်း ချီးမြှောက်ခြင်းစသော အနက်အဓိပ္ပာယ်ရပါသည်..။
စေတနာ(၃)တန်နှင့်ယှဉ်သော တွယ်တာမှုကင်းသော အလောဘစိတ်ဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းမှသာလျှင် ဒါနစစ်စစ် ဖြစ်ပါမည်..
ဒါနအကျိုး(၅)ပါး-
၁။ လူအပေါင်းတို့က ချစ်ခင်ခြင်း
၂။ သူတော်ကောင်းတို့က ချဉ်းကပ်လာခြင်း
၃။ ဂုဏ်သတင်းကောင်း ကျော်စောခြင်း
၎။ မင်းပရိသတ် ရဟန်းပရိသတ်တို့ အလယ်၌ မရွံ့မထိတ်
ဝမ်းမြောက်စွာ ဝင်ဆံ့နိုင်ခြင်း
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်နိုင်ခြင်း
ဒါန၏အကျိုးကား သုဂတိအကျိုးကို တိုက်ရိုက်မပေးစွမ်းနိုင်သော်လည်း ဖြစ်လေရာဘဝတွင်ကား ချမ်းသာခြင်းနှင့်ပြည့်စုံစေ၏..
လှူဒါန်းပေးကမ်းရာတွင်-
၁။ လောကဝတ္တရားအရသော်လည်းကောင်း
၂။ အလှူခံပုဂ္ဂိုလ်က အန္တရာယ်ပြုမည်ကို ကြောက်၍ဖြစ်စေ
၃။ မိမိပေးလှူမှုအပေါ် အကျိုးမျှော်ကိုး၍ ဖြစ်စေ
၎။ သေပြီးနောက် ကောင်းရာသုဂတိကို မျှော်ကိုး၍ဖြစ်စေ
၅။သူတစ်ပါးမှ မိမိအား ပေးကမ်းဖူး၍
အပြန်အလှန်သဘောမျိုး ပေးလှူခြင်း
၆။ မိဘဘိုးဘွား အစဉ်အလာကို ထောက်၍ လှူခြင်း
၇။ သူတစ်ပါးတို့ ချီးမွမ်းမှုကို ခံယူလို၍ ပေးလှူခြင်း
စသော စိတ်စေတနာသည် ဒါနအလှူမမြောက်သော အကျိုးပေးနည်းသော စွန့်ကြဲပေးကမ်းခြင်းသာ ဖြစ်ပါလိမ့်မည်..
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းဖြစ်သည့် မဂ်ဖိုလ်အလို့ငှာ လှူဒါန်းခြင်းမှာမူ အမှန်တစ်ကယ် အကျိုးရှိသော လှူအပ်သော မြတ်သောဒါန ဖြစ်ပါသည်..
စေတနာ(၃)တန်-
အလုပ်တစ်ခု ပြုလုပ်ရာ၌ စေ့ဆော်ခြင်းတရား(၃)ပါးဖြစ်၏..
၁။ ပုဗ္ဗစေတနာ = မပြုလုပ်မီ ကြိုတင်၍ဖြစ်သော စေတနာ
၂။ မုဉ္စစေတနာ = ပြုလုပ်ဆဲအခါ၌ ဖြစ်ပေါ်သော စေတနာ
၃။ ပရစေတနာ = ပြုလုပ်ပြီးနောက်အခါ၌ အာရုံပြု၍
ပေါ်လာသော စေတနာ
(အလှူဒါနပြုလုပ်ရာတွင် ဤအချက်များ ဖြောင့်မှန်စင်ကြယ်ရမည်)
ဒါနပြု၍အကျိုးရှိရန် အင်္ဂါ(၃)ပါး-
ဒါနပြုအလှူပေးရာ၌ မဟပ္ပလခေါ် ကြီးကျယ်သောအကျိုးကို ရရှိနိုင်ရန် ပြည့်စုံရမည့် အင်္ဂါ(၃)ပါးဖြစ်သည်..
၁။ အလှူပေးသူသည် ဖြူစင်သောသီလဖြင့်
လွတ်ကျွတ်ပြတ်စဲစွာ လှူဒါန်းစွန့်ကြဲနိုင်ရခြင်း
၂။ အလှူခံပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း
၃။ လှူဖွယ်ဝတ္ထုသည် ဓမ္မိယလဒ္ဓ (ခေါ်) တရားသဖြင့်
ရရှိထားသောပစ္စည်းများ ဖြစ်ရခြင်း
ဒါနပြုခြင်း အကောင်းအဆိုးနည်း(၅)မျိုး-
၁။(က)ဝဋနိဿီတဒါန = လူနတ်စည်းစိမ်ကိုသာ တောင့်တ၍
ပြုသောအလှူ
(ခ)ဝိဝဋနိဿီတဒါန= ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ
မဂ်ဖိုလ်နိဗ္ဗာန်ကို
ရည်မှန်း၍ပြုသောအလှူ
(ပါရမီဒါနဟု မည်၏)
၂။(က) အာမိသဒါန = ဝတ္ထုပစ္စည်းမျိုးစုံအလှူ
(ခ ) ဓမ္မဒါန = တရားစာပေအလှူ
တရားဟော တရားနာ
တရားအားထုတ်
တရားစာသင်ယူပို့ချမှုအလှူ
၃။(က)သံဃိကဒါန = အများပိုင် အများဆိုင်အလှူ
( ခ )ပုဂ္ဂဒါန = တစ်ဦးတည်းပိုင် ပုဂ္ဂိုလ်ကို လှူခြင်း
၎။(က)အဂ္ဂဒါန = စားဦးစားဖျား အထွတ်အမြတ်
အသစ်ကို ပေးလှူခြင်း
( ခ )ဥစ္ဆိဌဒါန = စားကြွင်းစားကျန် သုံးပြီးသားများကို
ပေးလှူခြင်း
၅။(က)သက္ကစ္စဒါန = ရိုသေလေးစားစွာ ပေးလှူခြင်း
( ခ )အသက္ကစ္စဒါန= မရိုမသေ ပေးလှူခြင်း
ပေးကမ်းလှူဒါန်းရာ၌ အယုတ်အလတ်အမြတ်(၃)ပါး-
၁။ ဟိနဒါန = ပကာသနမှုကို လိုလားပြီး စိတ် ဆန္ဒ ဝီရိယ
ပညာတို့ အားနည်းစွာဖြင့် ပြုသောအလှူ
၂။ မဇ္ဈိမဒါန= စိတ် ဆန္ဒ ဝီရိယစသည့် အလတ်စား
လောကီချမ်းသာ ရရုံလောက်သာ အာရုံပြု၍
ပေးလှူခြင်း
၃။ပဏီတဒါန= စိတ် ဆန္ဒ ဝီရိယ ပညာစသည်တို့
ထက်သန်စွာဖြင့် လောကမှ
လွတ်မြောက်နိုင်ရေး နိဗ္ဗာန်သို့ မျှော်တွေး၍
ပေးလှူခြင်း
ဒါနမျိုး (၃)ပါး-
၁။ ဒါနဒါသ = ကျွန်ကို ပေးလှူသလို ယုတ်ညံ့စွာ လှူခြင်း
၂။ ဒါနသဟာယ= မိတ်ဆွေကို ပေးကျွေးသလို
မိမိစားသုံးသည့်အတိုင်း ပေးလှူခြင်း
၃။ ဒါနသာမိ = သခင်ရင်းကို ပေးကျွေးသလို
အထွတ်အမြတ်ကို ပေးလှူခြင်း
အသာမိဒါန-
ဝိနည်းဒေသနာတော်အားဖြင့်
၁။ သင်္ကန်း(စိဝရ)
၂။ ဆွမ်း (ပိဏ္ဍပါတ)
၃။ ကျောင်း(သေနာသန)
၎။ ဆေး (ဘေသဇ္ဇ)ဟူ၍ လှူဖွယ်ပစ္စည်း (၄)ပါးဖြစ်သည်..
အဘိဓမ္မာ ဒေသနာတော်အားဖြင့်
၁။ အဆင်းအလှူ
၂။ အသံအလှူ
၃။ အနံ့အလှူ
၎။ အရသာအလှူ
၅။ အုံးမွေ့ယာအခင်းအရုံ စသည့် အတွေ့အထိဝတ္ထုအလှူ
၆။ ဓမ္မဒါနအလှူ ဟူ၍ လှူဖွယ်ပစ္စည်း(၆)ပါး ဖြစ်သည်..
သုတ္တန်ဒေသနာတော်အားဖြင့်
၁။ ထမင်း ဆွမ်း (အန္ဒ)
၂။ အဖျော် (ပါန)
၃။ ကျောင်းဇရပ် (ဃရ)
၎။ အဝတ်သင်္ကန်း(ဝတ္ထ)
၅။ ယာဉ်ဖိနပ် (ယာဉ်အစီးအနင်း)
၆။ ပန်း (မာလာ)
၇။ နံ့သာပျောင်း နံ့သာရည်(ဝိလေပန)
၈။ နံ့သာခဲ နံ့သာတုံး (ဂန္ဓ)
၉။ ညောင်စောင်း အင်ပျဉ်း အိပ်ရာနေရာ(သေယျ)
၁၀။ဆီမီးထွန်းရန် ဆီ ဆီမီးခွက်(ပဒီပ) ဟူ၍
လှူဖွယ်ပစ္စည်း ဒါနဝတ္ထု (၁၀)ပါးဖြစ်သည်..
ဤပေးလှူဖွယ် ဒါနပစ္စည်းများသည် အသာမိဒါန ဟု ဆိုရာ၏..
ဤ အသာမိဒါနကို ကံ ကံ၏အကျိုးစသည်၌ ယုံကြည်သဖြင့်
လာဘ်လာဘကို မမျှော်ပဲ ပေးလှူရာသည်..
အဘယဒါန-
အဘယဒါနကိုလည်း ရာဇဘယ အဂ္ဂိယဘယ စသောဘေးနှင့် ကြုံကြိုက်သည့်အခါ၌ ချမ်းသာစေသဖြင့် ပေးလှူပူဇော်ရာသည်..
ဓမ္မဒါန-
၁။ ဒါနကထာ သီလကထာ သဂ္ဂကထာ စသည်တို့ကို
ဟောပြောသဖြင့်လည်းကောင်း
၂။ သာသနာတော်ကို မကြည်ညိုကုန်သေးသော သူတို့အား
ကြည်ညိုစေအောင်
၃။ သရဏဂုံ မဆောက်တည်သော သူတို့အား
ဆောက်တည်စေအောင်
၎။ သီလ မဆောက်တည်သောသူတို့အား
ဆောက်တည်စေအောင်
၅။ မလှူသူတို့အား လှူစေလိုအောင်
၆။ တရားမနာသေးသူတို့အား တရားနာဖြစ်အောင်
တိုက်တွန်းနှိုးဆော်ခြင်း စသည်တို့သည်
ဓမ္မဒါနမည်၏..
ဒိဋ္ဌဓမ္မအကျိုးပေးရနိုင်ရန် လိုအပ်သည့် အင်္ဂါ(၄)ပါး-
အလှူဒါနပြုရာ၌ လက်တွေ့ဘဝတွင် ချက်ချင်းလက်ငင်း ကြီးကျယ်စွာ အကျိုးပေးမှု ခံစားရနိုင်ရန်အတွက် လိုအပ်သည့် ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အင်္ဂါ(၄)ပါးပင် ဖြစ်သည်..
၁။ အလှူခံပုဂ္ဂိုလ်မှာ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ ဖြစ်ရခြင်း
၂။ နိရောဓသမာပတ်မှ ထခါစ ဖြစ်ရခြင်း
၃။ အလှူဝတ္ထု၏ ဓမ္မိယလဒ္ဓ (ခေါ်)
တရားသဖြင့်ရသောပစ္စည်း ဖြစ်ရခြင်း
၎။ ထူးကဲလွန်မြတ်သော သဒ္ဒါရှိရခြင်း
ထို အင်္ဂါ(၄)ပါးနှင့် ညီညွတ်ပါမှ ချက်ချင်းလက်ငင်း
ဒိဋ္ဌဓမ္မအကျိုးပေးခြင်းကို ခံစားနိုင်မည် ဖြစ်ပါသည်..
ဂေါတမမြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ၌
မိမိတို့၏ အလှူဒါနကြောင့် လက်ရှိမျက်မှောက်ဘဝမှာပင် ချက်ချင်းအကျိုးပေးခံရသူ(၆)ဦးကို ဖော်ပြပါမည်..
(အခြားပုဂ္ဂိုလ်များလည်း အများအပြား ရှိပါလိမ့်မည်)
၁။မာလ္လိကမိဖုရား = မြတ်စွာဘုရားအား (ပုရောမုန့်)
ကပ်လှူသဖြင့် ထိုနေ့၌ပင်
ကောသလမင်းကြီး၏မိဖုရား
ဖြစ်သွားလေသည်
၂။ ပုဏ္ဏ(ခေါ်) = ရှင်သာရိပုတ္တရာအား ဆွမ်းလှူသဖြင့်
ကျွန်ကူလီ ထိုနေ့၌ပင် သူဋ္ဌေးကြီး ပုဏ္ဏ
ဖြစ်သွားခဲ့ရသည်
၃။ ကေသာဋက = ဘုရားသခင်အား အပေါ်ရုံ(ပုဆိုး)
ပုဏ္ဏား လှူသဖြင့် ထိုနေ့၌ပင် ရှစ်ခု ရှစ်လီသော
ဥစ္စာတို့ကို ရ၏
၎။ သုမန = ဘုရားသခင်အား (မုလေးပန်း) ရှစ်ဆုပ်
ပန်းသည်မ လှူသဖြင့် ထိုနေ့၌ပင်
စည်းစိမ်ချမ်းသာတို့နှင့် ပြည့်စုံခြင်းသို့
ရောက်လေ၏
၅။ သုပ္ပိယ (ခေါ်)= ဂီလာနရဟန်းကြီးအား မိမိ၏ပေါင်သားကို
ဒါဟိကာမ လှူ၍ နှစ်ရက်မြောက်သောနေ့၌ပင်
မိမိစွဲကပ်နေသော အနာရောဂါများ
လုံးဝပျောက်ကင်းသွားပြီး အမာရွတ်ပင်
မထင်ပဲ ရှိလေ၏
၆။ ဂေါပါလ = မိမိ၏ဆံပင်ကို ဖြတ်၍ ရောင်းရသော
မာတာဒေဝီ (၈)အသပြာငွေမျှကို ရှင်မဟာကစ္စည်း
မထေရ်အား လှူသဖြင့် ထိုနေ့၌ပင်
ဥတေနမင်းကြီး၏ မိဖုရားကြီး
ဖြစ်သွားလေသည်
လှူဒါန်းရာတွင် အနှစ်သာရပြည့်ဝသော သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်စေသော ပါရမီမြောက်ဒါနဖြစ်အောင် လှူဒါန်းနိုင်ကြပါစေ..
စေတနာမေတ္တာ အရင်းခံဖြင့်-
No comments:
Post a Comment