နိဗ္ဗာန်၏ဂုဏ်ရည်များ
----------------------
အသင်္ခတံ အနတံ အနာသဝံ
သစ္စဉ္စပါဏံ နိပုဏံ သုဒုဒ္ဒသံ။
အဇဇ္ဇရန္တံ ဓုဝံ အပလောကိနံ
အနိဒဿနံ နိပ္ပပဉ္စံ သန္တံ။
အမတံ ပဏီတဉ္စ သီဝဉ္စ ခေမံ။
တဏှာက္ခယော အစ္ဆရိယံ အဗ္ဘုတံ
အနီတိကံ အနီတိက ဓမ္မံ
နိဗ္ဗာနမေတံ သုဂတေန ဒေသိတံ
အဗျာပဇ္ဇော ဝိရာဂေါစ
သုဒ္ဓိ မုတ္တိ အနာလယော။
ဒီပံ လေဏဉ္စ တာဏဉ္စ
သရဏဉ္စ ပရာယန္တိ။
(သဠာယန သံယုတ် ပါဠိတော်)
၁။ အသင်္ခတံ မူလရင်းက သင်္ခတပင်ဖြစ်သော်လည်း အလွန်သိမ်မွေ့လှသဖြင့် သင်္ခတဟု သင်္ခတဟု သိကြောင်းမှတ်ကြောင်း လက္ခဏာမှကင်း၍ နေထသော -
၂။ အနဂတံ ဒုက္ခစိုက်ပျိုး တဏှာမျိုးတို့ မတိုးမညှပ် မလာနိုင်ရာ လည်းဖြစ်ထသော-
၃။ အနာသဝံ ငရဲပြိတ္တာဘေးဧရာတို့ ခါခါဖြစ်စေတတ်သည်ဖြစ်၍ ကြောက်အပ်လှစွာ တဏှာဒိဋ္ဌိစသော အာသဝေါညစ်ဆိုး တရားမျိုးတို့ မတိုက်ချိုးနိုင်ရာဖြစ်ထသော -
၎။ သစ္စဉ္စ နိဗ္ဗာန်ဟူသောအမည် နာမစကားမျှသာမဟုတ် နိဗ္ဗာန်ဟူသောအမည် ရှိသည့်အားလျော်စွာ ငြိမ်းအေးခြင်း ပရမတ္တသဘောအားဖြင့် တကယ်မှန်ကြီးမှန်သည်လည်း ဖြစ်ထသော-
၅။ ပါရံ ခန္ဓာကိုယ်ဆိုး ဒုက္ခအိုး၏ ပြင်ဘက်ဝဋ်ဆင်းရဲရေအယဉ်မှ ထွက်မြောက်ရာ ကမ်းဝထိပ်ကြီးလည်း ဖြစ်ထသော -
၆။ နိပုဏံ အထည်ဒြပ် ဥပါဒ်မထင်သည်ဖြစ်၍ အလွန်သိမ်မွေ့စွာထသော-
၇။ သုဒုဒ္ဒသံ ပညာဥာဏ်ဖြင့်သော်လည်း နှိုင်းချင့်ထောက်ဆ သိမြင်ရနိုင်စရာ လွန်စွာခဲယဉ်းထသော-
၈။ အဇဇ္ဇရန္တံ ငြိမ်းအေးခြင်းသဘောအားဖြင့် ပေါ်လာပြီးနောက် ဘယ်လောက်ပင်ကြာသော်လည်း ဘယ်သည့်ကာလမှ ရင့်အိုပျက်စီးခြင်းလည်း မရှိထသော-
တနည်း - ငြိမ်းအေးခြင်း သီတိဘာဝ သဘာဝအားဖြင့် ပေါ်လာပြီးနောက် ကမ္ဘာပျက်မီး ကမ္ဘာပျက်လေကြီး ရေကြီးတို့ဖြင့်သော်လည်း ဖောက်ပြန်တုန်လှုပ်ခြင်းမရှိ ပကတိမြဲမြံစွာ တည်နေထသော-
၉။ ဓုဝံ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ခြင်း အစရှိသည်မှ လွတ်လိုကုန်သူတို့သည် ရောက်အပ်သော-
တနည်း - ဖြစ်ခြင်း ပျက်ခြင်း သဘောမရှိသည်ဖြစ်၍ မြဲသောသဘောရှိထသော-
၁၀။ အပလောကိနံ ငြိမ်းအေးခြင်းသဘောဖြင့် ပေါ်လာပြီးနောက် ဘယ်သည့်ကာလမှ အဘယ်တစ်စုံတစ်ခုကြောင့် ပျက်စီးခြင်း မရှိထသော-
၁၁။ အနိဒဿနံ နတ်မျက်စိဖြင့်သော်လည်း စက္ခုဝိညာဏ်ဖြင့် မမြင်ကောင်းထသော-
၁၂။ နိပ္ပ ပဉ္စံ အိုပြန်နာရ သေရဆင်းရဲ ပေါက်လဲခါခါ သံသရာကို ချဲ့ထွင်တတ်သူ တဏှာ မာန ဒိဋ္ဌိတို့မပြူမလာနိုင်ရာ ဖြစ်ထသော-
၁၃။ သန္တံ တစ်ဆယ့်တစ်သီး မီးကြီးငြိမ်းအေးရာလည်း ဖြစ်ထသော-
၁၄။ အမတံ မိမိထံတည်ရောက်လာသူ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ မအိုမသေ အမြဲတည်စံနေရာလည်း ဖြစ်ထသော-
၁၅။ ပဏီတံ မြင်ရရောက်ရသူတို့ မရောင့်ရဲနိုင်ဘွယ် တကယ်လွန်မြတ်တော်မူထသော-
၁၆။ သိဝဉ္စ ကြီးမြတ်သော ဂုဏ်ကျက်သရေရှိတော်မူထသော -
၁၇။ ခေမံ ဘေးခပ်သိမ်း ကုန်ငြိမ်းကင်းဝေးရာလည်း ဖြစ်ထသော -
၁၈။ တဏှာက္ခယော ဘေးကိုပြုတတ် ကြောက်အပ်လှစွာ ခြောက်တဏှာတို့၏ ကုန်ရာကုန်ကြောင်းလည်း ဖြစ်ထသော -
မှတ်ချက်။ ။ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ စုစုပေါင်းတဏှာခြောက်မျိုးကို ကာရံကိုက်အောင် ခြောက်တဏှာဟု သုံးထားခြင်းဖြစ်၏။
၁၉။ အစ္ဆရိယံ ဒါန သီလ ဘာဝနာစသော အကြောင်းတရားတို့နှင့် မကင်းသော်လည်း ယင်းကြောင်းတရားတို့ကြောင့် ဖြစ်ပုံသင်္ခတ နိမိတ်အရိပ်မထွက် ယင်းသင်္ခတ ပုံဟန်နှင့် အလွန်ဝေးကွာ လွန်စွာထူးမြတ်သည်ဖြစ်၍ လွန်အံ့ဘွယ်သရဲ အံ့အဲစလောက် ဖြစ်တော်မူထသော -
၂၀။ အဗ္ဘုတံ တရံတစ်ဆစ် မဖြစ်ဘူးသေးဘဲ တစ်ခါတည်းသာဖြစ်လာပြီးနောက် မပျောက်မပျက် အမြဲတည်နေသည်လည်း ဖြစ်ထသော -
၂၁။ အနီတိကံ အလုံးစုံဆင်းရဲဘေးဒဏ် ဟူသမျှ ဘယ်ဟာတစ်ခုမှ မရှိထသော -
၂၂။ အနီတိကဓမ္မံ ဆင်းရဲရှိသော သဘောမျိုးမှ ဆန့်ကျင်ဘက်ကြီး ဖြစ်၍နေထသော -
ဧတံ ဧတာဒိသံ ဤသို့သဘောရှိသော တရားထူးတရားမြတ်ကို နိဗ္ဗာနံ နိဗ္ဗာန်ဟူ၍ သုဂတေန မြတ်စွာဘုရားသည် ဒေသိတံ ဟောကြတော်မူအပ်ပြီးသော (ဓမ္မော ထိုနိဗ္ဗာန်တရားတော်သည်။)
၂၃။ အဗျာပဇ္ဇောစ ဘေးရန်တွက်တာ ဘယ်ဟာတစ်ခု ကြောင့်ကြစရာမရှိသည်လည်း ဖြစ်၏။
၂၄။ ဝိရာဂေါစ ဘေးရန်ဖြစ်ကြောင်း ရာဂအပေါင်းမှ ကောင်းကောင်းကြီး ကင်းဝေးရာလည်းဖြစ်၏။
၂၅။ သုဒ္ဓိစ ဘေးရန်လာဘွယ် အသွယ်သွယ်သော အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သည်လည်း ဖြစ်၏။
၂၆။ မုတ္တိစ ဘေးရန်ထူထပ် ဘုံသုံးရပ်တို့မှ လှလှကြီးလွတ်ရာလည်း ဖြစ်၏။
၂၇။ အနာလယံ အလိုလိုဝ အလုံးစုံလှသဖြင့် ဘယ်ဟာတစ်ခုမှ မတောင့်တရာလည်း ဖြစ်၏။
၂၈။ ဒီပံ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ ပုန်းအောင်းရာတည်ရာ ကျွန်းကြီးသဘွယ်လည်း ဖြစ်၏။
၂၉။ လေဏံ ပရိနိဗ္ဗူတပုဂ္ဂိုလ်တို့၏ ဘေးမှလွတ်ကြောင်း ပုန်းအောင်းခိုရာလည်း ဖြစ်၏။
၃၀။ တာဏံ မိမိ၌တည်ရောက်လာသူ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့အား ဘေးမလာရအောင် တကယ်စောင့်ရှောက်နိုင်သည်လည်း ဖြစ်၏။
၃၁။ သရဏဉ္စ မိမိထံခိုမှီးလာသူ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်၌ ဘေးမဆိုက်ရအောင် ဘေးတကာကို ကောင်းစွာဖျက်ဆီး

တတ်သည်လည်း ဖြစ်၏။
၃၂။ ပရာယဏံ ပရိနိဗ္ဗူတပုဂ္ဂိုလ်တို့၏ အလွန်အကဲတည်နေရာ လဲလျောင်းရာဖြစ်၏။
မှတ်ချက်။ ။ ပထမရွှေကျင် ဆရာတော်ဘုရားကြီးပေးသော အနက်များဖြစ်၏။
ဂုဏ်ဟူသည် ဂုဏေမှဖြစ်ပေါ်လာ၏ ထို့ကြောင့် ဂုဏ်ရှိလျှင် ဂုဏေရှိသည်ဟု မှတ်အပ်၏။ ဂုဏေဟူသည် ပုဂ္ဂိုလ် ဒြပ်သဘော တရားအရာဝတ္ထုတစ်ခုခု ဖြစ်၏။
ဂုဏ်ဟူသည် ထိုအရာများမှ ထွက်ပေါ်လာသော စွမ်းရည်သတ္တိဖြစ်၏။ ဖော်ပြပါ ၃၂ မျိုးသော ဂုဏ်တို့သည် နိဗ္ဗာန်ဟူသော ဂုဏေမှ ထွက်ပေါ်လာခြင်းဖြစ်၏။ နိဗ္ဗာန်ဟူသော ဂုဏေမရှိဘဲနှင့် ဤ ၃၂ ချက်သော ဂုဏ်များထွက်ပေါ်မလာနိုင်ပေ။
------------------------------------
(မေတ္တာရှင် ရွှေပြည်သာ)

ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
No comments:
Post a Comment