ကုသိုလ်လုပ်တိုင်း မဂ်ဖိုလ်နိဗ္ဗာန်ဆုတောင်း
--------------------------------------------
ဝနဝါသီတိဿ သာမဏေဝတ္ထုအကျဉ်း
----------------------------------------
သာဝတ္ထိပြည်မှာ ဝင်္ဂန္တနဲ့ မဟာသေနအမည်ရှိတဲ့ ချစ်ခင်ရင်းနှီးကြတဲ့ မိတ်ဆွေပုဏ္ဏားနှစ်ယောက်ရှိတယ်။ အရှင်သာရိပုတ္တရာဟာ ဝင်္ဂန္တပုဏ္ဏားရဲ့သားပါပဲ။ ဒါကြောင့် မိတ်ဆွေရဲ့သားဖြစ်လို့ အရှင်သာရိပုတ္တရာကို မဟာသေနပုဏ္ဏားကြီးဟာ အလွန်ချစ်ခင်ကြည်ညိုတယ်။ အရှင်သာရိပုတ္တရာ ကလေးဘဝတုန်းကလည်း ချစ်ခင်တယ်။ ရဟန္တာဖြစ်သွားတော့လည်း ကြည်ညိုတယ်။
မဟာသေနပုဏ္ဏားကြီး အသက်ကြီးရင့်တဲ့အခါကျတော့ မစားနိုင်မသောက်နိုင် ဘဝရောက်အောင် ဆင်းရဲသွားရှာတယ်။ ဒါနမရှိလို့ ဆင်းရဲတာကို အရှင်သာရိပုတ္တရာက မြင်တော်မူတယ်။ ဒါကြောင့် မဟာသေနပုဏ္ဏားကြီးအိမ်မှာ နေ့စဉ်ဆွမ်းရပ်တယ်။ မဟာသေနပုဏ္ဏားကြီးကလည်း အတွေ့မခံဘူး။ ပုန်းနေတယ်။ သူ့မှာလှူချင်တဲ့ သဒ္ဓါရှိပေမယ့် လှူရမယ့်အသပြာ လှူဖွယ်ဝတ္ထုက ရှိမှမရှိပဲကိုး။ လာလောင်းမယ့်သူ မရှိတော့လည်း အရှင်သာရိပုတ္တရာဟာ အိမ်ပေါက်ဝကပဲ လှည့်ကြွသွားရတာပေါ့။ ဒါကို အိမ်ထဲကချောင်းကြည့်နေတဲ့ မဟာသေနပုဏ္ဏားကြီးဟာ စိတ်မကောင်းလွန်းလို့ မျက်ရည်တောင်ကျရှာတယ်။
တစ်နေ့တော့ ပုဏ္ဏားဟာ စာဟောပွဲတစ်ခုက ပိတ်ကြမ်းတစ်ပိုင်းနဲ့ နို့ဃနာတစ်ခွက်ရလာတယ်။ မဟာသေနပုဏ္ဏားကြီး ဝမ်းသာလိုက်တာ။ အရှင်သာရိပုတ္တရာ ကြွလာရင်လှူမယ်ဆိုပြီး အိမ်ကနေအသင့်စောင့်နေတယ်။ အရှင်မြတ်လည်း ကြွလာရော ရသမျှ အကုန်လှူတယ်။ ပိတ်ကြမ်းက သင်္ကန်းအဖြစ် နို့ဃနာကဆွမ်းအဖြစ်ပေါ့။ လှူပြီးတော့ ဘာဆုတောင်းသလဲဆိုတော့ အရှင်ဘုရားတို့ သိမြင်အပ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်တရားထူး တရားမြတ်ကို သိရပါလို၏လို့ဆုတောင်းတယ်။
အဲဒီဘဝက စုတေသေလွန်တော့ အရှင်သာရိပုတ္တရာရဲ့ ဆွမ်းအလှူရှင် သူဋ္ဌေးကတော်တစ်ဦးမှာ ပဋိသန္ဓေယူတယ်။ သူတော်ကောင်းတွေ သန္ဓေယူရင် မိခင်မှာလည်း သူတော်ကောင်းစိတ်ပေါက်လာတာ ဓမ္မတာပဲ။ ဒီကလေး ပဋိသန္ဓေရှိတာနဲ့ သူ့မိခင်ဟာ အရှင်သာရိပုတ္တရာနဲ့ ရဟန်းငါးရာကိုရေမရောတဲ့ နို့ဃနာဆွမ်းကျွေးပြီး သူမကတော့ ဖန်ရည်ဆိုးတဲ့ အဝတ်ကိုဝတ်ပြီး သံဃာတွေရဲ့ အကြွင်းအကျန်ကို စားချင်တဲ့ အာသာချင်ခြင်းဖြစ်လို့ သူမဆန္ဒအတိုင်း ပြုလုပ်ပေးရတယ်။
ယောက်ျားလေးအဖြစ်ပဲ မွေးလာပြီး အရှင်သာရိပုတ္တရာရဲ့ လူ့ဘဝက နာမည်အဆုံးပိုင်းဖြစ်တဲ့ တိဿဆိုတဲ့ အမည်ကိုမှည့်ပေးတယ်။ ကလေးကင်ပွန်းတပ်ပွဲမှာ အရှင်သာရိပုတ္တရာအမှူးရှိတဲ့ သံဃာငါးရာကိုပင့်ဖိတ်ပြီး လှူဒါန်းကြပြန်တယ်။ အရှင်သာရိပုတ္တရာကိုမြင်တာနဲ့ မွေးဖွားခါစ ကလေးလေးဟာ အရင်ဘဝက ပြန်မှတ်မိသတဲ့။
ဒီမထေရ်ကြီးကို ပိတ်ကြမ်းနဲ့ နို့ဃနာလှူခဲ့တဲ့အတွက်ကြောင့် ငါဟာ အခုလိုချမ်းသာတဲ့ သူဋ္ဌေးသားဘဝကို ရောက်လာတာ။ ငါ့အပေါ်ကျေးဇူးကြီးမားတယ်။ ငါတတ်နိုင်သမျှ ကျေးဇူးဆပ်မယ်လို့ စိတ်အကြံဖြစ်နေသတဲ့။ ဒီအချိန်မှာ ကလေးကိုခင်းသိပ်ထားတဲ့ ကမ္ဗလာအခင်းဟာ အသပြာတစ်သိန်းထိုက်တန်တယ်။
ကလေးကို အရှင်သာရိပုတ္တရာပြရအောင် မချီလိုက်တယ်ဆုရင်ပဲ ကလေးဟာ ကမ္ဗလာအခင်းကို လက်သန်းနဲ့ညှပ်ယူလိုက်တဲ့အတွက် ကမ္ဗလာပါလာတာပေါ့။ သူ့အကြံက တစ်သိန်းတန်ကမ္ဗလာကို အရှင်သာရိပုတ္တရာအား လှူချင်တာပါပဲ။ ဒါပေမယ့် လူကြီးတွေက သူ့အကြံကိုမသိနိုင်တော့ ကမ္ဗလာကို သူ့လက်နဲ့ငြိနေတယ်မှတ်ပြီး အတင်းဖယ်ကြတယ်။ ဒီတော့ သူကတအားငိုတာပေါ့။
ဒီတော့မှ လူကြီးတွေက သူ့အကြံရိပ်မိသွားပြီး တစ်သိန်းတန်ကမ္ဗလာကို အရှင်သာရိပုတ္တရာအား လှူလိုက်ကြပါတယ်။ သူ ၇ နှစ်သားအရွယ်ရှိတော့ ကိုရင်ဝတ်ဖြစ်သွားတယ်။ ဒါအကြောင်းမဲ့ မဟုတ်ဘူးနော် သူဒါနပြုစဉ် အခါတုန်းက မဂ်ဖိုလ်နိဗ္ဗာန်ကို ရရပါလို၏ဆိုတဲ့ ဆုတောင်းလေးက ဘဝဆိုတဲ့ လှေဦးကို နိဗ္ဗာန်ဆိပ်ကမ်း ရောက်အောင် လမ်းကြောင်းတည့်ပေးလိုက်တာပဲ။
ကိုရင်ဝတ်တဲ့ ၂ ရက်အတွင်း ဆွမ်းခံကြွရာမှာ ဆွမ်းအုပ်တစ်ထောင်နဲ့ ပုဆိုးတစ်ထောင်ရတာကို သံဃာတွေကို အကုန်လှူပစ်တယ်။ ဒီအချိန်က ဆောင်းတွင်းဆိုတော့ ခြုံစရာကမ္ဗလာထည်မရှိလို့ မီးလှုံနေရတဲ့ ရဟန်းတွေတွေ့ရတော့ ကရုဏာသက်ပြီး။ မြို့ထဲကို သံဃာတစ်ထောင်လုံးပင့်ပြီး ရှေ့ကဦးဆောင်ကြွတယ်။ ကမ္ဗလာခြုံထည် တစ်ထောင်ရလို့ သံဃာတစ်ထောင်လုံးလှူနိုင်ခဲ့တယ်။ သူမဟာသေနပုဏ္ဏာ ဘဝတုန်းက လှူခဲ့တဲ့ နို့ဃနာဆွမ်းတစ်ခွက် အခုဒါနကပြန်ပေးတော့ နေ့စဉ်ဆွမ်းအုပ်တစ်ထောင် သူပုဏ္ဏားဘဝတုန်းက လှူခဲ့တဲ့ ပိတ်ကြမ်းကတစ်ထည် အခုအဲဒီဒါနက ပြန်ပေးတော့ ပုဆိုးတစ်ထောင်နဲ့ ကမ္ဗလာတစ်ထောင်။
ဒါကြောင့် ဒါနဆိုတာ စွန့်တော့ နည်းနည်းလေး ပြန်ရတော့ အများကြီးပါ။ ဒါကြောင့် ဗုဒ္ဓက ဓမ္မပဒမှာ-
အနည်းငယ်ကို စွန့်လှူရုံမျှဖြင့် များများကြီး ကောင်းကျိုးပြန်ရမည်ကို သိသောပညာရှိသည်။ အနည်းငယ်သော လှူဖွယ်ဝတ္ထုကို စွန့်လှူဖို့ဝန်မလေးအပ်။
ဒါနပြုတဲ့နေရာမှာ လှူဖွယ်ဝတ္ထုနည်းတာများတာ ကောင်းတာညံ့တာသည် အဓိကမဟုတ်။ စေတနာဖြူစင်သန့်ရှင်းပြီး ထက်သန်ကောင်းမွန်ရင် အကျိုးပေးအားကောင်းတယ်ဆိုတာပါပဲ။
နိဗ္ဗာန်မဂ်ဖိုလ်ကို ဆုတောင်းပြီးလုပ်တဲ့ ကုသိုလ်မှန်သမျှကို ပဲ့ကောင်းတဲ့ ကုသိုလ်လို့ပဲ ဆိုသင့်တယ်။
တိဿကိုရင်လေးဟာ အတိတ်ကပဲ့ကောင်းတဲ့ဒါန ကုသိုလ်ကို ပြုခဲ့တော့ ကိုရင်ဝတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကမ္မဋ္ဌာန်းနည်းကောင်းကောင်းယူပြီး သာဝတ္ထိနဲ့ ယူဇနာ ၁၂၀ ဝေးတဲ့တော ကြီးထဲမှာ သွားအားထုတ်လိုက်တာ သုံးလနဲ့ ရဟန္တာဖြစ်တော်မူပါတယ်။
ဒီလောက်ဆိုရင် ပုထုဇဉ်တွေ ကုသိုလ်ပြုတိုင်း နိဗ္ဗာန်မဂ်ဖိုလ်ဆုတောင်း အကျိုးရပုံ သဘောပေါက်လောက်ပြီ။

(မေတ္တာရှင် ရွှေပြည်သာ)

No comments:
Post a Comment