ဗုဒ္ဓဘာသာအများစုသည်
--------------------------
နိဗ္ဗာန်နှင့်ပတ်သက်လာလျှင်
------------------------------
ဥစ္ဆေဒဒိဋ္ဌိအယူရှိတတ်ပုံ
-------------------------
မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဝစ္ဆသုတ်၌ ဝစ္ဆအမည်ရှိသူက ဗုဒ္ဓကို နိဗ္ဗာန်နှင့် ဆက်စပ်မှုရှိသော မေးခွန်းလေးခု……။
၁။ မြတ်စွာဘုရား ရဟန္တာပုဂ္ဂိုလ်သေပြီးသည့်နောက် အဘယ်၌ဖြစ်ပါသနည်း။
ဗုဒ္ဓက ထိုမေးခွန်းသည် သဿတဒိဋ္ဌိဖြင့် ငြိနေသောကြောင့် ဖြေဖို့မသင့်လျှော်ဟု ပယ်တော်မူ၏။ သဿတဒိဋ္ဌိဖြင့် အဘယ်သို့ငြိသနည်း။ ရဟန္တာ၏ ရုပ်နာမ်သည် မပျက်စီးဘဲ သို့မဟုတ် ရုပ်သာပျက်စီးပြီး နာမ်ကမပျက်စီးဘဲ နိဗ္ဗာန်သို့ ရောက်သွားသလို မေးသောကြောင့် သဿတဒိဋ္ဌိနှင့် ငြိခြင်းဖြစ်၏။
၂။ ရဟန္တာပုဂ္ဂိုလ်သေပြီးသည့်နောက် အဘယ်သို့မျှ မဖြစ်မရောက်တော့ပြီလော။ ဤမေးခွန်းကား ဥစ္ဆေဒဒိဋ္ဌိနှင့် ငြိသောကြောင့် ဖြေဖို့မသင့်လျှော်ဟု ပယ်တော်မူ၏။ ဥစ္ဆေဒဒိဋ္ဌိနှင့် အဘယ်သို့ငြိသနည်း။
*** နေပူရှိန်ကြောင့် ခန္ဓာကိုယ် ပူလောင်နေသူသည် အေးမြကြည်လင်သော မြစ်ရေအတွင်း သက်ဆင်းလိုက်လျှင် အပူငြိမ်းခြင်း အေးချမ်းသော အရသာကို ခံစားခြင်းနှစ်မျိုးဖြစ်၏။
ထို့အတူ ရဟန္တာပုဂ္ဂိုလ် စုတေခြင်း ရုပ်နာမ်ချုပ်သွားခြင်းသည်။ ခန္ဓာဒုက္ခ အပူငြိမ်းခြင်းနှင့်တူ၏။ နိဗ္ဗာန်၏အရသာကို သန္တိသုခအဖြစ်ဖြင့် ခံစားခြင်းသည် အေးမြခြင်းနှင့်တူ၏။
(ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတဒီပနီကျမ်းမှ ပထမရွှေကျင်ဆရာတော် ဘုရားကြီးပေးသော ဥပမာ)
*** သဠာယတနသံယုတ်ပါဠိတော်တွင် "ကာယဿ ဘေဒါ ဓမ္မဋ္ဌော သင်္ချံနောပေတိဝေဒဂူ" ရဟန္တာပုဂ္ဂိုလ် ခန္ဓာကိုယ်ပျက်စီးသည်မှ နောက်၌ နိဗ္ဗာန်၌ တည်သည်ဖြစ်၍ သတ္တဝါဟူသော အရေအတွက်သို့မရောက် (သင်္ချံနောပေတိ)ဟုသာ ဟောထား၏။
ယခုခေတ်လူအများစု ထင်နေသကဲ့သို့ နိဗ္ဗာန်သည် ဘာမျှမရှိသော အရာဟုဆိုလျှင် သင်္ချံနောပေတိ သတ္တဝါဟူသော အရေအတွက်သို့မရောက်ဟု ဟောခဲ့မည်မဟုတ်။ နဿတိ- ပျောက်ပျက်၏။ နတ္ထိ- မရှိစသည်ဖြင့်သာ ဟောကြားခဲ့မည်ဖြစ်၏။ ထိုသို့ နဿတိ နတ္ထိစသည်ဖြင့် မဟောကြားသည်ကို ထောက်သောအားဖြင့် နိဗ္ဗာန်သည် ဘာမျှမရှိသောအရာမဟုတ်။
(သန္တိသုခ= ငြိမ်းအေးသော ချမ်းသာဓာတ်အနေဖြင့် တကယ်ရှိကြောင်း ပြတ်သားစွာမှတ်ရမည်။)
၃။ ရဟန္တာပုဂ္ဂိုလ်သည် သေပြီးသည့်နောက် ဖြစ်သူလည်းဖြစ် မဖြစ်သူလည်းမဖြစ်ဟု မှတ်ရမည်လော။
ဤမေးခွန်းသည် ဧကစ္စသဿတဝါဒနှင့် ငြိနေသောကြောင့် ဖြေဖို့မသင့်လျှော်ဟု ပယ်တော်မူ၏။ ဧကစ္စသဿတဒိဋ္ဌိကား အချို့မြဲအချို့မမြဲ ဟုယူဆခြင်းတည်း။
၎။ ရဟန္တာပုဂ္ဂိုလ်သေပြီးသည့်နောက် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်ဟု မှတ်ရမည်လော။
ဤမေးခွန်းသည် အမရာဝိက္ခေပ ဒိဋ္ဌိနှင့်ငြိသောကြောင့် ဖြေဖို့မသင့်လျှော်ဟု ပယ်တော်မူ၏။ အမရာမည်သောငါးသည် ချောနေသောကြောင့် ဘယ်နေရာကမှ ကိုင်ဖမ်း၍မရသလို မရေမရာ ဟိုမရောက် သည်မရောက် အယူဝါဒကို အမရာဝိက္ခေပဝါဒဟု ခေါ်၏။ တိတ္ထိဆရာကြီး ခြောက်ယောက်တွင် အပါအဝင်ဖြစ်သော သိဉ္စည်းဆရာကြီး၏ ဝါဒပင်ဖြစ်၏။
*** ဝစ္ဆကနိဗ္ဗာန် အယူအဆကို ဥာဏ်မမှီတော့ကြောင်း လျှောက်ထားသဖြင့် ဗုဒ္ဓက ရဟန္တာစုတေပြီးနောက် နိဗ္ဗာန်ချမ်းသာခံစားပုံကို မီးပုံဥပမာဖြင့် ပြတော်မူ၏။ လောင်စာကုန်သွားသောကြောင့်မီးပုံမှာ မီးများငြိမ်းသွား၏။ ငြိမ်းသွားသော မီးတောက်များကို အရှေ့ရပ်သို့ ရောက်သွားသလော အနောက်အရပ်သို့ ရောက်သွားသလော စသည်ဖြင့်မေးလျှင် ဖြေဖို့ရာမသင့်လျော်ပေ။
ထို့အတူ ခန္ဓာအသစ်မဖြစ်တော့သဖြင့် ဒုက္ခမီးငြိမ်းသွားသော ရဟန္တာကိုလည်း ဘယ်အရပ်သို့ရောက်သည် ဘယ်အရပ်သို့ မရောက်သည် စသည်ဖြင့် ဖြေလျှင်မသင့်လျော်ဟု ရှင်းပြတော်မူ၏။
(မေတ္တာရှင် ရွှေပြည်သာ)

ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
No comments:
Post a Comment