
“ရေမေတ္တာပို့”
ဗုဒ္ဓ၏ ဟောကြားချက်ကို ဖော်ပြလတ္တံ့သော
တောင်တန်းဆရာတော်ကြီး၏ ရေမေတ္တာအောင်
ပွဲ လက်တွေ့ဖြစ်ရပ်က သက်သေခံလျက်ရှိသည်။
မေတ္တာတရားကို လက်ကိုင်ထား၍ အထုံရနေပြီးသော ပုဂ္ဂိုလ်သည် လောကကြီးတစ်ခုလုံးကို
မေတ္တာဖြင့် စိုးအုပ်နေနိုင်သည်။
ဘာပဲဖြစ်ဖြစ် တွေ့ကြုံလာသော လောကဓံဟူသမျှကို မေတ္တာ
စိတ်ဖြင့် ကျော်လွှားသွားလိမ့်မည်။ ပြဿနာဟူသမျှ မေတ္တာစိတ်ဖြင့်
ပြေငြိမ်းစေမည်။ ရန်သူ
ကိုပင် ကြည်လင်အေးမြသော မေတ္တာဓာတ်ဖြင့် မိတ်ဆွေကောင်းအဖြစ် ရောက်စေနိုင်ပါသည်။
ဤတွင် နည်းပေးမည်။ ဥပမာ- ဘာအကြောင်းကြောင့်ဖြစ်စေ တစ်စုံတစ်ယောက်သောသူက
ရန်မူလာလျှင် ရန်မူသော ထိုသူကို စိတ်အာရုံညွတ်၍-
သူ့ခမျာ ငါ့ကို ရန်မူနေတဲ့အတွက် စိတ်နှလုံး ပူလောင်နေရှာမှာပဲ စသည်ဖြင့် ကရုဏာစိတ်ကိုဦးစွာဖြစ်စေပါ။သနားထိုက်သော၊ သနားစရာကောင်းသော သတ္တဝါအဖြစ်ထား၍ ကရုဏာစိတ်
ဝင်စားပြီးလျှင် နောက်မှတစ်ဆက်တည်း တကယ်ချမ်းသာကောင်းစားစေလိုသော စေတနာဖြင့်
လှိုက်လှိုက်လှဲလှဲ မေတ္တာပို့လွှတ်ပေးရမည်။ အမြဲမပြတ် မလုပ်နိုင်သော်လည်း မေတ္တာပို့နေ
သောအခိုက်တွင် လှိုက်လှဲသော စေတနာထက်သန်မှု ရှိစေရမည်။
ထက်သန်မှုရှိမှ ထိရောက်သည်။ တန်ခိုးထက်မြက်သည်။ အထူးသတိပြုရန်မှာ မေတ္တာပို့သော
မိမိစိတ်ထဲသို့ ဒေါသဝင်မလာစေရပါ။ တစ်ဖက်သား ပျက်စီးစေလိုခြင်း၊ ဒုက္ခရောက်သွားစေခြင်းစသော ဒေါသစိတ် (အာဃာတ-ရန်ငြိုးစိတ်၊ ဒေါမနဿ-မကျေမချမ်း နာကျည်းသောစိတ်) ဝင်တတ်သည်။ ဝင်လာလျှင် လွတ်အောင်ဖယ်ထုတ်ပစ်ပါ။ ယင်းဒေါသစိတ်ကင်းအောင် ဖယ်ထုတ်ပစ်နိုင်လျှင် ရန်သူအပေါ် မိမိက အောင်နိုင်ပြီဟုမှတ်ပါ။
အကယ်၍ ရန်သူကို စိတ်အာရုံညွတ်၍ မေတ္တာပို့ရုံသက်သက်ဖြင့် အမြန်ပြေအေးသွားမည်မထင်လျှင် ဖန်ခွက်တစ်ခုကို ဆေးကြော၊ ရေအေးအေးသန့်သန့်ထည့်ပြီး အမှိုက်သရိုက်မကျအောင် အဖုံးဖုံး၍ ဘုရားစင်မှာ တင်ထား၊၊ ရန်မူသူကို ကိုယ်စားရည်မှတ်၍ ကျောက်ခဲကလေး
ကို ဖြစ်စေ၊ တုတ်ချောင်းကလေးကိုဖြစ်စေ ထိုဖန်ခွက်ထဲချပြီး စိမ်ထည့်ထား။ “သူ့ကို အေးချမ်းသွားစေရန် မေတ္တာရေစိမ်ထားပြီ” ဟု စိတ်ရှင်းစွာထား၍ မေတ္တာပို့လွှတ်ပေးနေပါ။
ထိုရန်သူကို ကောင်းစားချမ်းသာစေလိုသော မေတ္တာစိတ်ပို့လွှတ်နေလျှင် ခုနှစ်ရက်အတွင်း မူပြောင်းလာလိမ့်မည်။ ထူးခြားသည်မှာ သူ့မှာ ဒေါသမရှိလျှင်၊ ဒေါသနည်းလျှင် ချစ်ခင်လာလိမ့်
မည်။ ကိုယ့်ကို သနားစိတ်ဝင်လာလိမ့်မည်။ သူ ပြောမှားဆိုမှားရှိသမျှ ဝန်ချတောင်းပန်လာလိမ့်မည်။ အကယ်၍ လူကိုယ်တိုင် လာရောက်မတောင်းပန်စေကာမူ ဆက်လက်၍ ရန်မမူတော့ချေ။
မီးကို ရေနှင့်ဖျန်းလိုက်သလို ငြိမ်းသွားလိမ့်မည်။
ထိုမှတစ်ပါး အခြားမည်သည့် လုပ်ငန်းကိစ္စမဆို တွေ့ကြုံရသော နှောင့်ယှက်သူကိုဖြစ်စေ၊ နေ
ထိုင်စားသောက်ရေးကိစ္စ၌ တွေ့ကြုံရသူကိုဖြစ်စေ တွေ့ကြုံရလေသမျှ အထက်ပါနည်းအတိုင်းသာ လိုက်နာလုပ်ဆောင်ပါ။ မေတ္တာစိတ်ဓာတ် ခိုင်မြဲသော အဆောင်တန်ခိုးဖြင့် ကြည်လင်အေး
မြခြင်းကို ဖြစ်စေရမည်၊ အောင်နိုင်ရမည်ဟူ၍ ညွှန်ကြားအပ်ပါသည်။
အိမ်မှ စိတ်ကောက်ပြီး ထွက်သွားသူကိုလည်း ဤနည်းအတိုင်းလုပ်ဆောင်ပါ၊ ပြန်ရောက်လာပါလိမ့်မည်။
သူတော်ကောင်းတို့မည်သည် မေတ္တာတရားကို လက်ကိုင်ထားရမည်။ အခြားနည်းကို လက်ကိုင်ထားလျှင် မှားရောမှတ်ပါ။ မေတ္တာလောက် ကောင်းတာ လောကမှာ မရှိပါ။
ဗုဒ္ဓ၏ မေတ္တာတရားကား လောကီ လောကုတ္တရာနှစ်ဖြာ
ကောင်းကျိုးပေးသော တရားပါပေတည်း။
ဆရာတော်အရှင်ဇဝန
Buddhavasa Tiloka
ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
No comments:
Post a Comment