“အာနာပါနာနုဿတိ ပွားများရကျိုးများ”
••••••••••••••••••••••••••••••••••••
“ရဟန်းတို့ အာနာပါနဿတိကို ဤသို့ပွားများအပ်သော် များသောအကျိုး အာနိသင်ရှိပေ၏” သံယုတ်ပါဠိတော် ပထမဖလသုတ်၊ ဒုတိယဖလသုတ်တို့တွင် ပြခဲ့သည့်နည်းအတိုင်း အာနာပါနာနုဿတိကို မှန်ကန်စွာပွားလျှင်-
၁။ မျက်မှောက်ဘဝ၌ပင် စောစီးစွာ အရဟတ္တဖိုလ်ကို ပြီးစေနိုင်ခြင်း။
၂။ စောစောကမပြီးစေနိုင်သော် သေခါနီးအချိန်၌ အရဟတ္တဖိုလ်ကို ပြီးစေနိုင်ခြင်း။
၃။ သေခါနီးအချိန်၌ အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့သော် အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးကုန်ခြင်းကြောင့် သက်တမ်းတစ်ဝက်အတွင်း၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသော “အန္တရာပရိနိဗ္ဗာယီ” အနာဂါမ် ဖြစ်နိုင်ခြင်း။
၎။ သက်တမ်းတစ်ဝက်လွန်ပြီးမှ အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်ပြုရသော “ဥပဟစ္စပရိနိဗ္ဗာယီ” အနာဂါမ်ဖြစ်နိုင်ခြင်း။
၅။ အားထုတ်ခြင်းမပြုပဲ အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်ပြုရသော “အသင်္ခါရပရိနိဗ္ဗာယီ” အနာဂါမ်ဖြစ်နိုင်ခြင်း။
၆။ အားထုတ်ခြင်းဖြင့် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်ပြုရသော “သင်္ခါရပရိနိဗ္ဗာယီ” အနာဂါမ်ဖြစ်နိုင်ခြင်း။
၇။ အထက်ဘုံများသို့ အစဉ်အတိုင်းတက်၍ “အကနိဋ္ဌဘုံ” ၌ ပရိနိဗ္ဗာန်ပြုရသော အနာဂါမ်ဖြစ်နိုင်ခြင်း။
ဟူသော အကျိုးခုနှစ်မျိုးတို့တွင် တစ်မျိုးမျိုးကို ရရှိမည်ဟု ဟောကြားတော်မူခဲ့သည်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ တစ်ကျမ်းလောက်ကိုထောက်၍ အာနာပါနကို ဝိပဿနာမဟုတ်၊ သမထသာဖြစ်သည်ဟုယူဆကြသူများ ယခုဟောကြားချက်ကို သတိပြုသင့်၏။ အာနာပါနသည် သမထ, ဝိပဿနာ စွယ်စုံရ ကမ္မဋ္ဌာန်းကြီးဖြစ်၏။
ထွက်လေဝင်လေ သာမန်လောက်ကိုသာရှုလျှင် သမထ။ ပရမတ်ရုပ်နာမ်၊ ခန္ဓာတို့၏ အဖြစ်အပျက်ကိုပါ ရှုပွားနိုင်လာလျှင် ဝိပဿနာဟုခွဲရကြောင်း ရှေ့ပိုင်းတွင် ရေးခဲ့ပြီးဖြစ်၏။ အာနာပါနကို နည်းစနစ်မှန်ကန်စွာ ရှုပွားလျှင် သတိပဋ္ဌာန်လေးပါး ဝင်သွားပုံကိုလည်း ကိမိလသုတ်၌ ယခုလို ဆက်လက်ဟောကြားတော်မူ၏။
“သတိပဋ္ဌာန်လေးပါးပါဝင်သော အာနာပါန” (သံယုတ်ပါဠိတော်၊ ကိမိလသုတ်)
•••••••••••••••••••••••••••••••••••••••••••••••
ကိမိလမြို့၊ ဝါးတော၌သီတင်းသုံးစဉ် ဗုဒ္ဓသည် အရှင်ကိမိလအား ကိမိလ- အဘယ်သို့ ပွားများအပ်သော အာနာပါနဿတိသမာဓိသည် များသော အကျိုးအာနိသင်ရှိသနည်းဟု မေးမြန်းတော်မူ၏။ သုံးကြိမ်တိုင်တိုင် မေးတော်မူသော်လည်း အရှင်ကိမိလသည် ဆိတ်ဆိတ်နေ၏။ ထိုအခါ အရှင်အာနန္ဒာက ကြားဝင်တောင်းပန်သောကြောင့် ဗုဒ္ဓက အာနာပါနဿတိသမာဓိ ပွားများပုံကို ဟောကြားပြီး အောက်ပါအတိုင်း ဆက်လက်မိန့်ကြားတော်မူ၏။
“အာနန္ဒာ- အကြင်အခါ၌ ရှည်ရှည်ရှူရှိုက်သော် ရှည်ရှည်ရှူရှိုက်၏ဟု သိရ၏။ တိုတိုရှူရှိုက်သော် တိုတိုရှူရှိုက်ဟု သိ၏။ ထွက်သက်ဝင်သက်တို့၏ အစ, အလယ်, အဆုံး, သုံးပါးလုံးကို ထင်ရှားသိလျက် ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ ရုန့်ရင်းသော ထွက်သက်ဝင်သက်ကို ငြိမ်းစေလျက် ရှူရှိုက်အပ်ဟု လေ့ကျင့်အားထုတ်၏။ အာနန္ဒာ- ထိုသောအခါ၌ ရဟန်းသည် ကိုယ်(ရုပ်)၌ ကိုယ်(ရုပ်)ဟု အဖန်ဖန်ရှုလျက်နေသည်။ အဘယ့်ကြောင့်ဆိုသော် ထွက်သက်ဝင်သက်သည် ကိုယ်(ရုပ်)၌ အကြုံးဝင်သောကြောင့်ဖြစ်၏။”
(ဤကား ကာယာနုပဿနာသတိပဋ္ဌာန် ဝင်သွားပုံတည်း။)
“အာနန္ဒာ- အကြင်အခါ၌ ရဟန်းသည် နှစ်သိမ့်ခြင်းကို ထင်ရှားသိလျက် ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ ချမ်းသာခြင်းကို ထင်းရှားသိလျက် ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ အာနန္ဒာ- ထိုအခါ၌ ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက် နေသည်မည်၏။ အဘယ့်ကြောင့်ဆိုသော် ထွက်သက်ဝင်သက်တို့ကို ကောင်းစွာ နှလုံးသွင်းခြင်းသည် ဝေဒနာ၌ အကြုံးဝင်သောကြောင့်ဖြစ်၏။”
(ဤကား ဝေဒနာနုပဿနာ ဝင်သွားပုံတည်း။)
“အာနန္ဒာ- အကြင်အခါ၌ ရဟန်းသည် ထင်ရှားသိလျက် ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ စိတ်ကို ရွှင်လန်းဝမ်းမြောက်စေလျက် ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ အာနန္ဒာ- ထိုအခါ၌ ရဟန်းသည် စိတ်၌စိတ်ဟု အဖန်ဖန်ရှုလျက် နေသည်မည်၏။ အဘယ့်ကြောင့်ဆိုသော် သတိသမ္ပဇဉ်ကင်းလွတ်နေသူအား အာနာပါန သတိသမာဓိကို ပွားများခြင်းမဖြစ်သောကြောင့်ဖြစ်၏။”
(ဤကား စိတ္တာနုပဿနာသတိပဋ္ဌာန် ဝင်သွားပုံဖြစ်သည်။)
“အာနန္ဒာ- အကြင်အခါ၌ ရဟန်းသည် ထင်ရှားသိလျက် မမြဲသောသဘောကို အဖန်ဖန် ရှူလျက်ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ တပ်မက်ဖွယ်ကင်းခြင်း ချုပ်ငြိမ်းခြင်း၊ စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုလျက် ရှူရှိုက်အံ့ဟု လေ့ကျင့်အားထုတ်၏။ အာနန္ဒာ- ထိုအခါ၌ ရဟန်းသည် တရားသဘောတို့၌ တရားသဘောဟု အဖန်ဖန်ရှုလျက်နေသည်မည်၏။ အဘယ့်ကြောင့်ဆိုသော် ထိုရဟန်းသည် အဘိဇ္ဈာဒေါမနဿ တို့အား ပယ်ရှားခြင်းကို ပညာဖြင့် ကောင်းစွာလျစ်လျူရှုတတ်သောကြောင့်ဖြစ်၏။”
(ဤကား ဓမ္မာနုပဿနာသတိပဋ္ဌာန် ဝင်သွားပုံတည်း။)
“အနန္ဒာ- လမ်းလေးခွ၌ရှိသော မြေပုံကြီးကို အရပ်လေးမျက်နှာမှလာသော လှည်းရထားတို့သည် ဖျက်ဆီးသကဲ့သို့ ထို့အတူ ကိုယ်၌ ကိုယ်ဟု၊ ဝေဒနာ၊ စိတ်၊ တရားသဘောတို့၌ ဝေဒနာ၊ စိတ်၊ တရားသဘောဟု အဖန်ဖန်ရှုလျက်နေသော ရဟန်းသည်လည်း အကုသိုလ်တရားတို့ကို ဖျက်ဆီးနိုင်သည်သာဖြစ်၏။”
မေတ္တာရှင်(ရွှေပြည်သာ)၏ “သညာသိနှင့် ပညာသိ” မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

No comments:
Post a Comment