
{{{ ထေရ=ထေရ်ဟူသည် }}}
(ထီးချိုင့်-တည်တောဆရာတော်ဘုရားကြီး)
ထေရဆိုတဲ့ ပါဠိစကားဟာ မြဲမြံ ခိုင်ခံ့ တည်တံ့ခြင်း အနက်ကိုဟောတယ်။
သာသနေ ထိရဘာဝံ ပတ္တောတိ ထေရော။ (သုတ္တနိပါတ်၊ ဋ္ဌ၊ ဒု၊ ၇၉)
သာသနေ၊ သာသနာတော်၌။ ထိရဘာဝံ၊ မြဲမြံခိုင်ခံ့ တည်တံ့သည်၏အဖြစ်သို့။ ပတ္တော၊ ရောက်သည်တည်း။ ဣတိ တသ္မာ၊ ထိုကြောင့်၊ ထေရော၊ ထေရမည်၏။
ဒီစကားအရ သာသနာတော်အတွင်းမှာ မြဲမြံခိုင်ခံ့ တည်တံ့သောစိတ်ရှိတဲ့ ရဟန်းယောင်္ကျား ရဟန်းမိန်းမများကို ထေရလို့ဆိုလိုတယ်။
ရဟန်းတိုင်တော့ ထေရမဖြစ်ဘူး။ ဘာပြုလို့လဲဆိုတော့ ရဟန်းဟာ ထေရ-မဇ္ဈိမ-န၀ လို့ သုံးမျိုးရှိတယ်။
ဆယ်ဝါရပြီးတဲ့ပုဂ္ဂိုလ်ကို ထေရလို့ခေါ်တယ်။
ဆယ်ဝါအောက် ငါးဝါအထိကို မဇ္ဈိမပုဂ္ဂိုလ်လို့ခေါ်တယ်။
ငါးဝါအောက်ပုဂ္ဂိုလ်ကိုတော့ န၀ပုဂ္ဂိုလ်လို့ခေါ်တယ်။
န၀ဆိုတာ (၉)ခုဟော န၀မဟုတ်ဘူး။ ပြုသစ်စကိုဟောတဲ့ န၀ပုဒ်ဖြစ်တယ်။ မဇ္ဈိမက အလယ်အလတ်ပုဂ္ဂိုလ်တဲ့။ ထေရက မြဲမြံခိုင်ခံ့တဲ့ပုဂ္ဂိုလ်တဲ့။
အဓိပ္ပါယ်ကတော့ မဇ္ဈိမနဲ့ န၀ပုဂ္ဂိုလ်တို့ဟာ သာသနာမှာ မခိုင်ခံ့သေးဘူး။ လူထွက်ချင် ထွက်တတ်သေးတယ်တဲ့။ ထေရအရွယ်ရောက်ခဲ့လျှင်
တော်တော်ခိုင်မာလာပြီ။ ရုတ်တရက် လူမထွက်နိုင်တော့ဘူးတဲ့။ သို့သော်လည်း ထေရပုဂ္ဂိုလ်ဟာ မဟာထေရ်ပုဂ္ဂိုလ်- စူဠထေရ်ပုဂ္ဂိုလ်လို့ နှစ်မျိုးကွဲပြားသေးတယ်။
ဝါတော် (၂၀)က စပြီးကြီးရင့်တဲ့ပုဂ္ဂိုလ်ကြီးများကတော့ အလွန်မြဲမြံခိုင်ခံ့ပြီး သာသနာတော်က ရုတ်တရက် မကျဆုံးနိုင်တော့လို့ မဟာထေရလို့ ခေါ်သတဲ့။
ဝါတော် (၂၀)အောက် ပုဂ္ဂိုလ်ကတော့ သာသနာတော်မှာ မြဲမြံခိုင်ခံ့တာတော့ဟုတ်ပါရဲ့။ သို့သော်လည်း အလွန်မခိုင်မာသေးတဲ့အတွက် စူဠထေရလို့ခေါ်သတဲ့။
ထိရ-သဒ္ဒါဟာ ဒဠေ-မြဲမြံခိုင်ခံ့တည်တံ့ခြင်း အနက်ကိုဟောတယ်။
ဏ-ပစ္စည်းသက်ပြီး ထေရလို့ ရုပ်ပြီးတယ်။ ၀ိဂြိုဟ်ပြုချင်ရင်
ထိရန္တိ သီလာဒိဂုဏေဟီတိ ထေရ။လို့ ၀ိဂြိုဟ်ဆိုနိုင်တယ်။
သီလာဒိဂုဏေဟိ၊ သီလ-သမာဓိ-ပညာဂုဏ်တို့ဖြင့်။ ထိရန္တိ၊ မြဲမြံ ခိုင်ခံ့ တည်တံ့တော်မူကုန်၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ ထေရာ၊ ထေရ်တို့မည်ကုန်၏။
သဒ္ဒါရေးကို မယူဘဲ သဘောရေးအရယူခဲ့လျှင်
စိရံ ဌိတာတိ ထေရာ။ လို့လဲ ၀ိဂြိုဟ်ပြုနိုင်တယ်။
စိရံ၊ ရှည်ကြာစွာ။ ဌိတာ၊ သာသနာတော်၌တည်ကုန်၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ ထေရ၊ ထေရမည်ကုန်၏။
ဒီလောက်ဆို အဓိပ္ပါယ်ဟာ ရှင်းပါပြီ။ ။ သာဓု သာဓု သာဓု။ ။ ။
(ဓမ္မဗျူဟာ။ တွဲ၊ ၃၉။ မှတ်၊ ၈။ ဇန္န၀ါရီလ-၂၀၀၁)
Post By ... Dhamma Daythaka
No comments:
Post a Comment