မဂ်ဖိုလ်ရသင့်လျှက် မရခြင်းအကြောင်း(၂) ပါး
ဗုဒ္ဓဘာသာဝင်တိုင်း အရေးတကြီးသိသင့်သော အကြောင်းနှစ်ခုမှာ-
ပါပမိတ္တတာ= ယုတ်ညံ့သော အဆွေခင်ပွန်းကိုမှီဝဲခြင်း။
ကိရိယပဟာနိ= ကျင့်မှုဟောမှု၏ ယုတ်လျော့ခြင်း။
ပထမအကြောင်းကို သက်သေထုတ်ရရင် အဇာတသတ်ဘုရင်ပဲ။ သူ့မှာဘုရားတရားနာယူလိုက်ရုံနှင့် မဂ်ဖိုလ်ကို တထိုင်တည်းရသွားမယ့် ပါရမီတွေအပြည့်ပါတယ်။ ဒါပေမယ့် တန်ခိုးကိုဘန်းပြပြီး စည်းရုံးတဲ့ ဒေဝဒတ်နောက်ပါသွားပြီး အဖသတ်ကံကြီးကို ကျူးလွန်မိလိုက်တယ်။
နောင်တစ်ချိန် နောင်တရပြီး မြတ်စွာဘုရားဟောတဲ့ သာမညဖလသုတ်ကိုတော့ နာရပါရဲ့ ဒါပေမယ့် အဖသတ်ကံကြီးက တားထားတော့ ဘာမဂ်ဘာဖိုလ်မှ မရဘဲ လောဟကုမ္ဘီငရဲကိုဘဲ ကျသွားတယ်။ မြတ်စွာဘုရားဟောတဲ့ တရားကိုသာ မနာလိုက်ရရင် အဇာတသတ်ဟာ အဝီစိငရဲထိကျမှာ အဲဒီ အဝီစိငရဲကြီးရောက်သွားရင် လွတ်ဖို့ရာ တော်တော်နဲ့ မလွယ်တော့ဘူး။ သက်တမ်းရှည်လွန်းအားကြီးတော့ နှစ်နဲ့တောင် ရေတွက်လို့မရဘူး ကပ်နဲ့ပဲရေတွက်ရတယ်။ အဝီစိငရဲကို ကျသွားရင် ဝိဝဋ္ဋဋ္ဌာယီကပ် တစ်ကပ်ကြာအောင် ခံရတယ်။
တရားနာလိုက်ရတဲ့ ဓမ္မသဝနကုသိုလ်ကြောင့် အရံငရဲငယ်လေးပဲ ကျသွားတာ။ အများကြီးသက်သာသွားတယ်။ ဒီတော့ အဇာတသတ်မင်း မဂ်ဖိုလ်ရသင့်ရဲ့သားနဲ့ မရတာဟာ ဒေဝဒတ်လို မိတ်ဆွေယုတ်ကို ပေါင်းသင်းမိတဲ့ အတွက်ကြောင့်ပဲ။
ဒုတိယ တရားမရခြင်းအကြောင်းက ကိရိယပဟာနိ နာမှုဟောမှု ယုတ်လျော့ခြင်းဆိုတော့ တရားဟောသူရော တရားနာသူရော နှစ်ဦးလုံးနဲ့ဆိုင်တယ်။ နာသူဘက်က ယုတ်လျော့ခြင်း တစ်ချို့က ဆုံးအောင်မနာခြင်ဘူး။ အဲဒါ မဂ်ဖိုလ်ရသင့်လျက် မရခြင်းရဲ့ အကြောင်းတစ်ခုပဲ။
ဒီအချက်နှင့် ပတ်သက်ပြီး မဇ္ဈိမပဏ္ဏာသပါဠိတော် ကန္ဒရသုတ်ကို အကျဉ်းပြောပြမယ်။ တစ်ခါတော့ ဆင်ထိန်းရဲ့သား ပေဿအမည်ရှိတဲ့ ဒကာတစ်ယောက် ဘုရားကျောင်းတော်ကို ရောက်လာတယ်။ ပုဂ္ဂိုလ်လေးမျိုးအကြောင်းကို အကျယ်ရှင်းပြလိုက်တာနဲ့ ပေဿသောတာပန်တည်မှာကို ဘုရားကမြင်တော်မူတယ်။
ဒါကြောင့် ဘုရားက တရားတော်ကို မေးခွန်းတစ်ခုနဲ့ စလိုက်တယ်။ ပေဿ လောကမှာပုဂ္ဂိုလ်လေးမျိုးရှိတယ်။ ဘာတွေလဲဆိုတော့-
မိမိကိုယ်ကို ပူပန်စေတတ်သောသူ
သူတစ်ပါးကို ပူပန်စေတတ်သောသူ
မိမိသူတစ်ပါး နှစ်ဦးသားကို ပူပန်စေတတ်သောသူ
မိမိသူတစ်ပါး နှစ်ဦးသားကို မပူပန်စေတတ်သောသူတို့ပဲ။
ဒီလေးမျိုးမှာ သင်ဘယ်ပုဂ္ဂိုလ်ကို သဘောကျပြီး ဘယ်ပုဂ္ဂိုလ်ကို သဘောမကျသလဲဆိုတော့။ မိမိသူတစ်ပါး နှစ်ဦးသားမပူပန်စေတတ်သောသူကို သဘောကျပါတယ်။ ကျန်ပုဂ္ဂိုလ်များကိုတော့ သဘောမကျပါဘူးလို့ ပေဿကဖြေတယ်။ ဒီတော့ ဘုရားရှင်က ကျန်ပုဂ္ဂိုလ်သုံးယောက်ကိုရော ဘာဖြစ်လို့ သဘောမကျတာလဲလို့ မေးတော့ မိမိသူတစ်ပါး တစ်ထက်ဖက်ကိုဖြစ်စေ နှစ်ဖက်လုံးကိုဖြစ်စေ ပူပန်စေတတ်လို့ပါဟု ဖြေတယ်။
ဒီနေရာရောက်တော့ ဘုရားရှင်က ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဟောဖို့လည်း ပြင်လိုက်ရော ပေဿက တပည့်တော်အိမ်မှာ ကိစ္စရှိလို့ ပြန်လိုက်ဦးမယ်ဘုရားဆိုပြီး တစ်ခါတည်းထပြန်သွားတယ်။ ဘုရားကိုတောင် အားမနာဘူး ။ ဘုရားရှင်က အနားမှာရှိတဲ့ ရဟန်းတွေကို ပြောတယ်။
ချစ်သားတို့ ပေဿဟာ ငါဘုရားဟောမည့် တရားကိုဆုံးအောင် မနာယူတဲ့အတွက် မဂ်ဖိုလ်ရသင့်တဲ့ ပါရမီရှိပါလျက် မရဘဲလွဲချော်သွားခဲ့ရပြီ။ သံသရာမပြတ်နိုင်တော့တဲ့အတွက် ၃၁ ဘုံမှာ အို နာ သေ ဒုက္ခတွေကို အကြိမ်ကြိမ်ခံရင်း ပေဿရဲ့ အရိုးတွေဟာ တောင်လိုပုံရတော့မယ်။
နာသင့်တဲ့တရားလေးဆုံးအောင် မနာလိုက်တဲ့အတွက် သံသရာတစ်လျောက်လုံး ဘယ်လောက်နစ်နာသွားသလဲ။ ဒါကြောင့် တရားကိုဆုံးခန်းတိုင်အောင် နာပါ။ စာဖတ်နေသူတွေလည်း ဆုံးအောင်ဖတ်ကြပါလို့ မေတ္တာရှေ့ထားပြီး မှာလိုက်ပါရစေ။
နောက်တစ်ခါ ဟောမှုယုတ်လျော့တဲ့အတွက် မဂ်ဖိုလ်ရသင့်လျက် မရသူရဲ့အကြောင်း အဲဒါက ဗုဒ္ဓလက်ထက်က ဓနဉ္စာနီပုဏ္ဏားကြီးပဲ။ ပုဏ္ဏားကြီးသေခါနီးတော့ အရှင်သာရိပုတ္တရာကိုပင့်ပြီးတရားနာတယ်။ အရှင့သာရိပုတ္တရာက ဓာတ်ပရမတ်ဆိုတဲ့ ဝိပဿနာတရားတွေဟောနေရင် ဥာဏ်လိုက်နိုင်မယ်လို့ မထင်တာနဲ့ မေတ္တာပွားနည်းကိုပဲ ဟောပေးတယ်။

အဲဒီ မေတ္တာဈာန်နဲ့သေသွားတော့ ဓနဉ္စာနီပုဏ္ဏားကြီးဟာ ဗြဟ္မာဘုံကို
ရောက်သွားတယ်။ အရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်တာနဲ့ ဘုရားရှင်က
ဆီးပြောတယ် သာရိပုတ္တရာ သစ္စာတရားကိုသာ နာရရင် ဓနဉ္စာနီပုဏ္ဏားကြီးဟာ
မဂ်ဖိုလ်ကိုရမှာ အခုသင်က မေတ္တာတရားပဲဟောပေးလိုက်တော့
ဗြဟ္မာဘုံပဲရောက်
သွားတယ်။ ပုဏ္ဏားကြီးအတွက် နစ်နာတယ်။
ဒါကြောင့် ဗြဟ္မာပြည်ထိလိုက်သွားပြီး သစ္စာတရားကို လိုက်ဟောပေးရတယ်။ တရားဆုံးမှာ ဓနဉ္စာပုဏ္ဏားကြီးတစ်ဖြစ် ဗြဟ္မာကြီးဟာမဂ်ဖိုလ်ကိုရသွားပါတယ်။ အဲဒီနောက် အရှင်သာရိပုတ္တရာဟာ တရားဟောတိုင်း သစ္စာလေးပါးကို မပါပါအောင်ထည့်ဟောပေးပါတယ်။
ဟောသူဘက်က ယုတ်လျော့မှုဖြစ်ပြီး နာယူသူတွေ မဆုံးရှုံးရအောင် ဆိုတဲ့ မေတ္တာစေတနာပါပဲ။ ဒီသတ္တဝါတွေကတော့ ဣနြေ္ဒရင့်ပြီး သစ္စာလေးပါးတရားကို ဟောလို့ရပြီ။ ဒီသတ္တဝါတွေကတော့ ဣနြေ္ဒမရင့်ကျင့်သေးဘူး။ သစ္စာလေးပါးတရားဟောလို့ မရသေးဘူး။ အဲဒီလိုခွဲခြားပြီး သိနိုင်တဲ့ ဣန္ဒြိယ ပရောပရိယတ္တိဥာဏ်ဟာ ဘုရားရှင်မှာပဲရှိတယ်။ သာဝကတွေမှာ မရှိဘူး။
နောက်ဒီသူကတော့ ကသိုဏ်းလို မေတ္တာလို နူးညံ့တဲ့ ကမ္မဋ္ဌာန်းနဲ့မှ သင့်လျော်တယ်။ ဒီသူကတော့ အသုဘ ကမ္မဋ္ဌာန်းလို ကြမ်းတမ်းတဲ့ ကမ္မဋ္ဌာန်းနဲ့မှ သင့်လျော်တယ်လို့ သူတစ်ပါးရဲ့ ကိန်းအောင်းနေတဲ့ အလိုဆန္ဒကို သိတဲ့ဥာဏ်ကို အာသယာနုသယ ဥာဏ်လို့ခေါ်တယ်။ ဒီဥာဏ်တော်ကြီးဟာလည်း ဘုရားရှင်မှာသာရှိတယ်။ ကျန်သာဝကတွေမှာ မရှိဘူး။
ဒါကြောင့် အခါတစ်ပါး အရှင်သာရိပုတ္တရာဟာ ရဟန်းသစ်တစ်ပါးကို အသုဘကမ္မဋ္ဌာန်းကြီးပေးပြီး အားထုတ်ခိုင်းတာ ဝါတွင်းသုံးလသာ ကုန်သွားတယ်။ ဘာတရားမှမရဘူး။ ဒါနဲ့ ဘုရားရှင်ဆီခေါ်သွားတော့ ဘုရားရှင်က နူးညံ့တဲ့ နည်းနဲ့မှ တရားရမှာကိုသိတော့ အင်မတန် လှပတဲ့ ကြာပွင့်ကြီးတစ်ပွင့်ကို ဖန်ဆင်းပေးလိုက်ပြီး စိုက်ကြည့်ခိုင်းတယ်။
နောက်တဖြေးဖြေးခြောက်သွေ့ပြီး ကြာပန်းက ပွင့်ဖတ်တွေ တစ်လွှာချင်း ကြွေကျတာကို ဆက်ပြတယ်။ အဲဒီကမှ သံဝေဂဥာဏ်ဝင်လာတာကို တွေ့တာနဲ့ အနိစ္စတရားကိုပြလိုက်တာ တစ်ရက်တည်းနဲ့ ရဟန္တာဖြစ်သွားတယ်။ ဒါကြောင့် တရားရှာဖွေတဲ့နေရာမှာ ဆရာစွဲ မထားဘဲ ဒီနည်းနဲ့ မသင့်တော်ရင် နောက်နည်းကိုပြောင်းပြီး နာကြားအားထုတ်ကြည့်ဖို့ ဝန်မလေးသင့်ဘူး။ မောဟကင်းပြီးသားဖြစ်တဲ့ အရှင်သာရိပုတ္တရာတောင် တရားအပေးမှားသေးရင် မောဟမကင်းသေးတဲ့ အခုခေတ်ဆရာများဆိုရင် ပိုလို့တောင်မှားနိုင်သေးတယ်။
---------------------------------------
(မေတ္တာရှင်-ရွှေပြည်သာ)

No comments:
Post a Comment