အမေ.....
သံသရာတစ်ကွေ့ ဖန်လာတွေ့တဲ့
အမေ့ရဲ့သား ရဟန်းတစ်ပါးဆိုပေမယ့်
သံသရာတစ်ကွေ့ ဖန်လာတွေ့တဲ့
အမေ့ရဲ့သား ရဟန်းတစ်ပါးဆိုပေမယ့်
အလွမ်းစကားလေး ဆိုပါရစေ.... ။
အနားမှာ အမေမရှိလေတော့
သားခမျာ နွေ၏အပူထဲ
တစ်ယောက်တည်း မလျှောက်ရဲတော့ဘူး...အမေ..။
အကြောင်းပြချက် မရှိပေမယ့်
တောင့်တလျက်ရှိတာ အမေ့ရင်ခွင်ပါ...။
အပူ,အအေး-မညီမျှတဲ့
ဘ၀ရဲ့ ရာသီဆိုးထဲမှာမှ
မရဲတရဲပွင့်ခဲ့ရတဲ့ ပန်ကလေးတစ်ပွင့်ပါ အမေ...။
နွေမဟုတ်သေးပေမယ့်
ကြွေရုပ်လေးလို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့
သား... အိပ်မက်တွေ ဆိုးခဲ့တယ်..။
ဒါပေမယ့်...
အမေ့မေတ္တာ စေတနာမိုး
ရွာသွန်းဖြိုးလို့
သား..အိပ်မက်ဆိုးမှ နိုးခဲ့တယ်..။
အတွေးမရှိတဲ့ ကလေးအသိကို
ဘေးမထိအောင် ပြေးကြည့်ပေးတတ်တဲ့
အမေဟာ(သားဘ၀ ကန္တာရထဲက)
ရေဇလာ ရွှေကြာတစ်ပွင့်
ဝေဆာတင့်သလိုပေါ့...။
အဆိုးအကောင်း အကျိုး+အကြောင်းတွေနဲ့
မိုး,ဆောင်း,နွေ-ပြောင်းခဲ့ပေမယ့်
မရိုး,မဟောင်းဘဲ တည်ရှိနေတာ
အမေ့ရဲ့ မေတ္တာပါဆိုတာ
သားနားလည်လာတဲ့နေ့
မျက်ဝန်းမှာ မျက်ရည်တွေ ဝေခဲ့ရပါတယ်အမေရယ်...။
အမေဟာ အသက်ကြီးပေမယ့်
စေတနာ မပျက်စီးဘူးဆိုတာ
သားသိပါတယ်အမေ့...။
အဖေမရှိပေမယ့်
အမေရှိလို့ ဝေပါတယ်-၊
ပကာသန မများပေမယ့်
ဓမ္မတရားနဲ့ ဖြေပါတယ်..။
ကံညှင်းတဲ့ အပြစ်ဒဏ်
အားတင်းလို့ ခံရင်း....
လောကဓံအောက် ဒူးမထောက်
လက်မမြှောက် အရှုံးမပေးဘဲ
အမေပြုံးပြုံးလေး နေတတ်တယ်နော်..။
ဒီဘ၀ ကံဇာတာကုန်ခဲ့ရင်တောင်
နောင်ဘ၀ သံသရာဘုံမှာ
အမေနဲ့ဆုံပါရစေ အမေရယ်..။
အမေ့မေတ္တာ စေတနာတွေက
မြေကမ္ဘာတစ်ကွေ့ ဖွေရှာတွေ့မယ်မထင်ပါဘူး.. အမေ..။
ထို့ကြောင့်တစ်ဖြာ ၊ သာသနာမှ
မာတာကျေးဇူး ၊ ဂုဏ်အထူးကို
နဖူးတင်သ ၊ ဂါရ၀ဖြင့်
သားက ရှိးခိုးလိုက်ပါတယ် အမေရယ်...။
ဤကဗျာ၏ သာသနာ့တက္ကသိုလ်ကျောင်းသားဟောင်း
ကိုရင်စံ(မြန်အောင်)၏ တမ်းခြင်းဖြစ်ပါသည်..။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ရေးသားသော ပို့မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment