မစိုးရိမ်ကျောင်းတိုက်နှင့် ကျောင်းဒကာ
ဦးသက်ရှည်အကြောင်းအကျဉ်းချုပ်......
ဆရာတော် ဦးသူရိယ အကြောင်း ရေးတဲ့အခါ မစိုးရိမ်တိုက်နဲ့
ကျောင်းဒကာဦးသက်ရှည် စည်းကမ်းကြီးပုံ၊
အလှုအတန်းရက်ရောပုံ၊ ရိုးသားတည်ကြည်ပုံ၊ မဟုတ်မခံ
မှန်ရာကို မြတ်နိုးပုံတွေပါ၊
ပါမှပြည့်စုံမှာမို့ ဒီအကြောင်းတွေ ရေးသားတင်ပြရလိုက်ပါသည်။
မစိုးရိမ်ကျောင်းဒကာကြီး ဦးသက်ရှည်က မြို့ပြင်ကြီးသားပါ။
တစ်ချို့ကတော့ ဥယျာဉ်တော်ရွာဇာတိ လို့လည်း ရေးကြပါတယ်။
မြို့ပြင်ကြီးနှင့် ဥယျာဉ်တော်
ဆိုတာ အတူတူပါပဲ။ မြို့ပြင်ကြီးနဲ့
ဥယျာဉ်တော် သည်
မန္တလေးမြို့ရဲ့ အရှေ့မြောက် (၁၀)
မိုင် ဝေးကွာတဲ့ မြစ်ငယ်တံတားရဲ့
အနောက်ဘက်မှာပါ။
သူတို့သားအဖနှစ်ယောက်သည် ကုန်စုံလည်း
ထမ်းဖူးသည်။
အထူးသဖြင့် လက်ဖက်ခြောက်ကို ပခုံးထမ်းနဲ့မြို့ပြင် ကြီးကနေ
(၁၀)မိုင်ကွာတဲ့ မန္တလေးကို ကူးချည်သန်ချည်
ပခုံးထမ်း ရောင်းသူတွေပေါ့။
အဲဒီတုန်းကများ
ဆင်းရဲလိုက်တာ၊ မုန့်ပျားသလက် ကိုတောင်
သားအဖနှစ်ယောက်မှ
တစ်ခုပဲ ၀ယ်စားနိုင်တယ်ဆိုပဲ။
သို့ပေမဲ့သူတို့သားအဖနှစ်ယောက်က
ပွဲရုံတစ်ခုမှာ
လုပ်သားအဖြစ်ဝင်လုပ်ရင်း နံနက်လင်းတယ်ဆိုရင်ပဲ
အမှိုက်သရိုက်လှဲကြတယ်။ သောက်ရေသုံးရေ ဖြည့်တယ်။
ထမင်းချက်၊ ထင်းခွဲ…. စသောကိစ္စတွေ လုပ်တယ်။
အလုပ်ကို လေးစားတယ်။ ဒီလို ရိုးသားကြိုးစားပြီး စိတ်ရင်းကောင်းပုံ၊
အခွင့်အရေးမယူပုံ တွေကြည့်ပြီး ပွဲရုံပိုင်ရှင်က
သူတိုကသားအဖနှစ်ယောက်
ကို သဘောကျကာ ငွေကြေး မ တည်ပြီး ပွဲရုံထောင်ပေးလိုက်ပါတယ်။
ဒီလိုနဲ့
တဖြည်းဖြည်း စီးပွားတက်လာပြီး မန္တလေးပွဲကုန်းအရပ်မှာ
နှစ်ထပ်တိုက်ကြီးနဲ့ လက်ဖက်ခြောက်ပွဲရုံကြီး
တည်ထောင်နိုင်ခဲ့သည်။
အဲဒီခေတ်က ပလောင်ပိုင်၊ တောင်ပိုင်အဖြစ် လက်ဖက်ပင်ရှိတဲ့
ပလောင်တွေကို
ကြိုငွေ ငါးသိန်း ထုတ်ပေးနိုင်ခဲ့သူဖြစ်ပါသည်။
စီးပွားရေးတက်လာတော့ ငယ်ဆရာရင်းဖြစ်တဲ့ မြို့ပြင်ကြီး
ကျမ်းပြုဆရာတော်ကို
ကျောင်းဆောက်လှူဖို့ လျှောက်တဲ့အခါ
ဆရာတော်က
……..
“ မောင်သက်ရှည် တကယ် အကျိုးများမယ့် မန္တလေးမြို့က
ဘုရားကြီးတိုက်မှာ
လှူပါ။
တို့ရွာကျောင်းကို မလှူချင်ပါနဲ့ ။ “ တဲ့ ။
ဦးသက်ရှည်ဟာ ဆရာတော့်စကား နားထောင်ပြီး မန္တလေး မြို့က
ဘုရားတိုက်ကြီးတိုက်မှာပဲ
အသားကျောင်း ဆောက်လုပ်လှူဒါန်းပါတယ်။
အဲဒီကျောင်း မီးခ သွားတော့ အလယ်တိုင်ကြီးကို
ထပ်မံလှူဒါန်းပြန်သည်။
ဦးသက်ရှည်တို့သားအဖသည်
ဒီအလှူလောက်ကို အားမရတာနဲ့
ဦးပေစိပိုင်ဆိုင် သော မစိုးရိမ်ဥယျာဉ်ကြီးကို ၀ယ်ပြီး
မစိုးရိမ်တိုက်အမည်နှင့်တိုက်ကျောင်းကြီးတွေ
ဆောက်လုပ်လှူဒါန်းပါတော့သည်။
မစိုးရိမ်ဟု
တွင်ပုံမှာ ဦးပေစိနဲ့ မြေးလေး ကျောက်ပေါက် တဲ့အခါ
ဒီဥယျာဉ်ထဲမှာ တဲနဲ့ထားပြီး ဆေးကုသရာ
သုံးလေးရက်ရှိတော့
မစိုးရိမ်ရတဲ့ အခြေအနေ ရောက်လာတာမို့ မစိုးရိမ်ဥယျာဉ်လို့
တွင်ခဲ့ရာက၊
ဦးသက်ရှည် တို့က
ဒီဥယျာဉ်ကိုဝယ်ပြီး ကျောင်းတိုက်တည်တဲ့အခါမှာလည်း
အခြားနာမည်မပေးတော့ဘဲ
မစိုးရိမ်တိုက်ဟု အမည်ပေးခဲ့ပါသည်။
ထို့အပြင်
ဦးပေစိဘုရားရဲ့ မြောက်ဘက်မှာ ချောင်းလေးတစ်ချောင်းရှိပါသည်။
ထိုချောင်းကလေးဟာ မိုးရွာလို့ ရေလာသော်လည်း ဖြတ်ကူးသူတို့မှာ
မစိုးရိမ်ရတဲ့အတွက် ဒီချောင်းကို
မစိုးရိမ်ချောင်းလို့ ခေါ်ဝေါ်လာကြတာကို
အစွဲပြုပြီး မစိုးရိမ်တိုက်လို့ ပြောစမှတ်ရှိခဲ့ကြပါသည်။
စည်းကမ်းလိုက်နာ အတုယူစရာ
ဦးသက်ရှည်သည် မစိုးရိမ်ဥယျာဉ်ကြီးကိုဝယ်ပြီး ကျောင်းတိုက်ကြီး
(စာသင်တိုက်ကြီး)
ဖြစ်လာစေရန် အကြံအစည်နဲ့ တစ်ပြပတ်လက်
ထူထဲလှသော အုတ်တံတိုင်းကြီးအပါအ၀င် အလယ်ကျောင်းတိုက်ကြီး
အရံကျောင်း(၁၆) ကျောင်းနဲ့အတူ နာရီစင်ကြီး၊ ဆွမ်းစားကျောင်းများ၊
မီးတင်းကုပ်များ၊ အ၀ီစိတွင်း၊ ကုဋီ၊ မီးစက်ရုံကိုပါ လှူပါသည်။
အလယ်တိုက်သည် အရှေ့အနောက်
(၁၁)ခန်း၊ တောင်မြောက် (၈)
ခန်း လှေကား(၄) စင်းနဲ့
အုတ်နှစ်ထပ်တိုက်ကြီး ဖြစ်သလို ကျောင်းအတွင်းမှ
ရွှေတွေ ၀င်းလို့ပါ။ ဘေးအရံ (၁၆) ကျောင်းကလည်း (၇) ခန်း၊
(၅)ခန်း နှစ်ထပ်တိုက်ကြီးတွေပေါ့။
တိုက်ကြီးတွေမှာ ရွှေတွေဝင်းလို့ချည်းပါပဲ။
မစိုးရိမ်တိုက်က
သံဃာအားလုံးဟာ မိုးရွာရင် ဆွမ်းမခံရဘဲ
ဦးသက်ရှည် လှူထားသော ဆွမ်းစားလက်မှတ်နဲ့ ကြိုက်ရာဆိုင်မှာ
ဝင်စားလို့ရသလို
စာချဆရာတော်တွေကိုလည်း
လစဉ်တစ်ဆယ်နှုန်းနှင့်
ဝတ္ထုငွေလှူဒါန်းခဲ့ပါတယ်။
အဲဒီခေတ်က ငွေတစ်ဆယ်သည် သိပ်အဖိုးတန်ပါသည်။
ဆီတစ်ဆယ်ဝင်ပုံးတစ်ပုံး နှစ်ကျပ်ခွဲ၊ အကောင်းစားဆန်
သုံးတင်းဝင် တစ်အိတ်ကို သုံးကျပ်၊
ပိတ်သင်္ကန်း နှစ်ကျပ်ခွဲ၊
အကောင်းစား သင်္ကန်းတစ်စုံကို ငါးကျပ်၊ ထမင်းလစာပေးစားလျှင်
တစ်လမှ ငါးကျပ် ပါ။
မစိုးရိမ်ကျောင်းတိုက်က ကျောင်းတွေထဲမှာ
“၀ိနယ နယူပဒေသာကျောင်း”ဆိုတာ ကျောင်းဒကာ
ဦးသက်ရှည်ရဲ့သား
ဦးကျော်ရဲ့သူငယ်ချင်း ပွဲကုန်းဦးလန်းက ရေစက်ဆုံအောင်
လှူပါရစေလို့ ဇွတ်အတင်းတောင်းပန်လို့
တည်ဆောက်ခွင့်ပြုခဲ့တာပါ…..။
ပါဠိနယူပဒေကျောင်းကတော့ ဦးသက်ရှည်ရဲ့ သမီးဒေါ်ဝိတ
လှူခဲ့တာဖြစ်ပါတယ်။
ကျန်(၁၄) ကျောင်းကတော့ ဦးသက်ရှည်တို့သားအဖ
ရဲ့ ကောင်းမှုတွေချည်းပါပဲ။
ပေးမကုန် လှူမခန်းဆိုတာဒါမျိုး ဖြစ်မှာပေါ့။
မစိုးရိမ်ကျောင်းဒကာကြီး ဦးသက်ရှည်က သိပ်စည်းကမ်းကြီးတာ
သံဃာ(၇၀) လောက် တစ်တိုက်လုံး ဆွမ်းကပ်ပြီဆိုရင် ဘေးတိုက်က
သံဃာတော်တွေကို အရင်ကပ်လေ့ရှိတယ်။
ဒီအာဂန္တု ပင့်သံဃာတော်တွေကို ဆွမ်းကပ်ရာမှာ ဆွမ်းရော
ဆွမ်းဟင်းရော လုံးဝအလျော့မခံပဲ
အလျှံပယ်လိုက်ပွဲကပ်ဖို့
အကျိုးဆောင်သံဃာတော်တွေကို လျှောက်ထားပြီးသားပါ။
နောက်ဆုံး မစိုးရိမ်ကျောင်းတိုက် သံဃာတော်တွေ
ဆွမ်းကပ်ရာမှာတော့
“ ကိုယ့်တိုက်က ကိုယ့်သံဃာတွေပဲ ဘာအားနာစရာရှိလို့လည်း။
ကုန်ရင်ပြောပေါ့၊ မကုန်မခန်း
ဗုံဘောလအောကြီးတော့
မလိုက်ကြပါနဲ့။
ဦးပဉ္ဇင်းတို့ ဆွမ်းနဲ့ဆွမ်းဟင်းကို ကုန်နိုင်ရုံလိုက်ကြပါ။
တစ်ပွဲဟင်းတစ်တုံးကျန်ရင် ဆယ်ပွဲဆို ဟင်းဆယ်တုံး၊ ကျန်နေမယ်
ဘုရား။
တစ်ပါးဆွမ်းတစ်အုပ်
ပန်းကန်ပြားထဲကျန်နေ ရင်
အပါးတစ်ရာဆွမ်းအဆုပ်ပေါင်းတစ်ရာ ကျန်နေမယ်။
တပည့်တော်က ဆွမ်းဟင်းတွေကျန်နေရင်
အိမ်ပြန်ယူသွားမှာ
မဟုတ်ဘူး။
ဦးပဉ္ဇင်းတို့နောက်ရက် ဘုန်းပေးဖို့အတွက်အပ်အပ်စပ်စပ်ဖြစ်အောင်
စီစဉ်ထားခဲ့မှာ
ဗုံးဘောလအောလိုက်လို့ ဟင်းတွေကျန်နေရင် ဘာမှသုံးဖြစ်မှာ
မဟုတ်ဘူး။
တိရစ္ဆာန်တွေကျွေးပစ်ရုံပဲရှိတယ်။တိရစ္ဆာန်တွေ
ကျွေးပစ်လို့မှ
မကုန်ဘူးဆိုရင်
ဒီအကြွင်းအကျန်တွေဟာ အလဟဿ ဖြစိကုန်မှာပေါ့ …… “
လို့လျှောက်ထားတဲ့
ကျောင်းဒကာဦးသက်ရှည်ပါ။
စည်းကမ်းကြီးလိုက်ပုံများ ၀ါးခယ်မက ဒကာ၊ ဒကာမတွေက
ဆရာတော်ဦးသူရိယကို
ပန်ကာလှူဖို့ လျှောက်ထားတော့
လက်ခံလိုက်တယ်။
သူတို့လှူတဲ့ငွေသုံးရာနဲ့ ပန်ကာလှူဖို့ရာ
ကျောင်းဒကာကြီး ဦးသက်ရှည်ကို တိုင်ပင်တဲ့အခါ …….
“ ဦးပဉ္ဇင်း … ကျောင်းဒကာက တပည့်တော်တို့
သားအဖ နှစ်ဦးတည်းရယ်
ဦးပဉ္ဇင်းကျောင်းတစ်ကျောင်းတည်း ထူးချွန်ပြီး ပန်ကာတပ်ဆင်ရင်
ဘေးကျောင်းဘုန်းကြီးများက
မျက်နှာလိုက်တဲ့
ကျောင်းဒကာတွေလို့ တပည့်တော်တို့အပေါ် အထင်မလွဲဘူး ထား ၊
ဘေးကျောင်းဘုန်းကြီးတွေအဖို့
ဦးသူရိယတို့ကတော့
ဒကာ၊ ဒကာမ ပေါလို့ ပန်ကာနဲ့ ဘာနဲ့။ ဟန်ကျပန်ကျနေရပေတယ်။
တို့များတော့
လှူဒါန်းမယ့် ဒကာ ဒကာမ မရှိလို့ ဟန်ကျပန်ကျ
မနေရဘူးလို့
အနေခက်ကုန်မှာပေါ့။ ဒီတိုက်မှာက
ဦးပဉ္ဇင်းတို့ကျောင်းထိုင်နာယက
စာချတွေကလည်း ညီအကိုတွေလိုနေကြတော့
ကျောင်းဒကာကတစ်ဦးတည်း
ဦးပဉ္ဇင်းကျောင်း တစ်ကျောင်းတည်း
ထူးချွန်ပြီး အလျင်စလို ပန်ကာမတပ်ချင်ပါနဲ့။
တပည့်တော်
တစ်နေ့ကျကျောင်းတိုင်တပ်ဆင်ပေးပါ့မယ်……”
လို့လျှောက်ထားချက်ကို နောင်တစ်ချိန်
အဘိဓဇမဟာရဌဂုရုဆရာတော်
ဖြစ်လာမယ့် အဲဒီချိန်မှာ သက်တော်(၃၀)ကျော်သာရှိသေးသော
ဦးသူရိယာဘိဝံသ
က ကျောင်းဒကာစကားကိုနားထောင်ပြီး
“ ဒကာကြီး ဦးပဉ္ဇင်း မှားသွားတယ်။
နောင်အချိန်ကျောင်းတွေ
ပန်ကာတပ်ဆင်တဲ့အခါ
တစ်ခြားကျောင်းတွေမှာသာ အလျင်တပ်ဆင်ပေးပါ။
ဦးပဉ္ဇင်းကျောင်းကို နောက်ဆုံးမှ
တပ်ဆင်ပေါ့…. ”
လို့ပြောခဲ့တာပါ…..။
ဦးသက်ရှည်က ဒါတင်ဘယ်ကမလဲ သူက မှန်မှန်ကန်ကန်
သုံးသပ်တတ်သူပီပီ
စည်းကမ်းနည်းလမ်းကြီးသူဆိုတော့
ရဟန်းသံဃာတော်များကို ကြည်ညိုလေးစားပေမဲ့ ပြောစရာကြုံလာရင်
ဒီလိုပဲ ခပ်ပြတ်ပြတ်ပြောတတ်တဲ့ သူ့ဝတီအတိုင်း
နာယကဆရာတော်များက
မစိုးရိမ်တိုက်ကြီးရဲ့
စည်းမျဉ်င်္းဥပဒေတွေရေးပြီး စာအုပ်ထုတ်ဖို့ရာ
ဦးသက်ရှည်ကို
မိန့်ကြားတဲ့အခါ ကျောင်းဒကာကြီးက
ဝတ္ထုငွေ
လုံးဝထုတ်မပေးတဲ့အပြင် -
“ ဦးပဉ္ဇင်းတို့ ဥပဒေစည်းမျဉ်းက စာအုပ်ရိုက်ထားမှ တည်နေမှာလား
….”
လို့ ငေါ့တော့တော့တောင် လျှောက်ထားခဲ့ပါတယ်။
ဒီအဖြစ်ကို သိရှိသွားသော ကျောင်းဒကာကြီးရဲ့သား
ဦးကျော်က
ကြားဝင်ပြီး
“ ဦးပဉ္ဇင်းတို့…. ဒီကိစ္စ အဖေ မသိစေနဲ့ဘုရား ဦးပဉ္ဇင်းတို့
ရိုက်ချင်တဲ့ စည်းမျဉ်းဥပဒေစာအုပ်ကို ကုန်သမျှငွေ
တပည့်တော်က
လှူပါ့မယ်……”
လို့လျှောက်တင်ခဲ့ရပါတယ်….။
ဒါမျိုးကိစ္စတွေက ဦးသက်ရှည်အဖို့ အကြိမ်ကြိမ်ကြုံတွေ့ပေမဲ့
နောက်နောင်တွေတော့ အလျှော့ပေးလိမ့်မယ်လို့များ
မထင်လိုက်ပါနဲ့ဦး မှားသွားမယ်။ တစ်ဆက်တည်း …..
စစ်ကိုင်းတံတားကြီး မတည်ဆောက်ရင်သေးခင်က
အဖြစ်အပျက်ကလေးကို
အမှတ်ရလို့ ပြောပါဦးမယ်။
ဆရာတော်ဦးသူရိယကို စစ်ကိုင်းဘက်က အလှူပင့်လို့
ကြွတော့
ကျောင်းဒကာဦးသက်ရှည်ထက် ဆရာတော်က
ကူးတို့ဆိပ်ကို အရင်ရောက်နှင့်ပြီး ငှက်သမားကို တစ်ပါးကို
တစ်ပဲနှုန်းနဲ့ စကားပြောထားပါရော…..။
ဦးသက်ရှည်ရောက်လာလို့ ငှက်နဲ့ကူးပြီး စစ်ကိုင်းဘက်ရောက်တော့
ဦးသက်ရှည်က တစ်ပါးကို နှစ်ပြားနှုန်းကျ ငှက်သမားကို
ငှက်ခပေးပါတယ်။
ဒီတော့ ဦးသူရိယက…..
“ တစ်ပါး တစ်ပဲနှုန်းနဲ့ ပြောပြီးသားကို တစ်ပဲကျပဲ ရှင်းပေးလိုက်ပါ။
တော်ကြာ ငှက်သမားက ဦးပဉ္ဇင်းတွေ အနိုင်ကျင့်တယ်
ထင်နေပါဦးမယ်……”
လို့မိန့်တော့ …….
ဦးပဉ္ဇင်းရယ် အနိုင်ကျင့်တယ်ထင်ရအောင် တပည့်တော်က
ထုံးစံထက်လျှော့ပေးနေတာမှ
မဟုတ်တာပဲဟာ….။
ဦးပဉ္ဇင်းတို့ ဘုန်းကြီးတွေ ဘာမှမသိပါဘူးဆိုပြီး ငှက်သမားက
ညာနေတာ၊ တပည့်တော်က
ပိုက်ဆံနှမြောလို့ မဟုတ်ပါဘူး။
နောင်ဆိုရင် ထုံးစံမသိတဲ့သူတိုင်းကို ဒီလိုနဲ့ ညာနေဦိးအုန်းမှာ၊
ညာလို့ရတိုင်း ညာနေမယ်ဆိုရင် ငှက်သမားတွေဟာ
တစ်သက်လုံးရိုးသားတဲ့စိတ် ပေါ်မှာမဟုတ်တော့ဘူး။
လိမ်ညာချင်တဲ့စိတ်ကို တပည့်တော်က အားမပေးချင်ဘူး…….။
တဲ့လေ….။
အောက်သက်ကျေလာခဲ့သော ဦးသက်ရှည်ဟာ
သူ့အလုပ်သမား တွေကိုလုပ်အားခပေးရင်လည်း
ထုံးစံထက်ပိုမပေးသလို လျှော့လည်းမပေးတတ်ပါဘူး။
အောက်သက်ကျေဆို ဦးသက်ရှည်
ခမျာတော်တော်လေး
ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရတာကိုး……။
သာသနာ့အကျော် ဆရာတော်ကြီးများ စာအုပ်မှ
မစိုးရိမ်ကျောင်းဒကာကြီး ဦးသက်ရှည် အကြောင်းအကျဉ်းချုပ်
ကို ကောက်နှုတ်တင်ပြလိုက်ပါသည်။
အားလုံးသောဓမ္မမိတ်ဆွေများအားလုံး ပျော်ရွှင်နိုင်ကြပြီး....
တရားကောင်းတရားမြတ်များတွေ့မြင်နိုင်ကြ ပါစေလို့...........
No comments:
Post a Comment