**** ရွှေလူသားများ ဖြစ်စေသတည်း ****
ထမင်းပန်ကန်လေးနဲ့ထမင်းစားရင်းအမှတ်သတိလေးနဲ့ စားတယ်ဆိုရင် ရွှေပန်ကန်နဲ့ ရွှေထမင်းတွေ စားနေတာပေါ့။ ဇွန်နဲ့ ဟင်းရည်လေးသောက်လိုက်တဲ့အခါကျတော့လည်း အမှတ်သတိလေးနဲ့ သောက်မယ်ဆိုရင် ရွှေဟင်းချိုလေးသောက်နေတာ၊ ဇွန်းလေးကလည်း ရွှေဇွန်းလေး ဖြစ်သွားတယ်။

ဘာကြောင့်လဲဆိုတော့ရွှေနိဗ္ဗာန်ကို ရစေနိုင်တဲ့အတွက်၊ ရွှေဝိပဿနာဉာဏ်တွေကို ဖြစ်စေနိုင်တဲ့
အတွက်ကြောင့် ရွှေနိဗ္ဗာန်၊ ရွှေဉာဏ်တွေနဲ့ ဆက်စပ်နေတဲ့ အရာမှန်သမျှလည်း
ရွှေထိုက်သွားတာပေါ့၊ ဟုတ်တယ်မဟုတ်လား။
အဲဒီတော့နေ့စဉ်စားတော့လည်းမှတ်၊ စွန့်တော့လည်းမှတ်ပေါ့။
ရေအိမ်ခန်းထဲမှာ ထိုင်ပြီးတော့၊ ကြွေခုံလေးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီးတော့ စွန့်တယ်ဆိုလို့ရှိရင်၊အမှတ်သတိလေးနဲ့စွန့်နေတယ်ဆိုရင် အဲဒီကြွေခုံလေးကဘာခုံလေးဖြစ်သွားတုံး၊ “ရွှေကြွေခုံ”လေး ဖြစ်သွားတယ်နော်။ ကမုတ်လေးနဲ့ ထိုင်စွန့်တဲ့ အခါကျတော့လည်း အဲဒီ ကမုတ်လေးက ဘာဖြစ်သွားပြန်တုံး၊ “ရွှေကမုတ်”လေးဖြစ်သွားတာပေါ့။

ဒါကြောင့်
“လက်နဲ့ထိသမျှ ရွှေဖြစ်စေ”ဆိုတဲ့အတိုင်း မိမိရဲ့ စိတ်နဲ့၊ မိမိသတိနဲ့
ထိတွေ့တဲ့အရာမှန်သမျှ ရွှေဖြစ်အောင်ကြိုးစားကြရမယ်။ နေ့စဉ်
သီးသန့်အချိန်ပေး အားထုတ်တာမျိုးတွင်မကဘဲ သွားရင်း၊ လာရင်း၊ လုပ်ရင်း၊
ကိုင်ရင်း၊ စားရင်း၊ စွန့်ရင်းနဲ့လည်း အားထုတ်ကြမယ်ဆိုရင် ကိုယ်စားသမျှ
ပန်းကန်တွေ ရွှေပန်းကန်တွေဖြစ်၊ ကိုယ်စွန့်သမျှ မစင်တွေ ရွှေမစင်တွေ
ဖြစ်သွားတာပေါ့နော်။
ရွှေမစင်ဆိုလို့ကောက်ကိုင်ပြီးတော့ သိမ်းထားဖို့ ပြောတာမဟုတ်ပါဘူး။ ဒီမစင် စွန့်ရင်းနဲ့
အမှတ်သတိလေး၊ ၀ိပဿနာဉာဏ်လေးထည့်ပြီး စွန့်လိုက်တဲ့အတွက်ကြောင့်ရွှေသတိ၊ရွှေဉာဏ်ဖြစ်လို့၊ စွန့်နေရင်းနဲ့လည်းရွှေနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လို့
ဒီမစင်လေးကိုလည်း ရွှေမစင်လို့ ခေါ်နိုင်တာပါပဲ။
အ၀တ်လျှော်နေရင်းလူပ်ရှားမူသဘော၊ ထိတွေ့မူသဘောလေးတွေကို ဖြစ်ပျက်မြင်အောင် သတိဉာဏ်လေးနဲ့
ရူမှတ်တော့လျှော်သမျှအ၀တ်တွေ အားလုံး ရွှေအ၀တ်တွေ ဖြစ်သွားတာပေါ့။
လျှော်သမျှ အင်္ကျီ ရွှေအင်္ကျီ၊ သုံးသမျှ ရေ ရွှေရေ၊ အို… ထွက်လာသမျှ ကြေး(ဂျီး)
ရွှေကြေး(ရွှေဂျီး)၊ ဘယ်လောက်များ ဟန်ကျလိုက်သလဲ။
ကိုယ်အမူအရာ၊နူတ်အမူအရာ၊စိတ်အမူအရာမှန်သမျှကို သတိပဋ္ဌာန်းဝိပဿနာလေးနဲ့လုပ်သွားမယ်ဆိုရင်ကိုယ့်ရဲ့ ကိုယ်ကရွှေကိုယ်၊ကိုယ့်ရဲ့နှုတ်ကရွှေနူတ်၊ကိုယ့်ရဲ့ စိတ်က ရွှေစိတ် ဖြစ်သွားတော့တာပါပဲ။
ရွှေကိုယ်၊ရွှေနူတ်၊ ရွှေစိတ်ပိုင်ရှင်လူသားဟာ ရွှေလူသားပဲပေါ့။ အမျိုးသား၊
ယောက်ျားဆိုရင် ရွှေအမျိုးသား၊ ရွှေယောက်ျား၊ အမျိုးသမီး၊ မိန်းမဆိုရင်
ရွှေအမျိုးသမီး၊ ရွှေမိန်းမ၊ကိုရင်ဆိုရင် ရွှေကိုရင်၊ ရဟန်းဆိုရင် ရွှေရဟန်း၊
ရွှေလူသားတွေနေတဲ့ နိုင်ငံက ရွှေနိုင်ငံ၊ ကမ္ဘာကြီကို ရွှေကမ္ဘာ၊ အို…
ဘယ်လောက်များ အေးချမ်းလိုက်မလဲ…၊ ဘယ်လောက်များ ကျက်သရေရှိလိုက်မလဲ…။
အဲဒီတော့
ရွှေကောင်းမူအတွက် ရွှေတောင်းဆုပြုကြပါ။
ရွှေတောင်းဆုပြုပြီးရုံနဲ့လည်း ကျေနပ်မနေကြဘဲ
ရွှေသတိပဋ္ဌာန်းကိုလည်းအားထုတ်ကြပါ။
ဒါမှ ရွှေဝိပဿနာဉာဏ်တွေရပြီးတော့ ရွှေမဂ်တွေ၊ ရွှေဖိုလ်တွေ မြန်မြန် ဆိုက်ရောက်ပြီးတော့ရွှေနိဗ္ဗာန်ကိုအမြန်ဆုံး မျက်မှောက်ပြုနိုင်ကြပါလိမ့်မယ်။

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက “အိုဘယ့်အလှူရှင်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment