စိတ်မဆိုးနဲ့ ဟူသည်…
----------------------
ကံသုံးပါးတို့တွင် စိတ်သည် အဦးအဆောင်ဖြစ်ပါ၏။ အကြီးအမှူးဖြစ်ပါ၏။ ကိုယ်မှု နှုတ်မှုတို့သည် စိတ်၏ ကြိုးဆွဲရာကကြရရှာသည့် ရုပ်သေးရုပ်များဖြစ်ပါ၏။ လူကောင်းစင်စစ် ဧကန်ဖြစ်လိုသူတိုင်း စိတ်ကိုကောင်းအောင် ပျိုးထောင်ရမည်သာ ဖြစ်၏။ မွေးမြူနေရမည်သာဖြစ်၏။။
စိတ်ဟူသော ဥယျဉ်ကလေးကို
လှလှလှပပ သန့်သန့်စင်စင်ဖြစ်အောင်
ထာဝစဉ် လှည်းကျင်းရှင်းလင်းဖို့လိုပါ၏။
မေတ္တာ ဂရုဏာ မုဒိတာ စသော
ပန်းပင်လှလှကလေးများဖြစ်
တန်ဆာဆင်ရန်လိုပါ၏။
စိတ်မဆိုးနဲ့ဟူသည်…
ဒေါသမကြီးနဲ့ ဟူသော အဓိပ္ပာယ်သာမက
ဆိုးတဲ့စိတ်ကိုမမွေးနဲ့ ဟူ၍လည်း အဓိပ္ပာယ်ရကြောင်း…
ရွှေကျင်သာသနာပိုင် ဝိသုဒ္ဓါရုံမြောင်းမြ ဆရာတော်ကြီးက ဆုံးမတော်မူခဲ့သည်ကို ဦးထိပ်ပန်ဆင်အပ်လှပါ၏။
" စိတ်မဆိုးနဲ့ဆိုတာ အဓိပ္ပာယ်နှစ်မျိုးရတယ်။ ဒေါသမကြီးနဲ့လို့လည်း အဓိပ္ပာယ်ရတယ်။ ဆိုးတဲ့စိတ်ကို မမွေးနဲ့လို့လည်း အဓိပ္ပာယ်ရတယ်။ ဒေါသမကြီးနဲ့ ဆိုတာကတော့ သိသာထင်ရှားပါတယ်။ ဆိုးတဲ့စိတ်ကို မမွေးနဲ့ဆိုတာက ဒီလို…
လူတွေဟာ ကြံစည်စိတ်ကူးပြီးမှ ပြောကြတယ်။ လုပ်ကြတယ်။ ဆိုးတဲ့စိတ် မမွေးရင် ဆိုးတာလည်း မပြောဘူး။ ဆိုးတာလည်း မလုပ်တော့ဘူး။ မကောင်းတဲ့အလုပ်ကို ကံသုံးပါးနဲ့ရှောင်လို့ တိုတိုကလေးနဲ့ ပိတ်ပြီး ပြောတာပါပဲ။
ကောင်းကောင်းနေဆိုတာက "နေ" ဆိုတဲ့စကားတစ်လုံးမှာ ကြံစည်တာရော ပြောတာရော လုပ်တာရော အကုန်လုံးပါသွားတယ်။ အဲဒီတော့ …
" ကောင်းတာဆိုရင် ကံသုံးပါးမြောက်အောင်လုပ်" လို့ တိုတိုနဲ့ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ပါအောင် ပြောတာပဲ သဘောပေါက်ရဲ့လား……
မကောင်းမှုမှာ မကြံစည်ရုံနဲ့ ကံသုံးပါးလုံတယ်။ ကောင်းတဲ့အမှုမှာတော့ ကြံစည်ရုံနဲ့ မလုံလောက်ဘူး။ ကံသုံးပါးလုံးမြောက်အောင် လုပ်ရမှာပါ။
"စိတ်မဆိုးနဲ့ ကောင်းကောင်းနေ"
*****************************
မင်းနန်(မော်ကျွန်း)

No comments:
Post a Comment