
"မှတ်သားဖွယ်ရာ မျက်ရည် နှစ်မျိုး"
တပည့်တော် မေးပါရစေဦး။ မိဘနှစ်ပါးတို့ကို ချစ်မြတ်နိုး၍ ငိုကြွေးအပ်သော မျက်ရည်နှင့် တရားတော်ကို မြတ်နိုး၍ ငိုကြွေးရသော မျက်ရည်နှစ်မျိုးအနက် အဘယ်မျက်ရည်သည် ဆေးနှင့်တူ၍ အဘယ်မျက်ရည်က အဆိပ်နဲ့တူပါသနည်းဘုရား။
ဒကာတော် ရာဂ၊ ဒေါသ၊ မောဟ ဟူသော ကိလေသာ အညစ်အကြေးတို့ဖြင့် မကင်းသော မျက်ရည်ကား ပူလောင်သောမျက်ရည်ဖြစ်တယ်။ ထိုအညစ်အကြေးတို့မှ ကင်းစင်လျှက် နှစ်လိုဝမ်းမြောက်ခြင်းဖြင့် ကျအပ်သော မျက်ရည်သည်ကား တရားတော်ကို ယုံကြည်မြတ်နိုးခြင်းနှင့် စပ်လျဉ်းသဖြင့် အေးချမ်းသော မျက်ရည်ဖြစ်ပေတယ်။ ကောင်းမြတ်ဖြောင့်မှန်စွာ ဖြစ်အပ်သော မျက်ရည်သည် ဆေးသဖွယ်ဖြစ်၍ အညစ်အကြေးဖြင့် ယှဉ်အပ်သော မျက်ရည်သည်ကား အဆိပ်ဖြစ်ပေတယ်။
(မိလိန္ဒပဥှာ)
ဟိုတစ်လောက မျက်ရည်အကြောင်း မေးသော ဒကာမကြီး သေချာစွာဖတ်၍ မှတ်သားစေချင်ပါသည်။ မျက်ရည်ကျတိုင်း ဒေါသဟု မမှတ်ယူသင့်ပါပေ။ အဆိပ်နှင့်တူသော မျက်ရည်ဟု မမှတ်သားသင့်ပါပေ။ မျက်ရည်တို့မည်သည် ဆေးနှင့်တူသော မျက်ရည်ရှိသကဲ့သို့ အဆိပ်နှင့်တူသော မျက်ရည်လည်း ရှိသည်ဟု မှတ်သားစေချင်ပါသည်။
မိမိမသိအပ်သော မသိသေးသော တရားကို သိရှိရသည့်အတွက် တရားတော်နှင့်ပတ်သတ်၍ ဝမ်းမြောက်ဝမ်းသာ ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုးနှင့် ကျသော မျက်ရည်သည်ကား အထက်ကပြောသည့်အတိုင်း ဆေးနှင့်တူပြီး၊ ရာဂ ဒေါသ မောဟကြောင့် ကျအပ်သော မျက်ရည်သည်ကား ပူလောင်သော အဆိပ်နှင့် တူသော မျက်ရည်ပင်ဖြစ်တော့၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မူကြိုဆရာ ပို့မှ
No comments:
Post a Comment