သောတာပန်၏ဂုဏ်ရည်လေးချက်
-------------------------------------
၁။ ဘုရားရတနာကို အသက်နှင့်လဲ၍ ယုံကြည်သည်။
၂။ တရားရတနာကို အသက်နှင့်လဲ၍ ယုံကြည်သည်။
၃။ သံဃာရတနာကို အသက်နှင့်လဲ၍ ယုံကြည်သည်။
၎။ ငါးပါးသီလကို အသက်နှင့်လဲ၍ လုံခြုံသည်။
(သံယုတ်ပါဠိတော် ပထမဂိဉ္စကာဝသထသုတ်)
သောတာပန်သည် ဤဂုဏ်အင်္ဂါလေးချက်နှင့် ပြည့်စုံသောကြောင့် အပါယ်မကျခြင်း ဖြစ်သည်။ပုထုဇဉ်သည်လည်း ဤအင်္ဂါလေးချက်နှင့် ပြည့်စုံနေလျှင် အပါယ်မကျတော့ပေ။
ဘီအေအောင်ပြီး ဘွဲ့လက်မှတ် ရပြီးသူသည် သောတာပန်နှင့်တူသည်။ ဘီအေအောင်ပြီးသော်လည်း ဘွဲ့လက်မှတ် မရသေးသူသည် ရတနာသုံးပါးကို နက်နဲစွာကြည်ညိုသော ငါးပါးသီလလုံသော ပုထုဇဉ်နှင့်တူသည်။
သင်္ဘောစီးသူနှင့်
-----------------
ငှက်ပျောဖောင်စီးသူ
---------------------
ဒုစရိုက်နှင့် ဒုရာဇီဝကင်းပြီး ကုသိုလ်တရားနှင့်သာ တစ်ဘဝလုံး ပျော်မွေ့နေကြသော အရိယာနှင့် အရိယာနွယ်ဝင် စူဠသောတာပန် ပုထုဇဉ်တို့သည် ခိုင်ခံ့သော သင်္ဘောကြီးများဖြင့် ပင်လယ်တွင်း ခရီးသွားသူများနှင့် တူသည်။
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ လမ်းစဉ်ဖြင့်နေကြသော အန္ဓပုထုဇဉ်များကား ငှက်ပျောဖောင်ကိုစီးပြီး ပင်လယ်တွင်း ခရီးသွားသူများနှင့် တူသည်။
ငှက်ပျောဖောင်ဖြင့် ခရီးသွားသူများကား ကိုယ်လိုရာဆိပ်ကမ်းသို့ မကပ်နိုင်ဘဲ မျောချင်ရာမျောပြီး ပျက်စီးကြရသကဲ့သို့ အန္ဓပုထုဇဉ်များ သံသရာခရီးသွားရာတွင်လည်း ကိုယ်ရောက်ချင်သည့် လူ့ဘုံနတ်ဘုံသို့ ရောက်သူမရှိဘဲ အပါယ်လေးပါးသို့သာ အကျများကြ၏။
ကံကောင်း၍ ဆိပ်ကမ်းကောင်းလေး တစ်ခုတစ်လေသို့ ဆိုက်ကပ်နိုင်သောအခါ ရှိပါ၏။ သို့သော် ကြာရှည်လေးမြင့် နေ၍မရ။
ခဏနှင့်ပင်လယ်တွင်း ပြန်မျောရသကဲ့သို့ ကုသိုလ် အကုသိုလ် ရောပြွမ်းသော အန္ဓပုထုဇဉ်တစ်ယောက် သုဂတိဘဝသို့ ရောက်လျှင်လည်း ခဏသာ။ ပြီးလျှင် မိမိအမြဲနေသည့် အိမ်သဖွယ်ဖြစ်သော အပါယ်လေးပါးသို့သာ ပြန်ရောက်ရ၏။
ခိုင်ခံ့သည့် သင်္ဘောဖြင့် ပင်လယ်ခရီးသွားသူများသည် မိမိနားလိုရာ ဆိပ်ကမ်း၌ စိတ်ကြိုက်နားနေ ဆိုက်ကပ်ခွင့်ရှိသကဲ့သို့ အရိယာများ အရိယာနွယ်ဝင် ပုထုဇဉ်များ ဘဝသံသရာခရီး ကျင်လည်စဉ်အတွင်း မိမိဖြစ်လိုရာ ဘုံဘဝ၌ ဖြစ်နိုင်ခွင့် ရှိကြ၏။
ခိုင်ခံ့သော သင်္ဘောကြီးသည် ပင်လယ်အတွင်း မျောပါပျက်စီးခြင်း မရှိသကဲ့သို့ အရိယာများ အရိယာနွယ်ဝင် ပုထုဇဉ်များသည် အပါယ်လေးပါးသို့ ကျရောက်ခြင်း မရှိတော့ချေ။
အကုသိုလ်ကို လုံးဝမပြုတော့သော ကုသိုလ်ချည်းသာပြုသော ပုထုဇဉ်များသည် သောတာပန်များကဲ့သို့ ဘယ်သောအခါမှ အပါယ်မကျတော့ဟု ဆိုရခြင်းမှာ အင်္ဂုတ္တိုရ်ပါဠိတော် သောတာနုဂတသုတ်အရ ဆိုရခြင်းဖြစ်သည်။
-------------------------------
(မေတ္တာရှင် ရွှေပြည်သာ)

No comments:
Post a Comment