/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, April 18, 2014

★ ကောက်သော စိတ် ကို ဖြောင့်တတ်ဖို့ ★



★ ကောက်သော စိတ် ကို ဖြောင့်တတ်ဖို့ ★
________________________________

"မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊မောင်းထောင်ကျေးရွာ" အနီးရှိ " မြေဇင်းတောရ ဓမ္မရိပ်သာ(ပင်မ)(ကန္နီနည်း ဥပနိဿျရ )
သမထ ၀ိပဿနာ အလုပ်ပေး ၊ ရက်(၆၀) တရားစခန်း" ၌ (၁၃၇၅ ခုနှစ်၊တပို့တွဲလပြည့်နေ့(14th-February-2014 နေ့) မှ ၁၃၇၅ ခုနှစ်၊တန်ခူးလပြည့်နေ့ (14th-April-2014 နေ့) ထိ

(ဓမ္မဂုဏ်ရည်ပြ သမထ၊၀ိပဿနာ တရား အတွေ့အကြုံများကိုလည်း ဓမ္မမိတ်ဆွေများ ဗဟုသုတ အကျိုးငှာ ရည်ရွယ်၍ ပြန်လည်တင်ပြရေးသားမည်ဟုလည်း စိတ်ကူးထားမိ ပါသည်။ ယခု စတင်ရေးသားနေပြီဖြစ်ပါသည်။)

15th-April-2014 ရက်နေ့ နံနက်ခင်း ၅း၃၀ နာရီ တွင် ကျွန်တော် ၏ ဓမ္မမိတ်ဆွေတစ်ဦးမှ လာရောက်ကြိုဆိုပေးသော Mark-2 ကားလေးဖြင့် ဘုတလင်မြို့လေးမှ ပြန်လည်ထွက်ခွာလာချိန် နံနက်ခင်း "မေတ္တာပို့ ဓမ္မတေး"အချို့ ကို သူ့ကားပေါ်တွင် ဖွင့်လာပါသည်။ ထို ဓမ္မတေးတစ်ပုဒ် ကိုကြားမိရာမှ ဤဆောင်းပါးရေးရန် လိပ်ပြာနှိုးလာပါကြောင်းလည်း ဦးစွာ ၀န်ခံအပ်ပါသည်။
ဓမ္မမိတ်ဆွေများလည်း ကြားဖူးနားဝရှိပြီးသော "မေတ္တာပို့ ဓမ္မတေး" တစ်ပုဒ်ဖြစ်ပါလိမ့်မည်။
ဤသို့ပါ။

"နေထွက်၊နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ် ရှိခိုးမယ်၊
အနတ္တငါး ဂုဏ်တော်များ ညွတ်တွား ကန်တော့မယ်။

မျက်နှာသစ်လျှင် ရေ ကိုမြင် မြင်စဉ်မေတ္တာ ပွားပါမယ်၊
သစ်ရင်း သစ်ရင်း လျော့ယိုယွင်း ရုပ်ဆင်း သတိထားပါ့မယ်။

တန်းတူတွေ့လျှင် မေတ္တာဝင်၊
မ၀င်နိုင်က ပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား၊
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်
မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မယ့်အစား ကရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပ့ါမယ်။

ကိုယ့်ထက်သာ လျှင် မုဒိတာဝင်
မ၀င် ဣဿာ ယိုင်တတ်တယ်၊
ယိုင်မယ့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

စိတ် ကိုလည်းပြင် ရုပ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခ နိဗ္ဗာန် တိုင်လိမ့်မယ်။" ………….ဟူသော သံပေါက် အမျိုးအစား လင်္ကာ လေးပင်ဖြစ်ပါသည်။

ထို သံပေါက် အမျိုးအစား လင်္ကာ ကို မူရင်း ရေးသားသူမှာ မန္တလေးမြို့၊မစိုးရိမ်ကျောင်းတိုက်၊"ပဋ္ဌာန်းဆရာတော်ဘုရားကြီး ဘဒ္ဒ န္တ ၀ိသုဒ္ဓါဘိဝံသ"(အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု) က သီကုံး ရေးသားထားခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း၏အဓိက ရည်ရွယ်ချက်ပန်းတိုင် မှာ "နိဗ္ဗာန်" ပင်ဖြစ်ပါ၏။ ဒါန၊သီလ၊ဘာဝနာ ကောင်းမှု တို့ကိုပြုရာတိုင်းတွင် -
"ဣဒံမေ ပုညံ အာသ၀က္ခယာ ၀ဟံ ဟောတု
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု" ……….စသည်ဖြင့် "နိဗ္ဗာန်" ကိုသာ အဓိက ဦးတည်ချက် ပန်းတိုင်ထား ဆုတောင်းခဲ့ကြပါ၏။

ပန်းတိုင် သို့ရောက်လိုသူတိုင်း စိတ်ကို "မြှားသမား" ကဲ့သို့ ပြုပြင်ကျင့်ကြံပေးရပါမည်။ မြှားသမား သည် "ကောက်နေသော မိမိ မြှား" ကို "ပုံးရည်ဆီဖြင့်စိမ်၍ မီးကင်ပေးခြင်း၊ လေးသော အရာ တို့ဖြင့် ဖိပေးခြင်း၊ အချောသပ်ပေးခြင်း" စသည်ဖြင့် မြှား ကို ဖြောင့်အောင် ပြုပြင်ပေးရပါသည်။ သို့မှသာ မိမိ ပစ်လိုသည့် ပစ်မှတ်ကို တည့်တည့် မှန်ပေမည်။
ထို့အတူ "နိဗ္ဗာန်" ပန်းတိုင်သို့ရောက်လိုသူ ဗုဒ္ဓဘာသာဝင် တိုင်းသည်လည်း မိမိ ၏ "စိတ်ကို ဖြောင့်" အောင်ပြုပြင်ရပါမည်။
မိမိ ၏ စိတ်ကို ဖြောင့်အောင်ပြုပြင်ရာ၌ "စိတ်ဖြောင့်၊စိတ်ကောက်" တို့၏ သဘာဝကို သိထားရမည်ဖြစ်ပါ၏။ သို့မှသာ ပြုပြင်နိုင်မည်ဖြစ်ပါသည်။
"အဘယ်စိတ် သည် ဖြောင့်သောစိတ်" ၊ "အဘယ်စိတ် သည် ကောက်သောစိတ်" ဟူ၍ခွဲခြားမသိခဲ့ပါက မိမိ ပြုလုပ်မိသမျှ အမှန်တွေချည်း၊ အဖြောင့်တွေချည်း ထင်မှတ်နေပေလိမ့်မည်။
အထက်ပါဖော်ပြပါ "မြှားသမား" ဥပမာ သည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် "စာလိယတောင်" ၌သီတင်းသုံးနေတော်မူစဉ် အခါ က "မေဃိယ"ရဟန်း ကို ဟောကြားတော်မူခဲ့ဖူးပါသည်။
"မေဃိယ"ရဟန်း သည် စိတ်ကို အလွန်အလိုလိုက်သော ရဟန်းဖြစ်၏။ မြတ်စွာဘုရားရှင်၏ အလုပ်အကျွေးအဖြစ်ဖြင့် နေစဉ်ကပင် မြတ်စွာဘုရားရှင်၏
စကားတော်ကို နားမထောင်ပဲ မြတ်စွာဘုရား၏ သပိတ်,ပရိက္ခရာ တို့ကို လမ်း၌ချထားခဲ့ပြီးသူ့စိတ်အလိုအတိုင်းလုပ်ခဲ့သူဖြစ်၏။
ထို့ကြောင့် မြတ်စွာဘုရားရှင် က-
"ဖန္ဒနံ စပလံ စိတ္တံ၊ ဒုရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။"

ဟူ၍ဟောတော်မူခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင် က "ကောက်သောစိတ်" တို့ကို ဟောကြားတော်မူရာ၌"ဖန္ဒန,စပလ ,ဒုရက္ခ ,ဒုန္နိဝါရယ "ဟု ပရိယာယ်(၄)မျိုးတို့ဖြင့် ဟောတော်မူပါသည်။
(၁) ဖန္ဒန
"ဖန္ဒန"ဟူသည် "ရူပါရုံ စိတ် တို့နှင့်တွေ့ကြုံသောအခါ တုန်လှုပ်သောစိတ်" ကို ခေါ်ပါသည်။
ရူပါရုံ နှင့်တွေ့ကြုံသောအခါ မိမိ ကြိုက်နှစ်သက်သော အဆင်းဖြစ်ပါက ကြည့်ရှု၍ မရောင့်ရဲ နိုင်အောင် လောဘဇော တို့စောခဲ့ရ၏။ ပိုင်ဆိုင်မှု ရနိုင်မည် ဆိုလျှင် သိမ်းပိုက်လိုက်ချင်သည်။ ပိုင်ဆိုင်မှုကို မရနိုင်ပါက"မကြင်သာလျှင်နေ , မြင်ရုံကလေး မြင်နေရလျှင်ပင် ကျေနပ်လှပါပြီ" ဆိုသကဲ့သို့ ခိုး၍ ကြည့်လိုက်ချင်ကြမည်။

မိမိ မနှစ်မြို့သော အဆင်း နှင့်တွေ့ကြုံပါက မျက်နှာလွဲ ကျောပေးပြီး မျက်စောင်းတခဲခဲ,အံတစ်ကြိတ်ကြိတ်ဖြင့် ဒေါသ ဇော
 စောတတ်ကြပေသည်။ ထိုကဲ့သို့ မလိုဒေါသ၊လိုလောဘ ဖြစ်တတ်သောစိတ် ကို "တုန်လှုပ်သောစိတ်" (ဖန္ဒန)ဟု ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားကာ "စိတ်ကောက်"ဟု ညွှန်ပြတော်မူခြင်း ဖြစ်ပါသည်။
(၂) စပလ
"စပလ"ဟူသည်ကား "အာရုံတစ်ပါးတည်း၌ မတည်၊ လျှပ်ပေါ်လော်လီသောစိတ်" ကိုခေါ်ဆိုခြင်းဖြစ်ပါ၏။ ထို ကောက်သောစိတ် သည် ဟိုပင်၊ဒီပင်ခုန်တက်၍ ဟိုကိုင်းကူး၊ဒီကိုင်းကူး ဖြင့် အလွန်ပင်ဆော့ သော မျောက်တစ်ကောင်ကဲ့သို့ပင်သာတည်း။ အမြဲတမ်းလှုပ်ရွနေသော ထိုစိတ်သည် အာရုံတစ်ခုတည်း၌ တည်တံ့စွာမနေနိုင်ပါပေ။ ထိုကဲ့သို့ ဖြစ်တတ်သောစိတ် ကို "လျှပ်ပေါ်လော်လီသောစိတ်" (စပလ)ဟု ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားကာ "စိတ်ကောက်"ဟု ညွှန်ပြတော်မူခြင်း ဖြစ်ပါသည်။
(၃) ဒုရက္ခ
"ဒုရက္ခ" ဟူသည်ကား "သမထ၊၀ိပဿနာ တည်ထောင် စောင့်စည်းနိုင်ခဲ သောစိတ်" ကိုခေါ်ဆိုခြင်းဖြစ်ပါ၏။ စိတ် ကို ထိန်းကျောင်းရာ၌ စိတ် သည် အလွန်ထိန်းရခက်လှပေ၏။သမာဓိ ထူထောင်နည်းအမျိုးမျိုးတို့ဖြင့် သတိကပ်၍ စိတ်ကိုထိန်းကျောင်းရာလိုက်လျှင်ပင် စိတ်သည် သတိကပ်သည့်နေရာ၌ မနေပဲ ဟိုထွက်ပြေး၊ဒီထွက်ပြေး ဖြင့် နွားရိုင်းတစ်ကောင်ကို အထိန်းအကျာင်းခက်လှသကဲ့သို့ ပင်ပန်းလှပေသည်။
ထိုကဲ့သို့ ဖြစ်တတ်သောစိတ် ကို "သမထ၊၀ိပဿနာ တည်ထောင် စောင့်စည်းနိုင်ခဲ သောစိတ်" (ဒုရက္ခ)ဟု ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားကာ "စိတ်ကောက်"ဟု ညွှန်ပြတော်မူခြင်း ဖြစ်ပါသည်။
(၄) ဒုန္နိဝါရယ
"ဒုန္နိဝါရယ"ဟူသည်ကား "နှစ်သက်ရာ အာရုံသို့ သွားသည်ကို တားမြစ်ခြင်းငှာ ခဲယဉ်း သောစိတ်" ကိုခေါ်ဆိုခြင်းဖြစ်ပါ၏။ စိတ် သည် တစ်စုံတစ်ခု ကို စွဲလန်းနှစ်သက်မိပြီ ဆိုလျှင် ထို အရာ ကို မရ ရအောင်ယူတတ်သည်။ ထို အရပ် သို့ မရောက် ရောက်အောင် သွားတတ်သည်။တားမြစ်ရန်ခဲယဉ်းလှပေ၏။
ထိုကဲ့သို့ ဖြစ်တတ်သောစိတ် ကို " တားမြစ်ခြင်းငှာ ခဲယဉ်း သောစိတ်" (ဒုန္နိဝါရယ)ဟု ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားကာ "စိတ်ကောက်"ဟု ညွှန်ပြတော်မူခြင်း ဖြစ်ပါသည်။
ဘုရားဟော ဒေသနာတော် နှင့်ညီညွှတ်သော မြတ်စွာဘုရားရှင်၏ တပည့်သာဝကဖြစ်ကြသော ပညာရှိ သူတော်ကောင်းတို့၏ ညွှန်ကြားချက် တို့များစွာရှိပါမည်။
ထိုကဲ့သို့သော စိတ် ကို ဖြောင့်အောင် ပြုပြင်နည်း များစွာတို့ထဲက မှ မန္တလေးမြို့၊မစိုးရိမ်ကျောင်းတိုက်၊"ပဋ္ဌာန်းဆရာတော်ဘုရားကြီး" ညွှန်ကြားတော်မူခဲ့သော "စိတ် ပြုပြင်နည်း" အချို့ကို ဗဟုသုတ အကျိုးငှာ တင်ပြလိုက်ပါသည်။
"စိတ်ကိုပြုပြင်သော ပထမ နည်း"
(၁) "နေထွက်၊နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ် ရှိခိုးမယ်"
"နေထွက်ချိန်ဖြစ်သော နံနက်တစ်ကြိမ်၊နေ၀င်ချိန်ဖြစ်သော ညနေ တစ်ကြိမ် ဂုဏ်တော်ကိုးပါးတို့၏အရှင်ဖြစ်တော်မူထသော၊ ဂုဏ်တော်ကိုးပါးတို့ကို ပိုင်ဆိုင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ရှိခိုးပါမည်" ဟူ၍ ၀န်ခံသော စကားရပ်ဖြင့် စိတ်ကိုပြုပြင်ပါမည်။ "နံနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် ဘုရားမှန်မှန် ရှိခိုးပါမယ်"ဟူ၍ဖြစ်ပါ၏။
မှန်ပါ၏။ ဘုရားရှိခိုးရခြင်းသည်လည်း "ကောက်သော စိတ်" ကိုဖြောင့်စေနိုင်သည်။
"ဘုရားဂုဏ်တော်(၉)ပါး"
ဣတိပိ သော ဘဂ၀ါ ၊အရဟံ ၊သမ္မာသမ္ဗုဒ္ဓေါ ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော ၊သုဂတော ၊လောက၀ိဒူ ၊အနုတ္တရော ပုရိသ ဒမ္မသာရထိ သတ္ထာဒေ၀ မနုဿာနံ ၊ဗုဒ္ဓေါ ၊ ဘဂ၀ါ။
၁။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ပူဇော်အထူးကိုခံယူတော်မူထိုက်သောအကြောင်းကြောင့်လည်း
အရဟံ=အရဟ မည်တော်မူပါပေ၏။

၂။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ အလုံးစုံသော တရားတို့ ကို ကိုယ်တိုင်မှန်စွာသိတော်မူ သောအကြောင်းကြောင့်လည်း
သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။

၃။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ အသိဉာဏ် ၀ိဇ္ဇာ စရဏ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း
ဝိဇ္ဇာ စရဏ သမ္ပန္နော= ၀ိဇ္ဇာ စရဏ သမ္ပန္နမည်တော်မူပါပေ၏။

၎။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ ကောင်းသော စကားကိုဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း
သုဂတော= သုဂတ မည်တော်မူပါပေ၏။

၅။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ လောကသုံးပါးကိုသိတော်မူတတ်သော အကြောင်းကြောင့်လည်း
လောက၀ိဒူ = လောက၀ိဒူ မည်တော်မူပါပေ၏။

၆။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ ဆုံးမထိုက်သူကိုဆုံးမတော်မူတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူတတ်သော အကြောင်းကြောင့်လည်း
အနုတ္တရော ပုရိသ ဒမ္မသာရထိ = အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူပါပေ၏။

၇။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း
သတ္ထာဒေ၀ မနုသာနံ = သတ္ထာဒေ၀ မနုသာန မည်တော်မူပါပေ၏။

၈။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင်လည်းသိ၊ ဝေနေယျ တို့ကိုလည်း သိစေတော် မူတတ် သော အကြောင်းကြောင့်လည်း
ဗုဒ္ဓေါ = ဗုဒ္ဓ မည်တော်မူပါပေ၏။

၉။ သောဘဂ၀ါ= ထိုမြတ်စွာဘုရားရှင်သည်
ဣတိပိ ဣမိနာ စကာရဏေန=ဤ သို့ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်သိစေတော် မူသော အကြောင်းကြောင့်လည်း
ဘဂ၀ါ = ဘဂ၀ါ မည်တော်မူပါပေ၏။

(ဤနေရာ၌ အနည်းငယ် ပြောလိုသည်မှာ ဂုဏ်တော် ကိုးပါးပါဠိ အနက် တို့ကို ကျက်မှတ်ပူဇော် လိုသူတို့အတွက် အလွယ်တကူ ကျက်မှတ်နိုင်ရန် ရည်ရွယ်၍ ထည့်သွင်း ဖော်ပြလိုက်ခြင်းဖြစ်ပါ၏။ မိမိ တို့ရရှိထားသော ဘုရားရှိခိုး၊ဂုဏ်တော်အဓိပ္ပါယ် တို့ဖြင့် လည်း ပူဇော်နိုင်ပါသည်။)
"ဘုရားဂုဏ်တော်ပွားများ ရှိခိုးရခြင်းအကျိုး" ဟု ရှေးပညာရှိများ ဤသို့ရေးသားခဲ့ဖူးပါ၏။
"ကိလေ မနှောင့် ၊စိတ်စဉ်ဖြောင့်၏
ဘုန်းခေါင့်ရိုသေ ၊ သဒ္ဓါစွေ၍
နှစ်ထွေပီတိ ၊ သည်းခံချိ၏
စေတိ အလား ၊ ဘုရားနှင့်နေ
ထင်ပေဟိရောက်၊ စိတ်ညွှတ်ချစ်ရှင်
မဂ် စဉ်မပွား ၊ နတ်ရွာလားသည်
ဘုရားဂုဏ်တော် ၊ပွားကျိုးတည်း။" ဟူပါ၏။

"ကိလေ မနှောင့် ၊စိတ်စဉ်ဖြောင့်၏"ဆိုသည်က ဘုရားရှိခိုးသော ပုဂ္ဂိုလ်အား ကိလေသာ တို့ အနှောင့်အယှက်မခံရသည်ဖြစ်သဖြင့် ကောက်သောစိတ် တို့ကို ဖြောင့်စေပါ၏။
ထို့ကြောင့် "ပဋ္ဌာန်းဆရာတော်ဘုရားကြီး"က စိတ်ကိုဖြောင့်အောင်ပြုပြင်နည်းဖြင့် စိတ်ကိုပြုပြင်ပါမည်။ "နံနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် ဘုရားမှန်မှန် ရှိခိုးပါ"ဟု ညွှန်ပြ ဆုံးမခြင်း ဖြစ်ပါ၏။
"စိတ်ကိုပြုပြင်သော ဒုတိယ နည်း"
(၂) အနတ္တငါး ဂုဏ်တော်များ ညွတ်တွား ကန်တော့မယ်"
ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ ဟုဆိုအပ်သော အနန္တော အနန္တ ငါးပါးတို့၏ဂုဏ်တော် တို့ကိုလည်း ရှေ့နည်းတူစွာပင် နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ် ရှိခိုးသင့်ပေ၏။ ထိုမှ သာ အနန္တော အနန္တ ငါးပါးတို့ အပေါ်၌ ပြစ်မှားမှုကင်း၍ မိမိ စိတ် ကိုဖြောင့်စေနိုင်မည် ဖြစ်ပါ၏။
အနန္တော အနန္တ ငါးပါးတို့ ၏ ဂုဏ်တို့ကို လွယ်ကူစွာ ထင်မြင်နိုင်စေရန် ရှေးပညာရှိများ သီကုံးရေးသားခဲ့သည့် အနန္တော အနန္တ ငါးပါး ရှိခိုးနည်း ကို ဖော်ပြလိုက်ပါသည်။
"အနန္တော အနန္တ ငါးပါး ဘုရားရှိခိုး"
၁။ ဗုဒ္ဓ ဂုဏော အနန္တော
၂။ ဓမ္မ ဂုဏော အနန္တော
၃။ သံဃ ဂုဏော အနန္တော
၎။ မာတာပိတု ဂုဏော အနန္တော
၅။ အာစရိယ ဂုဏော အနန္တော

၁။ ဗုဒ္ဓ ဂုဏော အနန္တော ဟု
ကျော်စောထင်ရှား၊ သုံးပါးရပ်သူ၊
နတ်လူဗြဟ္မာ၊သတ္တ၀ါကို
ခေမာသာခေါင် ၊နိဗ္ဗာန် သောင် သို့
ရွှေဖောင်မဂ္ဂင်၊သင်္ဘောယဉ်ဖြင့်
ကယ်တင်ဆောင်ယူ ၊ ပို့တော်မူသည်
နတ်လူတို့ထိပ်ပန်း၊ ရဟန်းတို့ဆရာ
စိန္တေယျာဟု၊ မဟာအမိတ
အနန္တဂုဏ်အင် ၊ ကျေးဇူးရှင်ကို
အဟံ - အကျွန်ုပ်သည် ၊ သဗ္ဗဒါ-နေ့ရော ညပါ အခါခပ်သိမ်း၊၀န္ဒာမိ-ရှိခိုးပါ၏ ဘုရား။

၂။ ဓမ္မ ဂုဏော အနန္တော ဟု
တည်သောကမ္ဘာ ၊ သတ္တ၀ါ လူနတ်
အထပ်ထပ်ကို ၊ လေးမြတ်ကြင်နာ
အ၀ိဇ္ဇာ နှင့် ၊ တဏှာ သံဃော
ကိလေ တော မှ ၊ ဆေးကြောသုဓ်သင်
မြူမတင်အောင်၊ ရှောင်ကြဉ်ပေတတ်
တရားမြတ် ကို
အဟံ - အကျွန်ုပ်သည် ၊ သဗ္ဗဒါ-နေ့ရော ညပါ အခါခပ်သိမ်း၊၀န္ဒာမိ-ရှိခိုးပါ၏ ဘုရား။

၃။ သံဃ ဂုဏော အနန္တော ဟု
မောဟကင်းကွာ ၊ တဏှာပေမ
ကိလေသ နှင့် ၊ ရာဂ အမိုက်
နှစ်ခြိုက်မပျော်၊ မမွေ့လျော်ဘဲ
ရှင်တော် ဟောကြား၊ မြတ်တရား ကို
မှတ်သားကြည်ညို၊မဂ်ဖိုလ် နိဗ္ဗာန်
ရောက်ကြောင်းမှန်သည့် ၊ မြတ်မွန် ထေရ်ကျော်
သံဃာတော် ကို
အဟံ - အကျွန်ုပ်သည် ၊ သဗ္ဗဒါ-နေ့ရော ညပါ အခါခပ်သိမ်း၊၀န္ဒာမိ-ရှိခိုးပါ၏ ဘုရား။

၎။ မာတာပိတု ဂုဏော အနန္တော ဟု
အပြောကျယ်စွာ ၊သံသရာဝယ်
မာတာပိတ၊မိ နှင့်ဘ တို့
ရေကြည်ကလလ ၊ တည်ဦးစ ပင်
ချိုချဉ် ပူစပ်၊ ရှင်းရှင်းပြတ်အောင်
မပြတ်ယုယ၊မိဘ တို့မှာ
စိုးရိမ်စွာဖြင့်၊ အစာ ဆိမ့်အေး
နို့ချိုပေး၍ ၊ မွေးသည့် မိခင်
ကျွေးဖခင် ကို
အဟံ - အကျွန်ုပ်သည် ၊ သဗ္ဗဒါ-နေ့ရော ညပါ အခါခပ်သိမ်း၊၀န္ဒာမိ-ရှိခိုးပါ၏ ဘုရား။၏

၅။ အာစရိယ ဂုဏော အနန္တော ဟု မိန့်ဟော အရ ၊ကောက်ယူပြသော်
နယ နည်းနာ ၊ အဖြာဖြာ ကို
လိမ္မာစေကြောင်း၊မေတ္တာလောင်း၍
မကောင်း ကိုကြဉ်၊ ကောင်းရာယှဉ်လျက်
နှုတ်မြွက် သံချို ၊ဆုံးမဆိုသား
အဟိုများစွာ၊သံသရာ ၀ယ်
သုံးသွယ်သော ကပ် ၊ လေးရပ် အပါယ်
ရှစ်သွယ်ရပ်ပြစ်၊ဆိုးညစ်ယုတ်မာ ၊ပယ်စွန့်ခွာ၍
ခေမာ ဘူမိ၊ ဘေး မရှိအောင်
နိဗ္ဗာန်သောင်သို့ ၊ ရောက်အောင်ပြညွှန်
သွန်သင်ပေးတတ်
ဆရာမြတ် ကို
အဟံ - အကျွန်ုပ်သည် ၊ သဗ္ဗဒါ-နေ့ရော ညပါ အခါခပ်သိမ်း၊၀န္ဒာမိ-ရှိခိုးပါ၏ ဘုရား။

"စိတ်ကိုပြုပြင်သော တတိယ နည်း"
(၃) မျက်နှာသစ်လျှင် ရေ ကိုမြင် မြင်စဉ်မေတ္တာ ပွားပါမယ်၊
အိပ်ယာ ထ စဉ် အချိန်၌ မည်မျှပင် အိပ်မှုန်စုံမွှားဖြင့် ဖြစ်နေစေကာမူ မျက်နှာသစ်ရန် ရေ ကိုမြင်ရလေသောအခါ လူ၏စိတ် သည် ကြည်လင်လန်းဆန်း လာတတပါ၏။ မျက်နှာသစ် သောအခါ၌ကား ဆိုဖွယ် မရှိချေပြီ။ပို၍ပင်လန်းဆန်း အေးမြ သွားတတ်ပါ၏။
မိမိ ၏ စိတ် ကြည်လင် လန်းဆန်း အေးမြ သွားသည်နှင့် တစ်ပြိုင်နက် သတ္တ၀ါ များကိုလည်း မေတ္တာပို့ရပါမည်။
*ရေ သည် ကြည်လင် သကဲ့သို့ သတ္တ၀ါ တို့၏ စိတ် သည်လည်း ကြည်လင်ကြပါစေ။
*ရေ သည်အေးမြ သကဲ့သို့ သတ္တ၀ါ တို့၏ စိတ် သည်လည်း အေးမြကြပါစေ။
*ငါ သည် လန်းဆန်း သကဲ့သို့ သတ္တ၀ါ အပေါင်းတို့ သည်လည်း ကိုယ်စိတ်နှစ်ပါး လန်းဆန်းကြပါစေ။
*ငါ သည် ကိုယ်စိတ် နှစ်ပါး ချမ်းသာ သွား သကဲ့သို့ သတ္တ၀ါ အပေါင်းတို့ သည်လည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာ ကြပါစေ။
စသည်ဖြင့် သတ္တ၀ါတို့အပေါ်၌ အိပ်ယာ ထ ထ ခြင်း မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းရပါမည်။ ထိုသို့ စီးဖြန်းခြင်းသည် မေတ္တာ၏ဆန့်ကျင်ဘက် "ဒေါသတရား" တို့ ကင်းစင်၍ "မေတ္တာတရား" တို့ ပျံ့နှံ့ကာ စိတ် ကို ဖြောင့်အောင် ပြုပြင်သည် မည်ပါ၏။
"စိတ်ကိုပြုပြင်သော စတုတ္ထ နည်း"
(၄) သစ်ရင်း သစ်ရင်း လျော့ယိုယွင်း ရုပ်ဆင်း သတိထားပါ့မယ်။
မျက်နှာသစ်နေစဉ်အခါ၌ပင် တရွေ့ရွေ့ အိုမင်းရင့်ရော်လာသော မိမိ ၏ ရုပ်အဆင်း ကိုနေ့စဉ်သတိထားရမည်ဖြစ်ပါ၏။
"ငါ သည်တစ်နေ့ တစ်နေ့ ဇရာတရားတို့၏ နှိပ်စက်ခြင်းကိုခံနေရသည်ဖြစ်၍ အိုမင်းရင့်ရော်ခဲ့လေပြီ၊ မနေ့က ငါ နှင့် ယနေ့ ငါ မတူတော့ပါကလား"စသဖြင့် လည်းကောင်း၊

"အဘိဏှသုတ်" ပါဠိတော် ၌လာရှိသည့်အတိုင်း "ငါသည် အိုမင်းရင့်ရော်သောသဘောရှိ၏ ၊ အိုမင်းရင့်ရော်သောသဘော ကိုမလွန်မြောက်နိုင်"စသည်ဖြင့် ဆင်ခြင်ပွားများ သတိထား ရပေမည်ဖြစ်ပါ၏။
သို့မှသာ "ငါ"ဟူသော အတ္တ၊ "ငါသာလျှင်"ဟူသော"မာနတရား" တို့နည်းပါးပြီး ကောက်သောစိတ် တို့ကို ဖြောင့်အောင်ပြုပြင်ရာရောက်ပါ၏။
"စိတ်ကိုပြုပြင်သော ပဉ္စမ နည်း"
(၅) တန်းတူတွေ့လျှင် မေတ္တာဝင်၊
မ၀င်နိုင်က ပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား၊
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

လူ့လောက ပတ်ဝန်းကျင် တွင် လူသားများနှင့်ဆက်ဆံပေါင်းသင်းရသည့်အခါ လူ(၃)မျိုး ရှိပါကြောင်း ယေဘုယျ အားဖြင့် ပြောနိုင်ပါမည်ထင်ပါ၏။
ဆိုပါစို့ရဲ့။

(၁) မိမိ နှင့် တန်းတူလူ
(၂)မိမိ အောက်ကလူ
(၃)မိမိ ၏ အထက် ကလူ ဟူ၍ ဖြစ်ပါ၏။

(၁) မိမိ နှင့်တန်းတူလူ
လူတို့သည် မိမိ နှင့် အရွယ် ခြင်း တူမျှ ခဲ့လျှင်သော်၎င်း၊အလုပ်ခြင်းတူခဲ့လျှင်သော်၎င်း၊အာဏာခြင်း တူ ခဲ့လျှင်သော်၎င်း၊ဥစ္စာခြင်းတူ ခဲ့လျှင်သော်၎င်း၊ခွန်အားခြင်း တူမျှ ခဲ့လျှင်သော်၎င်း၊ပြိုင်ဆိုင်တတ်သော သဘောရှိပါ၏။
ပြိုင်ဆိုင်ပြီ ဆိုကတည်းက "လက်ဝှေ့သမား"များကဲ့သို့ အလဲထိုးဖို့သာ ကြိုးစားကြပါပေ၏။ထိုသို့ အလဲထိုးရန်က "ဒေါသ"ကို ရှေ့တန်းတင်ရပေတော့၏။ ထို "ဒေါသတရား" သည် ကောက်သောစိတ် ပင်ဖြစ်ပါ၏။
"ဒေါသစိတ်"ဖြစ်လာပြီ ဆိုလျှင် အကျိုးရှိ၊မရှိ ကိုလည်းမသိ၊ တရားသည် မတရားသည် ကိုလည်း မဝေဖန်နိုင်၊ ရန်သူ၊မိတ်ဆွေ လည်း မခွဲခြားတတ်တော့။ ထို "ဒေါသတရား" မိမိ သန္တာန်၌ ၀င် မလာ နိုင်အောင် မိမိ နှင့်တန်းတူ လူများအပေါ်၌ အကျိုးစီးပွားဖြစ်ထွန်းမှုကို လိုလားသော"မေတ္တာစိတ်" ထားရမည်ဖြစ်ပါ၏။
ထိုသို့ ဒေါသ ကိုပယ်သော မေတ္တာစိတ် ထားလိုက်ခြင်းသည် ကောက်သောစိတ် ကိုဖြောင့်အောင်ပြုပြင်ခြင်း မည်ပါပေသည်။
"စိတ်ကိုပြုပြင်သော ဆဋ္ဌမ နည်း"
(၆) ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်
မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မယ့်အစား ကရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပ့ါမယ်။

(၂)မိမိ အောက်ကလူ
မိမိ အောက်က "အရွယ်,အလုပ်အကိုင်,ရာထူးအာဏာ,ဥစ္စာ,ခွန်အား"တို့ဖြင့် နိမ့်ကျသော သူတို့ကို တွေ့လျှင် ပုထုဇဉ် တို့၏စိတ် သည် အနိုင်ကျင့်ချင်သောစိတ်၊ မထီမဲ့မြင်ပြုချင်သောစိတ် တို့ရှိတတ်ပါပေ၏။
ထိုသို့ အနိုင်ကျင့်လိုသောစိတ် သည် ကောက်သောစိတ် ဖြစ်ပါ၏။ထို ကောက်သောစိတ် ကို ဖြောင့်အောင်ပြုပြင်မည် ဆိုပါက သနားငဲ့ညှာသည့် "ကရုဏာ ဗြဟ္မာစိုရ်တရား" နှင့် ပြုပြင်ရမည်ဟု တင်ပြလိုပါ၏။
"စိတ်ကိုပြုပြင်သော သတ္တမ နည်း"
(၇) ကိုယ့်ထက်သာ လျှင် မုဒိတာဝင်
မ၀င် ဣဿာ ယိုင်တတ်တယ်၊
ယိုင်မယ့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

(၃)မိမိ ၏ အထက် ကလူ
မိမိ ထက် ရာထူးစည်းစိမ်ဂုဏ် အားဖြင့်သာလွန်နေသေသူကိုတွေ့လျှင် ၀မ်းမြောက်သည့်စိတ်"မုဒိတာ"ဖြစ်သူရှားတတ်ပါ၏။ မနာလိုစိတ် "ဣဿာတရား" သာ အဖြစ်များတတ်ပေ၏။"မနာလိုစိတ်" ဟူသည် အလွန်ဆိုးရွားလွန်းပါ၏။ အရေမရ အဖတ်မရ မစားမသောက်ရပဲ အချောင်အကုသိုလ် ဖြစ်စေသောတရားပါတည်း။
သံသရာ လည်ရပြန်လျှင်လည်း အောက်တန်းက ဖြစ်ရပြန်တတ်လေ၏။
 ကောင်းကွက် ကိုမေ့ဖျောက်၍ အားနည်းချက် ကိုသာ အပြစ်ပြောတတ်သည့် ဣဿာတရားတို့သာ ဖြစ်ပေါ်တတ်သည်မှာများလေသည်။
ဤနေရာတွင် အလျင်းသင့်သဖြင့် "မိုးညှင်း သမ္ဗုဒ္ဓေ ဆရာတော်ဘုရားကြီး" ၏ ဂုဏ်သတင်းမွှေးပြန့်ချိန်တွင် ဆရာတော်ကြီးအား မနာလို မရှုစိမ့်သည့် အနီးအပါးမှ ဘုန်းကြီးတစ်ပါး အား "မိုးညှင်းဆရာတော်ဘုရားကြီး"မှ ဆုံးမလိုက်ပုံလေး ကို မှတ်သားထိုက်သဖြင့် တင်ပြလိုပါ၏။
ထို ဘုန်းကြီး ကား "မိုးညှင်းဆရာတော်ဘုရားကြီး" ကို အမြဲတမ်း အပြစ် ကိုသာပြောဆိုတတ်ပါ၏။
"မိုးညှင်းဆရာတော်ဘုရားကြီး" ကို ချီးမွမ်းခန်းဖွင့်သံ ကြားလျှင် ထို ဘုန်းကြီးက-
"ခင်ဗျား တို့က မိုးညှင်း ရိပ်သာ ကောင်းကြောင်းသာ ပြောနေတာ၊ အဲဒီ ရိပ်သာထဲမှာ ခွေးချေးပေါတာကျတော့ မသိကြဘူး" ဟု မဆီမဆိုင် ဆွဲထည့်၍ ဣဿာ တရားတို့ဖြစ်ပွားလေ့ရှိပါသည်။
တစ်နေ့သောအခါ ဒါယကာ တစ်ဦး က ထို ဘုန်းကြီး ကို "မိုးညှင်းဆရာတော်ဘုရားကြီး" ထံပင့်သွား၍-
"ဆရာတော်ဘုရားကြီး ကို ဟောဒီ ဘုန်းကြီး က ကြုံတိုင်းအပြစ်တွေချည်းပဲပြောနေပါတယ်ဘုရား။
ဆုံးမ ပေးတော်မူပါ" …………….ဟု နှစ်ပါး ရှေ့တည့်တည့်ပင် လျှောက်ထားလိုက်ပါ၏။

"မိုးညှင်းဆရာတော်ဘုရားကြီး" ဆုံးမပုံလေးက ဤသို့ပါ။
"ဦးပဉ္စင်း ကျောင်းဝင်းကျယ်ရဲ့လား"
"ကျယ်ပါတယ် ဘုရား"
"အဲသလို ဆို ဘဲ မွေးပါလား ကိုယ်တော်"
"ဘုန်းကြီး လုပ်ပြီး အလကား အဲဒီ အလုပ်လုပ်စားပါ့မလားဘုရား"ဟု "မိုးညှင်းဆရာတော် ဘုရားကြီး" ကိုကက်ကက်လန် ရန်တွေ့ပါလေတော့၏။
"မိုးညှင်းဆရာတော် ဘုရားကြီး" က-
"ဘဲ မွေးတာ ကမှ ဘဲဥစားရသေးတယ်၊
မနာလို မရှုစိမ့်တဲ့ ဣဿာ ဆိုတဲ့ တရား က မစားရ၊မသောက်ရ၊ အချောင် အကုသိုလ် ဖြစ်တယ်။
ဟို ပြစ်မှား ၊ဒီ ပြစ်မှား နဲ့ အပြစ်လဲကြီးတယ် ဦးပဉ္စင်း ရဲ့ ။" ဟု ဆုံးမ တော်မူခဲ့ပါ၏။

ထိုသို့ပင် ဣဿာတရား သည် ကိုယ့်ထက်သာသော ပုဂ္ဂိုလ်တို့အပေါ်၌ ဖြစ်ပွားတတ်ပါပေ၏။
ထို "ဣဿာတရား" ဟုဆိုအပ်သော "မနာလို မရှုစိမ့် သော ကောက်သောစိတ်" ကို ကိုယ့်ထက်သာသူတွေ့လျှင် ၀မ်းမြောက်တတ်သည့် "မုဒိတာ စိတ်" နှင့် ဖြောင့်အောင်ပြုပြင်ကြရမည်ဖြစ်ပါ၏။

"နိဂုံး"
"စိတ် ကိုလည်းပြင် ရုပ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခ နိဗ္ဗာန် တိုင်လိမ့်မယ်။"

"ရုပ် ကိုသာပြင်၊ နာမ် မပြင် ၊ အစဉ် မချောပါ။
နာမ် ကိုပြင်မှ ၊ ပဓာန၊ မုချ ဆင်ပြေမှာ။
ရုပ်ကိုလည်းပြင် ၊ နာမ်လည်းပြင်၊ အစဉ် ကောင်းကျိုးဖြာ"……. ဟူသော လင်္ကာ

"လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ပြည်
ကျင်လည်စိတ်ကြောင့်သာ၊

ကောင်းဆိုးယုတ်မြတ်၊ ဖြစ်လာတတ်၊
မှတ်ကြစိတ်ကြောင့်သာ၊

အပါယ်လေးပါး ၊ ကျသူများ ၊
မှတ်သားစိတ်ကြောင့်သာ၊

စိတ်ဆိုးစိတ်ညစ် ၊ ကိုယ့်ကြောင့် ဖြစ်၊
ပယ်လှစ်သူတစ်ကာ၊
စိတ်ညစ်ပယ်ချိုး ၊စိတ်မဆိုး၊ ရောက်ရိုးနိဗ္ဗူတာ"

ဟူသော လင်္ကာများကို စာဖတ်သူ ဓမ္မမိတ်ဆွေများ ဖတ်မှတ်ဖူးကြမည်ထင်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင် က-
"ပုညံ=ကုသိုလ် ကောင်းမှု၊ ကာယကံ၊၀စီကံ၊မနောကံ တွေကို
ဒန္ဓံ=လေးကန်စွာ
ကရောတော=ပြုသောသူ၏
မနော= စိတ် သည်
ဟိယသ္မာ=အကြင် ကြောင့်
ပါပသ္မိံ = မကောင်းမှု၌
ရမတိ- မွေ့လျော်တတ်၏။

တသ္မာ-ထို့ကြောင့်
ကလျာဏေ=ကုသိုလ်ကောင်းမှုတို့ကို၊
အဘိတ္ထရေထ=လျင်မြန်စွာသာလျှင်ပြုလုပ်ရာ၏။

ပါပါ=မကောင်းမှုမှ၊
စိတ္တံ=စိတ် ကို
နိဝါရယေ=တားမြစ်ရာ၏ " (ဓမ္မပဒပါဠိတော်၊၉၊ပါပ၀ဂ်) ဟုဆုံးမတော်မူပါ၏။

ကောက်နေသောစိတ် တို့ကို အထက်ပါ နည်း(၇)နည်းဖြင့် ပြုပြင်မည်ဆိုပါလျှင် ပြုပြင်၍ဖြောင့်လာသောစိတ် သည် နိဗ္ဗာန် တိုင်အောင် ချမ်းသာသုခ အမျိုမျိုးဖြင့် အကျိုးပေးမည်ဖြစ်ပါသည်။
အသက် မရှိသော တူးမြောင်းဖြင့် ရေ ကို အလိုရှိရာ သို့ ဆောင်ယူနိုင်ပါ၏။
အသက် မရှိသော မြှားကောက် ကို မီးပြ၍ ဖြောင့်နိုင်၏။
အသက် မရှိသော သစ်ကောက် ကို မျဉ်းပြ၍ ဖြောင့်အောင် ရွေ့နိုင်၏။
အသက် ရှိသော မိမိ တို့၏စိတ် ကို အဘယ့်ကြောင့် ဖြောင့်အောင် ပြုပြင်၍ မရဘဲရှိပါအံ့နည်း ဟု "သုခ သာမဏေ" ကဲ့သို့ မိမိကိုယ် မိမိ ဆုံးမ၍ မိမိ သန္တာန် ၌ ကောက်နေသောစိတ်များ ဖြစ်ပေါ်နေခဲ့ပါလျှင်

 ဖြောင့်အောင်ပြုပြင်နိုင်ကြပါစေ၊

 https://www.facebook.com/konyinyi.tin/posts/485548681571452:0

No comments:

Post a Comment