၁) အရာရာ တရားပါ။
သွားလာ၊ပြောဆို၊ လုပ်ကိုင်၊နေထိုင်၊
စကားပြော၊စာဖတ်နေရင်းမှာပါ
ဘာမှမဟုတ်မှန်းသိနေနိုင် အောင် ကြိုးစားခြင်းဖြင့်
လုပ်နေရတဲ့အလုပ်အပေါ်မှာ
ငါစွဲဖြုတ်ဖို့လိုပါတယ်။
(၂) လုပ်၊မလုပ်ဆိုတာထက်
လုပ်ခြင်း၊မလုပ်ခြင်း နောက်မှာငါမပါဖို့သာ အရေးကြီးပါတယ်။
ဘာလုပ်တယ်၊မလုပ်တယ် ကအရေးမကြီးပါ။
လုပ်လုပ်မလုပ်လုပ်၊ ဘာမှမဟုတ်တာသိဖို့၊
လုပ်သူငါ၊မလုပ်သူငါမပါဖို့၊
လုပ် လည်းစိတ်သက်သက်ကလုပ်တာ၊
မလုပ်လည်းစိတ်သက်သက်ကမလုပ်တာ
သိဖို့ငါလုံးဝမပါတာသိဖို့သာ အရေးကြီးပါတယ်။
(၃) ပြုသူမရှိ၊ ဖြစ်သူမရှိ။
တရားရ၊ မရဆိုတာထက်
ရလည်းငါရတာမဟုတ်၊
မှန်ကန်တဲ့မဂ္ဂင်အကြောင်း လုပ်လို့အကျိုးစစ်ဖြစ်တာ၊
မရလည်းငါမရတာမဟုတ်
မှန်ကန်တဲ့အကြောင်းကို မလုပ်နိုင်လို့
အကျိုးစစ်မပေါ်တာ ဆိုတာနားလည်ဖို့လိုပါတယ်။
အဲဒီလိုနားလည်တာကိုက တရားပါ၊
အဲဒီလို နားမလည်တာက မတရားပါ။
(၄)တရား(လောကုတ္တရာ) ကို
မတရား(လောကီ)နဲ့ တန်းတူမထားဖို့လိုပါတယ်။
တစ်ငါငါဆိုတဲ့အထင်မှားကြောင့်
အရေးတကြီးလုပ်နေရတဲ့၊
အစွဲနဲ့လုပ်နေရင် ဘယ်တော့မှမဆုံးတဲ့၊
မလုပ်တော့မှဆုံးတဲ့လောကီ ပညာရေး၊စီးပွားရေး၊
လူမှုရေး၊အိမ်ထောင်ရေး ကိစ္စတွေကို
တကယ်မှန်မှန်ကန်ကန်လုပ်ရင်
ရက်ပိုင်း(သို့) လပိုင်း(သို့) နှစ်ပိုင်းအတွင်း
တကယ်ဆုံးတဲ့ တရားအလုပ်နဲ့
တန်းတူမထားဖို့လိုပါတယ်။
တရားတကယ် မလုပ်တတ်လို့
မတရားအလုပ်တွေ
တစ်သံသရာလုံး
လုပ်နေရတာပါ။
တရားတကယ်လုပ်တတ်ရင်
မတရားလုပ်နေစရာ မလိုတော့ပါဘူး။
ငတ်လို့ရှာတာ မငတ်ရင်ရှာစရာမလိုတော့ဘူး။၊ မပြည့်လို့လိုတာ၊ ပြည့်နေရင်ဘာမှမလိုတော့ဘူး။
တရားသိ(ရ)ရင် အငတ်ပျောက်တယ်၊
ဘာမှမဟုတ်တာသိလို့လည်း အလိုကင်း၊
ဘာဆိုဘာမှလိုလေသေးမရှိအောင်ပြီးပြည့်စုံသွားတယ်။
သစ္စာလေးပါး ပရမတ်အမှန်တရားကို သိလို့လည်း
စိတ်မှာ ကိလေသာအမှားကင်းသွားတယ်။
ပူစရာဘာမှမရှိတာသိလို့လည်းအပူကင်း သွားတယ်။
(၅)ငါမရှိတဲ့အမှန်တရားကိုလက်ခံဖို့ ကြိုးစားရမယ့်အစား
ငါကဘာဖြစ်တယ်ဆိုပြီး
တစ်ငါငါနဲ့ ဆင်ခြေပေးနေချင်တဲ့၊
နောက်ဆုတ်အရှုံးပေးနေချင်တဲ့၊
အချိန်ရွေ့နေချင်တဲ့၊
ပျင်းရိတဲ့ကိလေသာကို
မသေသေအောင်သတ်တာ တရားအလုပ်ပါ။
စားပြီးရင်းစားချင်နေရင်၊
ငတ်ပြီးရင်းငတ်ချင်နေရင်၊
လိုပြီးရင်းလိုချင်နေရင်၊
ဘယ်တော့မှအလိုမပြည့်ချင်ရင်၊
မအားပြီးရင်းမအားချင်နေရင်၊
ကြောက်လို့မဝအောင် ကြောက်ချင်နေရင်၊
သေပြီးရင်း သေချင်နေရင်၊
ပူပြီးရင်းပူချင်နေရင်၊ ရူးပြီးရင်းရူးချင်နေရင်၊
ဘယ်တော့မှ ရူးလို့မဝချင်ရင်၊
အရူးဘဝကိုစွန့်ရဲတဲ့သတ္တိ မရှိရင်တော့
တစ်သံသရာလုံးလုပ်နေကျဖြစ်တဲ့
လောကီ (ပညာရေး၊ စီးပွားရေး၊အိမ်ထောင်ရေး၊လူမှုရေး၊နိုင်ငံရေး)
အလုပ်တွေ ကိုသာဆက်လုပ်နေလိုက်တော့။
(၆) တရားက စင်ကြယ်တဲ့စိတ်နဲ့မှ
ရှင်းရှင်းလင်းလင်းသိနားလည်နိုင်မယ့်တရားပါ။
ငါဆိုတဲ့အထင်မှား မစင်ကြယ်တဲ့စိတ်နဲ့
ဟိုဝေဖန်၊ဒီဝေဖန်၊ဟိုလိုထင် ဒီလိုထင်နဲ့
အမျိုးမျိုးထင်မြင်ယူဆနေရမယ့်တရား မဟုတ်ပါဘူး။
တစ်ခုခု၊တစ်ယောက်ယောက်၊
တစ်ချိန်ချိန်၊တစ်နေရာရာ
ရှိတယ်ထင်ပြီးကိုယ့်အထင်မှားနဲ့
ကိုယ်တစ်ငါငါနဲ့ ငြိတွယ်နေတာ အဝိဇ္ဇာပါ။
တစ်ခုခု၊တစ်ယောက်ယောက်၊
တစ်ချိန်ချိန်၊တစ်နေရာရာ မဟုတ်တာသိနေတဲ့အတွက်
ငါဆိုတဲ့အထင်မှားမရှိတာ ဝိဇ္ဇာပါ။
(၇)တရားက လူတွေအားလုံးကို
ဘာမှလုပ်ချင်စိတ်မရှိတော့အောင်ပြုလုပ်တဲ့ အလုပ်မဟုတ်ပါ။
လုပ်နေချင်နေတဲ့ သမုဒယသစ္စာနဲ့
လုပ်နေရတဲ့ဒုက္ခသစ္စာရဲ့ဒုက္ခတွေကိုသိပြီး
လုပ်ချင်စိတ်လုံးဝမပေါ်တဲ့အတွက်
ဘာမှလည်းလုပ်မနေရဘဲ
အလကား နေရင်းထိုင်ရင်း အလိုကင်းနေ၊
ပြီးပြည့်စုံနေတဲ့ ချမ်းသာမျိုးပါ။
သမုဒယနဲ့ဒုက္ခဝဋ်သစ္စာ နှစ်ပါး(အဆုံးအစမရှိတဲ့ ဝဋ်သံသရာ) ဆိုတာ
စားချင်စိတ်နဲ့စားနေလို့
စားနေရတဲ့ဒုက္ခကိုမသိတာ။
ချက်ပြုတ်ချင်စိတ်နဲ့ချက်ပြုတ်နေလို့ ချက်ပြုတ်နေရတဲ့ဒုက္ခကိုမသိတာ။
တွေးစားချင်စိတ်နဲ့တွေးနေလို့ တွေးနေရတဲ့ဒုက္ခကိုမသိတာ။
ပူဆွေးချင်စိတ်နဲ့ပူဆွေးနေ လို့ပူဆွေးနေရတဲ့ဒုက္ခကို မသိတာ။
သိချင်စိတ်နဲ့သိနေလို့ သိနေရတဲ့ဒုက္ခကိုမသိတာ။
ပြောချင်စိတ်နဲ့ပြောနေလို့ ပြောနေရတဲ့ဒုက္ခကိုမသိတာ။
အလကား နေချင်စိတ်နဲ့အလ ကားနေနေလို့
အလကားနေနေရတဲ့ဒုက္ခကိုမသိတာ။
လုပ်ချင်စိတ်နဲ့လုပ်နေလို့ လုပ်နေရတဲ့ဒုက္ခကိုမသိတာ။
စာဖတ်ချင်စိတ်နဲ့စာဖတ်နေလို့ စာဖတ်နေရတဲ့ဒုက္ခကိုမသိတာ။
ရှူချင်၊ရှိုက်စိတ်နဲ့ရှူနေ ရှိုက်နေလို့ ရှူနေရှိုက် နေရတဲ့ ဒုက္ခကိုမသိတာ။
ကိုယ့်ကိုကိုယ် လူသားတစ်ယောက် ဆိုတဲ့အထင်မှားနဲ့
သိနေတဲ့ ဆရာဝန်ဖြစ်၊အင်ဂျင်နီယာ ဖြစ်သလိုမျိုး
လူဖြစ်၊တိရစ္ဆာန်ဖြစ်၊နတ်ဖြစ်၊ဗြဟ္မာဖြစ်၊
အမျိုးမျိုးဖြစ်နေတာ သံသရာ အစစ်မဟုတ်ပါဘူး။
(၈) အချိန်ဆိုတာ တကယ်ရှိတာမဟုတ်။
တစ်စက္ကန့်ချင်း ဘာမှမဟုတ်တာကို သိနေဖို့လိုပါတယ်။
တစ်ချိန်မှာတစ်စက္ကန့်ပဲ ရှိတာပါ။
အချိန်ဆိုတာ တစ်ချိန်ချိန်အနေနဲ့ ရှိနေတာမဟုတ်ဘဲ
မပြတ်တရစပ် ချုပ်ပျောက်ကုန်ဆုံးနေခြင်းပဲတကယ်ရှိတာပါ။
တစ်စက္ကန့်၊ တစ်မိနစ်၊တစ်နာရီ၊ တစ်ရက်၊တစ်လ၊တစ်နှစ်၊
တစ်ဘဝ၊တစ်ကမ္ဘာ၊ အဆုံး၊အစမရှိတဲ့သံသရာဆိုတာ
တကယ်ရှိနေတာ မဟုတ်ဘဲ
ကိုယ်အရှိလို့ လက်ခံထားလို့သာရှိနေတာပါ။
(၉)တရားနဲ့ရောဂါ
တရားအားထုတ်လို့ရောဂါတွေများလာတာမဟုတ်ပါ။
နဂိုကရှိနေတဲ့ရောဂါတွေကို
ကိုယ့်လောဘ၊ဒေါသ၊ မောဟတွေအားကြီးနေလို့
ရှိမှန်းမသိတာကို တရားအားထုတ်မှ
စိတ်စင်ကြယ်လာပြီး ရောဂါရှိတာကို ရှိမှန်းသိလာတာပါ။
(၁ဝ) တရားအလုပ်က လူတွေအားလုံးကို
ယောဂီ၊ ဘုန်းကြီး၊သီလရှင်တွေ ဖြစ်အောင်လုပ်တဲ့ အလုပ်မဟုတ်ပါ။
လူမရှိတာသိအောင် လုပ်ရတဲ့အလုပ်ပါ။
တစ်ငါငါနဲ့သိနေတဲ့ လူသားဘုရား၊
လူ့လောကထဲကဗုဒ္ဓဘာသာတရား၊
မိုးကုတ်တရား၊သဲအင်းတရား၊ မိုးကုတ်ဆရာတော်၊ သဲအင်းဆရာတော်ဆိုတဲ့ လူ့လောကထဲကသံဃာတော်တွေဆိုတာလည်း
တကယ်မရှိတာသိပြီး ဒီလိုပညတ်နဲ့ ပရမတ်ကို
ကွဲကွဲပြားပြားနားလည်တဲ့
ဥာဏ်၊လူပုဂ္ဂိုလ်မဟုတ်တဲ့
ကိုယ့်နှလုံးသားထဲက
ပရမတ်ဘုရားအစစ်၊
ပရမတ်တရားအစစ်၊
ပရမတ်သံဃာအစစ်ကို
ပူဇော်အားကိုးတတ်လာစေဖို့ပါ။
(သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ)
အားလုံးပဲ တရားတွေ့၍ မွေ့လျော်နိုင်ကြပါစေ...။
ဒေါက်တာခိုင်မျိုး
Posted by Dr Khaing Myo
Monday, September 1, 2008
Labels: ဦးဥတ္တမသာရ
Way to eradicate Kilesa (ကိလေသာ မျိုးဖြုတ်နည်း)
by Sayadaw U Uttamasara (ဦးဥတ္တမသာရ )
https://www.facebook.com/mawkon.thakhin.1/posts/337072556444517:0
No comments:
Post a Comment