မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, June 20, 2014
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၃"
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၃"
★ အပြစ်ရှိတာ မရှိတာ ငရဲကြီးတာမကြီးတာ ဘာနဲ့တိုင်းတာမလဲ။ထင်ရှားတာတစ်ခုပြမယ်။
ဥပမာကိုယ့်စိတ်ထဲမှာ နှလုံးသားထဲမှာ ဒေါသဆိုတာဝင်လာတာနဲ့
တပြိုင်နက် စိတ်အေးချမ်း
မှုတွေ လက်လွှတ်ဆုံးရှုံးသွားတယ်။
အဲ့ဒါဟာဒေါသရဲ့အပြစ်ပဲ ပင်ကိုယ်တည်ငြိမ်တဲ့စိတ်ကလေး
ပျက်စီးသွားပြီး ပူလောင်တဲ့စိတ်တွေပေါ်လာတာဟာ ဒေါသရဲ့ဆိုးကျိုးပဲ။နောင်ဘ၀ငရဲ
မရောက်တာအသာထား။ ဒေါသဟာ ကောင်းသလားမကောင်းဘူး
လားဆိုတာ အခုဘ၀မှာပဲကြည့်လို့ရတယ်။
★ ဒေါသဖြစ်လာလို့ရှိရင်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လာတယ်။
ပါးစပ်ကပြောပြီဆိုလို့ရှိရင် အကြင်နာမဲ့တဲ့စကားတွေပြောတယ်။
လုပ်တဲ့အလုပ်တွေကလည်း ကိုယ့်အတွက် သူ့အတွက်နစ်နာတဲ့ အလုပ်တွေ
လုပ်လာတယ်။ယခုလို လက်တွေကျကျ စဉ်းစားပြီးတော့ ကြည့်လိုက်လို့ရှိရင်
ဒေါသရဲ့အပြစ်တွေဆိုးကျိုးတွေကို ကိုယ်တိုင်သိနိုင်ပါတယ်။ကိုယ်မှာဒေါသဖြစ်တဲ့အချိန်က
စပြီးတည်ငြိမ်မှုတွေ ဆုံးရှုံးသွားတာ သေချာတယ်။နောက်ဆုံးသွေးတိုးရောဂါရှိရင်
သွေးတက်သွားမယ်။နှလုံးရောဂါရှိရင် Heart attack ရသွားမယ်။ဒေါသက ချက်ချင်းဒုက္ခပေးတယ်။ဒါထင်ရှားတဲ့သာဓကတစ်ခုပဲ။
★ အဲ့ဒီလိုဒေါသဆိုတာ ကောင်းသလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်သိနိုင်တာပဲ။
ကိုယ်တိုင်ဒေါသမကောင်းဘူးဆိုတာ ဆုံးဖြတ်ချက်ချနိုင်တာပဲ။
သဘာတရားဆိုတာ သူ့သဘောသူဆောင်တာဘုရားက မကောင်းဘူးဟောလို့
မကောင်းတာဖြစ်တာ မဟုတ်ဘူး။အေးလုပ်ချင်တာလုပ် ငါ့ရှေ့မှာဝန်ခံလိုက်
အပြစ်တွေအကုန်ပျောက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ဖြစ်ပြီးသားအပြစ်တွေ
ဘယ်လိုပျောက်မလဲ ။ဒေါသကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပြီးသွားပြီလေ။
ဒေါသကြောင့်မလုပ်သင့်တာတွေလုပ်မိသွားပြီ။ပြင်လို့ရသလား မရတော့ဘူး။
လုပ်ပြီးသားတစ်ခုဟာ မလုပ်ဘူးလို့ပြောလို့မရဘူး။
အဲ့ဒီကတည်းက မှားယွင်းတဲ့ချွတ်ချော်တဲ့ အရာတစ်ခုဖြစ်သွားတယ်။
★ သဘာဝတရားတွေဟာ ကုသိုလ်လားအကုသိုလ်လားဆိုတာ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်လို့ရတယ်။ကုသိုလ်ဆိုတာ ကောင်းကျိုးချမ်းသာတွေ
ကိုပေးတဲ့သဘောတရား အကုသိုလ်ဆိုတာမကောင်းကျိုးချမ်းသာတွေကိုပေးတဲ့သဘောတရား
မကောင်းကျိုးဆိုတာ ကိုယ့်ရဲ့သန္တာန်မှာဖြစ်တဲ့ (problem) တွေပဲ။
လောဘ ဒေါသ မောဟ တွေက မကောင်းတဲ့အကျိုးကိုသယ်ဆောင်လာတယ်။ဒါ့ကြောင့်မို့
အပြစ်ရှိသလားမရှိဘူးလားဆိုရင် အပြစ်ရှိတယ်။အေးဒီတရားမျိုးကို လက်ခံကျင့်သုံးရင် ကောင်းကျိုးချမ်းသာမရဘူးဆိုတာ ကိုယ်ကိုယ်တိုင်
ဆင်ခြင်စဉ်းစားလို့ ရတဲ့အချက်နဲ့ အဖြေထုတ်တာ။
★ ဒါကြောင့်မို့ အမှန်တရားဆိုတာ ပြောထားတဲ့ Tradition တို့ Report တို့ Hearsays တို့နဲ့ ဆုံးဖြတ်လို့မရဘူး။ကိုယ်ကိုယ်တိုင် လက်တွေ့အသိဉာဏ်နဲ့ ဆုံးဖြတ်ပါလို့
မြတ်စွာဘုရားက ဟောထားတယ်။မကောင်းမှုဆိုတာ ဘာပြောတာလဲ
"န တံ ကမ္မံ သာဓု ယံ ကတွာ အနုတပ္ပတိ-တဲ့" မကောင်းမှုဆိုတာ
လုပ်ပြီးတဲ့နောက်မှာ စိတ်နှလုံးကိုပူလောင်စေတဲ့အရာမျိုး၊ကောင်းမှုဆိုတာ
"တံ စ ကမ္မံ ကတံ သာဓု ယံ ကတွာ နာနုတပ္ပတိ"
လုပ်ပြီးတဲ့နောက်မှာ မှားလိုက်တာလို့ ဘာမှပူပန်စရာ မရှိဘူးတဲ့။
★ လောဘနဲ့ဆန့်ကျင်ဘက်က အလောဘ။အလောဘဆိုတာ
စွန့်လွှတ်နိုင်တယ် ပေးကမ်းနိုင်တယ် အတွယ်အတာကင်း
တဲ့သဘောကလေးဖြစ်လာပြီး ပူပန်မှုကလျှော့ကျလာတယ်။ဒေါသရဲ့ ဆန့်ကျင်ဘက်က အဒေါသ။အဒေါသဆိုတာ အကျိုးစီးပွားကိုလိုလားတဲ့
မေတ္တာသဘောတရားလေး ပေါ်လာတယ် မုန်းတီမှုဆိုတာ မရှိလို့ နှလုံးသား
ထဲမှာ အမုန်းတရားမရှိဘူးဆိုတဲ့ စိတ်ဟာ အစဉ်ထာဝရ ငြိမ်းနေတယ်။
မောဟရဲ့ဆန့်ကျင်ဘက်က အမောဟ။အမောဟဆိုတာ လုပ်သင့်မလုပ်သင့်
မလုပ်သင့်တာကိုရှောင်မယ်။လုပ်သင့်တာကို လုပ်လို့ကောင်းကျိုးချမ်းသာ
တွေရမယ်။လုပ်သင့်တာ မလုပ်လို့ ဆိုးကျိုးတွေ မဖြစ်ဘူး ဒါဟာအမောဟပဲ။
ဒါဆိုရင် အလောဘ အဒေါသ အမောဟ ဆိုတာ အကုသိုလ်လား ကုသိုလ်လားဆိုတာ ကိုယ်ဟာကိုယ်ဆင်ခြင်စဉ်းစားကြည့်လိုက် လက်တွေ့လိုက်နာကျင့်သုံးနေမယ်ဆိုရင်
ကောင်းကျိုးချမ်းသာ ရစေနိုင်တယ်ဆိုတဲ့ တရားဆိုတာသိပြီလေ။
★ မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်က အမှန်တရားကိုရှာလို့တွေ့လာပြီး ကိုယ့်ဟာ မှားမှန်းသိရင် ချက်ချင်းစွန့်ပစ်ပါတဲ့။မှန်တယ်ဆိုရင်လိုက်နာပြီးကျင့်သုံးပါတဲ့။
ဘ၀ခရီးလျှောက်လမ်းတဲ့အခါမှာ သံသရဖြစ်စရာတွေကြုံလာလို့ရှိရင်
သေချာတဲ့လမ်းကနေရွေးပြီးတော့ လျှောက်ပါ။အဲ့ဒီတော့ဘာမှ
စနိုးစနှောင့်ဖြစ်စရာမလိုတော့ဘူး။မြတ်စွာဘုရားခင်းပေးထားတဲ့
လမ်းကြောင်းအတိုင်း
လျှောက်ရင် ငါလုပ်တာ လုပ်ကောင်းသလား မလုပ်ကောင်းဘူးလား
မေးစရာဘာမှမလိုတော့ဘူး အပြစ်ရှိတယ်ဆိုရင် မလုပ်ကောင်းဘူး မလုပ်ရဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရား ရွေးချယ်ပေးတဲ့ လမ်းကြောင်းပေါ်လျှောက်ပြီးတော့ နောက်ဆုံးမှာ
ငြိမ်းချမ်းသာယာတဲ့ အအေးချမ်းဆုံး နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ
မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော် ဘုရားကြီး)
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း" တရားမှကောင်နှုတ်ချက်။
(ဓမ္မမိတ်ဆွေသူတော်စဉ်များကျန်းမာချမ်းသာကြပါစေဗျာ)
Creat Post By .... Pay Thoe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment