မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, June 13, 2014
အခွင့်ကောင်းကိုယူတတ်တဲ့ ဥပါလိ။
ဥပါလိက-က အဲဒီမင်းသားတွေကို ဆံပင်၊ မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ ဆတ္တာသည်တစ် ယောက် ဖြစ်ပါတယ်။ သူတို့ခေတ်မှာ သူ့အမျိုးဟာ အင်မတန်မှ အောက်တန်းကျပါတယ်။
လူရာသွင်း မခံရပါ။ နေရင်လည်း နောက်နားလေးမှာ၊ခြေရင်းလေးမှာ၊ အပြင်မှာ နေရပါတယ်။
အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတူ စားပွဲမှာ ထိုင်ဖို့ဆိုတာ အဝေးကြီးပါ။ အမြဲတမ်း သူတို့ဝေ
ယျာဝစ္စ လုပ်ပေးရပါတယ်။ အောက်တန်း နောက်တန်းကျတဲ့ အနေအထားမျိုးမှာ သူနေရတာ
ဖြစ်ပါတယ်။
ရှင်အာနန္ဒတို့၊ ရှင်ကိမိလတို့၊ ရှင်ဘဒ္ဒိယတို့ဆိုတဲ့ သာကီဝင်မင်းသား ၆ ယောက် ရဟန်းပြု
ရန်သွားတဲ့အခါမှာ သူက နောက်က လိုက်သွားရပါတယ်။ မင်းသားတွေက သာသနာ့ဘောင် ၀င်
တော့မယ့်အချိန်မှာ သူတို့ရဲ့ လက်ဝတ်ရတနာတွေ၊ ၀တ်ဆင်လာတဲ့ အ၀တ်အစားတွေ အကုန်လုံး
အထုပ်ထုပ်ပြီး သူ့ကို ပေးခဲ့ပါတယ်။ “မင်းပြန်တော့၊ တို့ကတော့ ဘုန်းကြီးဝတ်တော့မယ်” ဆိုပြီး
သူ့ကို ပစ္စည်းတွေပေးပြီး ပြန်လွှတ်လိုက်ပါတယ်။
ဒါပေမယ့်-ကြည့်= သူ့ရွေးချယ်ပုံ သူ့စဉ်းစားပုံက နှစ်ချက်ရှိပါတယ်။ “အကယ်၍ ငါ ဒီအ
ထုပ်ကြီးနဲ့ ပြန်သွားလို့ရှိရင် ဒီကောင် မင်းသားတွေကို သတ်ပြီးတော့ ဒီပစ္စည်းတွေ ယူလာတာလို့
တွေးကြလိမ့်မယ်” ဒါက တစ်ခုပါ၊ သူ့အတွက် အန္တရာယ် ဖြစ်နိုင်တယ်။
နောက်တစ်ခုကတော့ “ဒီမင်းသားတွေတောင်မှ သူတို့ စည်းစိမ်ဥစ္စာ ချမ်းသာတာတွေ
စွန့်ကြသေးတာ၊ ငါ့မှာ ဘာမှရှိတဲ့လူ မဟုတ်ဘူး၊ သူတို့ပေးထားခဲ့တဲ့ ပစ္စည်းတွေဟာ သူတို့ထွေး
လိုက်တဲ့ တံထွေးနဲ့တူတယ်။ ဒါတွေကို မက်မောပြီးတော့ ငါ ကိုယ့်ကျိုးကိုယ့်စီးပွားကို မလုပ်နိုင်ဘူး
ဆိုရင် ငါ လူညံ့ဖြစ်တော့မှာပေါ့။ ဒါကြောင့် မို့လို့ သူတို့ထွေးတဲ့ တံထွေးကို ငါမမျိုဘူး။ သူတို့
မလိုချင်တဲ့၊ သူတို့ပေးခဲ့တဲ့ပစ္စည်းကို ငါမလိုချင်ဘူး။ ငါလည်းပဲ သူတို့ရှာတဲ့တရားမျိုး ရအောင်ရှာ
မယ်။ သူတို့တောင် ရှာလို့ရသေးတာ၊ ငါလည်း ရအောင်ရှာမယ်”လို့ စဉ်းစားတယ်။ ဒါကနောက်တစ်ခု။
အဲဒီလို စဉ်းစားပြီးတော့ အထုပ်ကြီးကို သစ်ပင်မှာ ချိတ်ထားခဲ့ပြီးတော့ သူလည်း နောက်က
လိုက်သွားတယ်။ ဟိုရောက်တဲ့အခါကျတော့ မင်းသားတွေက ဘုရားဆီရောက်တော့ “မင်းမပြန်ဘဲနဲ့
ဘာလို့ လိုက်လာသလဲ” ဆိုတော့ သူက သူစဉ်းစားတဲ့အကြောင်းကို ပြောပြပါတယ်။ အဲဒီမင်းသား
တွေကလည်း သဘောထား ကောင်းကြတယ်။ “အေး၊ ဟုတ်တယ်၊ မင်းပြန်သွားလို့ရှိရင် အဲဒီအထုပ်
ကြီးနဲ့ အသတ်ခံရရင် အသတ်ခံရမှာ၊ လိုက်လာတာ ကောင်းတယ်” ဆိုပြီးတော့ သူတို့ကိုယ်သူတို့
မာန်ချတဲ့အနေနဲ့ ဥပါလိကို အရင် သင်္ကန်းဝတ်ပေးဖို့ မြတ်စွာဘုရားကို လျှောက်ထားကြပါတယ်။
ပြီးတော့မှ သူတို့က ရှင်ဥပါလိကို သင်္ကန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အရိုအသေပြုပြီးမှ
သူတို့ သင်္ကန်းဝတ်ကြပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ကလည်း အခွင့်ကောင်းကို
ရအောင်ယူတတ်တဲ့ ဥပါလိကကို နမူနာယူပြီး လူ့ဘ၀မှာ အခွင့်ကောင်းရခိုက် ဒီဘ၀မှာ ကြိုးစား
အားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီ
ကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment