မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Wednesday, June 18, 2014
" ရှ က် စ ရာေ ကာ င်း လို က် တာ "
" ရှ က် စ ရာေ ကာ င်း လို က် တာ "
ဒီပုံကလေးထဲကလိုပဲ မိမိတို့တတွေ တချိန်ချိန် တုံးက ခြင်ထောင်ထဲမှာ ခြင်တစ်ကောင် ဖမ်းခဲ့ဘူးပါလိမ့်မယ်။ကိုယ့်ကိုခြင်အကိုက်ခံရလို့ နာကလည်းနာ၊ နားနားမှာလည်း တဝီဝီနဲ့ ခြင်ကအော်နေတာမို့ အိပ်လို့ကလည်းမရ ဖြစ်လာတဲ့အခါ စိတ်တိုပြီး ခြင်ကို မရမက လိုက်ဖမ်းပါတော့တယ်။
အရှောင် အတိမ်း ကောင်းလှတဲ့ခြင်က ကံကောင်း ထောက်မစွာ လက်ကြားက လွတ်လွတ်နေတော့ ခြင်ထောင်ထဲမှာ ခြင်နဲ့ ကိုယ်နဲ့ နပမ်းလုံးနေသလို လည်း ဖြစ်ခဲ့ဘူးကြမှာပါ။
နောက်ဆုံးခက်ခက် ခဲခဲဖမ်းရင်းနဲ့ တစ်ချိန်မှာတော့ မိမိလက်ဝါးနှစ်ဖက်အကြားမှာ လွတ်အောင် ပြေးနိုင်လွန်းတဲ့ ကိုရွှေခြင်ကို ဖမ်းမိလို့ သွားပါတယ်။ ဝမ်းသာအားရနဲ့"မိပြီကွ" လို့တောင် စိတ်တစ်ချက် ဖြစ်ခဲ့အုံးမှာပါ။
သေသေချာချာ စဉ်းစားကြည့်စေချင်ပါတယ်။ မိမိကခြင် ကိုဖမ်းမိလိုက်တာလား။ ခြင်က မိမိကို ဖမ်းမိသွားတာလား။
ကျားကုတ်ကျားခဲ မခံချင်စိတ်နဲ့ လိုက်ဖမ်းရင်းနဲ့ မိသွားတဲ့ အခိုက်မှာပဲ လက်ဝါးနှစ်ဖက်ကြားမှာ ခြင်တစ်ကောင် သေသွားတယ်။အဲဒီအခိုက်မှာ
ပြန်စဉ်းစားကြည့်လိုက်ရင် မိမိမှာလည်း အဲဒီခြင် လက်ဖဝါးထဲမှာ မမိမချင်း ခြင်ကိုသေစေလိုတဲ့ စေတနာနဲ့ မရအရ လိုက်ဖမ်းခဲ့တဲ့ အကုသိုလ်စိတ် ကုဋေပေါင်းများစွာ ဖြစ်ခဲ့ရပါပြီ။ အလွန်အချက်အလက် ခိုင်မာပြည့်စုံလှတဲ့ သူတပါး အသက်သတ်တဲ့ ကံတစ်ခုကြူးလွန်ခဲ့ရပါပြီ။
အဲဒီလို အကုသိုလ်စိတ်ပေါင်းများစွာ ဖြစ်ခဲ့တာကို မသိတဲ့ ကိုယ်က လက်ဖဝါးထဲမှာ သေသွားတဲ့ ခြင်ကိုကြည့်ပြီး စိတ်ထဲမှာ မိုက်မိုက်မဲမဲ ဝမ်သာ အားရ ဖြစ်ခဲ့ပါသေးတယ်။ ကိလေသာကလှည့်စားလို့ ကိုယ်ကဖမ်းမိတယ်လို့ ကိုယ့်ကိုယ်ကို ကျေနပ်အားရနေခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကိုယ်အမိခံခဲ့ရတာပါ။
အဲဒီလိုပါပဲ။ လောကထဲမှာရှိနေတဲ့ ကိုယ်လိုချင်တဲ့ သက်ရှိသက်မဲ့ ဟူသမျှကို ပင်ပင်းပန်းပန်း မရအရ လိုက်ဖမ်းရင်းနဲ့ ကိုယ်လိုချင်တာကို အကြောင်းဆုံလို့ ရလိုက်တဲ့အခါမှာ ကိုယ်က မိလိုက်တယ်လို့သာ ထင်ခဲ့ကြပါတယ်။ ကိုယ်အဖမ်းခံလိုက်ရတယ်လို့ တစ်ခါမှ တွေးတောင် မတွေးမိခဲ့ပါဘူး။
ဒီလောက် ရိုးရှင်းလှတဲ့ ကိလေသာရဲ့ ထောင်ခြောက်ထဲမှာ အသိဥာဏ်နည်းပါးစွာနဲ့ နှစ်ရှည်လများ ထပ်ခါထပ်ခါ အညာခံခဲ့ရတာဟာ "ရှက်စရာ ကောင်းလိုက်တာ။ "
သက်တော် ၈၀ နီးပါးရှိတဲ့ ဆရာတော်ကြီးတစ်ပါးနဲ့ ဆုံခဲ့ ဘူးပါတယ်။ စာတတ်ပေတတ်နဲ့ အလွန် ရိုးသားအေးဆေးတဲ့ ဆရာတော်ကြီးတပါးပါ။
သဘောကောင်းတယ်၊ အနေအေးတယ်လို့ မြို့ပေါ်မှာ နာမည်ကြီးလှပါတယ်။
တစ်ခါမှာတော့ မိမိနဲ့ တရားစကားတွေ ပြောနေရင်း ဆရာတော်ကြီးက… …
" ဒကာကြီး။ကျောင်းကြီး မတိုးတက်ခင်တုံးက မတိုးတက်သေးလို့ ဆိုပြီး လောဘနဲ့ပူလောင် ခဲ့ရတယ်။ တိုးတက်တော့လည်း ငါကွ ဆိုပြီး မာန်မာနဖြစ် ရပြန်တယ်။ ကိုယ်လောက်တောင် စာမတတ်ပဲ ကိုယ့်ထက်ကြီးပွားနေတဲ့ ရဟန်းတွေ ကိုမြင်တော့လည်း မနာလိုဖြစ်ပြန်ရော။
ကိုယ့်ကိုယ်ကို ပြန်သိရတဲ့ အခါကျမှ ရှက်စရာကောင်း လိုက်တာဒကာကြီးရာ။ ကိလေသာက ဘုန်းကြီးကိုလည်း ချမ်းသာမပေးဘူး။" ဆိုပြီးမိန့်ခဲ့ဘူးပါတယ်။ ဒီအသက်အရွယ်အထိ ဒီလောက်တောင် ကိလေသာထူတဲ့ ဘုန်းကြီးအိုကြီးကို ပိုလို့လေးစား ကြည်ညိုသွားမိပါတယ်။ အချိန်မီပြုပြင်လိုက်နိုင်ခဲ့တဲ့ ဆရာတော်ကြီးရဲ့ မျက်နှာတော်ဟာ ကြည်လင်လှပါတယ်။
အိမ်မှာကြွက်ကလေးနှစ်ကောင် သောင်းကျန်း နေတာ ၁၀ ရက် လောက် ရှိသွားပါပြီ။ အိမ်သားတွေကလည်း စားစရာတွေ ပျက်စီးလို့ ခဏခဏ ဒီကြွက်တွေအကြောင်း ပြောနေကြပေမဲ့ မိမိကတော့ ဖာသိဖာသာပါပဲ။ကိုယ်တို်င်လည်း ဒီကြွက်နှစ်ကောင် ပြေးလွှားနေကြတာကို မကြာမကြာ မြင်နေပေမဲ့ သူတို့ကိုဖမ်းဖို့ သတ်ဖို့ စိတ်တောင်မကူးမိပါဘူး။
ကိုယ့်ကိုယ်ကို ထင်ခဲ့တာပေါ့လေ။
အဲဒီလိုနေရင်းနဲ့ တစ်ရက်မှာ မနက်စောစော အိမ်တံခါးဖွင့်လိုက်တဲ့ အချိန်မှာ တံခါးဝမှာ ကြောင်ကလေး တစ်ကောင် ထိုင်နေတာကို ရုတ်တရက် မြင်လိုက်ရပါတယ်။
မြင်လိုက်ရတာက ကြောင်နော်။ ဒါပေမဲ့ စိတ်ထဲမှာ ဒိတ်ကနဲ ဝမ်းသာသွားတယ်။
ခံလိုက်ရပြန်ပါပြီ။ တော်လိုက်တဲ့စာစစ်ဆရာ ကိလေသာပါပဲ။ ကိုယ်သတိမထားမိလိုက်တဲ့ အချိန်မှာ ကိုယ်အားအနည်းဆုံး နေရာက ဝင်လာပြီး ကိုယ့်ကို အလဲ ထိုးသွားတော့တာပါပဲ။ ကြောင်ကလေးတစ်ကောင်ကို မြင်လိုက်တာနှဲ့ ဒီလောက် ဝမ်းသာစရာ ဘာအကြောင်းမှ မရှိပါဘူး။
"ရှက်စရာကောင်းလိုက်တာ"
ပုထုဇဉ်ပီပီ လူတိုင်းလိုလို အမှားမကင်း တတ်တာမို့ ဘဝထဲမှာ အခုလိုအမှားမျိုးတွေနဲ့ ရှက်စရာကောင်းတဲ့ အဖြစ်မျိုးတွေ ကြုံဘူး တတ်ကြမှာပါ။ ကိလေသာထောင်ခြောက်ထဲမှာ ကားကနဲဖြစ်ပြီး အရှုံးကြီးရှုံးလို့ ရှက်စရာကောင်း ရတဲ့ အဖြစ်မျိုးလည်း ရှိကောင်း ရှိနေနို်င်ပါတယ်။
" ရှက်စရာကောင်းလိုက်တာ" ဆိုတဲ့ စကားရဲ့ ကျယ်ပြန့်တဲ့ အဓိပ္ပါယ်တွေ၊ သတ်မှတ်ချက်တွေ၊ ယူဆပုံတွေ တစ်ဦးနဲ့တစ်ဦး မတူတတ်တာကို နားလည်စေချင်ပါတယ်။ တစ်ချို့လူတွေအတွက် အလွန်ရှက်စရာကောင်းတဲ့ အကုသိုလ် အမှုတွေဟာ တစ်ချို့လူတွေအတွက်တော့ ရှက်စရာ မဟုတ်တတ်ပါဘူး။
အကုသိုလ်အမှုတွေမှာ ထမင်းစားရေသောက် သလောက်တောင် မခက်တဲ့သူတွေ၊ မရှက်တဲ့သူတွေ၊ ရဲတင်းတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ကိုယ်မဟုတ်တာ လုပ်ပြီးမှ လူသိမှာ လူမိမှာကို ရှက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီနေရာမှာတော့ တခြားသူတွေကို ရှက်တာမျိုးထက် မိမိကိုယ်ကို ရှက်တတ်တာ မျိုးကိုသာ အဓိကထားချင်ပါတယ်။
တကယ်တမ်းကျတော့ ခြင်ဖြစ်ဖြစ်၊ ကြွက်ဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ်၊ လူဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ်၊ တလောကလုံး သူ့အလုပ်သူ လုပ်နေကြ တာပါ။ဒါကိုသဘော မပေါက်တဲ့ ကိုယ်ကသာ ကိလေသာကို အားပြုပြီး ကြိုက်ခြင်း မကြိုက်ခြင်းတွေ၊ ဘက်လိုက်ခြင်းတွေနဲ့ ဝင်ရှုပ်နေခဲ့တာပါ။
ထင်ချင်သလိုထင်ရင်း နေရာတကာ ဝင်ပါနေမိ တာပါ။
ငါ ငါ့ဥစ္စာလုပ်ရင်း အကုသိုလ်တွေ ဖြစ်ချင်သလို ဖြစ်နေခဲ့ရတာပါ။
ကိုယ့်အနေနဲ့ တစ်ချက်ကလေးမှ မရိပ်မိနိုင် လောက်အောင် ပိပိရိရိလှည့်စား နိုင်ခဲ့တာမို့ ကိလေသာက ကိုယ့်ထက် အဆပေါင်းများစွာ လည်ပါတယ်။
ဓမ္မသဘာဝတွေဖြစ်တဲ့ တလောကလုံး သူ့အလုပ်သူ လုပ်နေတာပါလားလို့ ပိုင်ပိုင်နိုင်နိုင် နားမလည် သဘောမပေါက်သ၍တော့ ဒီလိုပဲ ကိလေသာခိုင်းသမျှ အကုသိုလ်တွေဖြစ်ရင်း ကိုယ်အဖမ်းခံ အစားခံ နေရအုံးမှာပါ။ ရှက်စရာကောင်းတဲ့အဖြစ်မျိုးတွေလည်း မကြာ ခဏ ဖြစ်နေရအုံးမှာပါပဲ။
ဒါတွေဟာ ဘဝထဲမှာ သွားလာနေထိုင်ရင်း ကိလေသာလက်ချက်နဲ့ ချော်လဲတတ်တဲ့ အဖြစ်တွေပါ။ ချော်လဲတတ်တာ အပြစ်မဟုတ်ပေမဲ့ ခဏခဏ ချော်လဲနေရင်တော့ ခရီးတွင်ဖို့ နှောင့်နှေးတတ်ပါတယ်။ တစ်ခါတလေ ချော်လဲတာက ပြန်မထနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ချော်လဲရောထိုင် ဆိုတဲ့စကားလိုပဲ ရောထိုင်ရင်း ပြန်ထဖို့ မကြိုးစားတော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ချော်လဲ တတ်တာဟာ ဖြစ်တတ်တဲ့အရာတစ်ခု ဆိုပေမဲ့ ပေါ့ဆစွာ အမှတ်မရှိ မပြုပြင်ပဲ ကြိမ်ဖန်များစွာ ချော်မလဲ သင့်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး သတိကလေးနဲ့ ဂရုစိုက်ရင်း ချော်မလဲအောင်တော့ ကြိုးစားရမှာပါ။ လောကထဲမှာ ရိုးရိုးတန်းတန်း လူကြားသူကြား ထဲမှာ မတော်တဆ ချော်လဲတာတောင် မကောင်းလှပါဘူး။
ဘဝထဲမှာ သူများသိတာ မသိတာထက် ကိုယ်ကို တိုင်က ကိလေသာတွေနဲ့ မကြာခဏ ပုံပျက်ပန်းပျက် သတိမဲ့စွာ ချော်လဲနေမယ် ဆိုရင်တော့ ရှက်စရာကောင်းလှပါတယ်။
မိမိချော်လဲခဲ့သလို မိတ်ဆွေများအား ချော်မလဲစေ လိုတဲ့ စေတနာနဲ့ သတိပေးရင်း ဒီစာကလေးကို ရေးလိုက်ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment