“သတ္တိ( ၃ )မျိုးထဲက စာရိတ္တသတ္တိ”
ဗုဒ္ဓက သတ္တိ ( ၃ ) မျိုး ရှိပါတယ်လို့ ဟောကြားတော် မူပါတယ်။ ယင်းတို့မှာ -
( ၁ ) ကာယသတ္တိ ၊
( ၂ ) စိတ္တသတ္တိ ၊
( ၃ ) စာရိတ္တသတ္တိ။
လူထုဦးလှက အဲဒီတုန်းက ( ၇) တန်း ကျောင်းသားတဲ့ ။ သူတို့ အဖေက သူတို့ရွာမှာ လယ်သမား၊ ယာသမားတွေကို ချေးငွေထုတ်ပေးတာ ပေါ့လေ။ ပုဂ္ဂလိက ချေးငွေထုတ်ပေးတာပေါ့။ တစ်ခါတော့ လယ်သမားကြီးတစ်ယောက် ချေးငွေလာဆပ်တဲ့အခါ အတိုးတွက်မှားပြီး ငွေပိုပေးခဲ့တယ် ။
အဲ့ဒီ့လို ပိုပေးမိတာကို လူထုဦးလှရဲ့ အဖေလည်း မသိဘူး။ လယ်သမားကြီးလည်း မသိဘူး။ ကျောင်းသားဖြစ်တဲ့ လူထုဦးလှက ဘေးကနေ တွက်ကြည့်ပြီးတော့ သိနေတယ်။ ဆိုကြပါစို့  ။ ငွေနှစ်ရာ ပိုနေတယ်ပေါ့။ ဟိုတုန်းက ငွေ နှစ်ရာဆိုတာ အများကြီးနော်။ ဒါပေမယ့် လူထု ဦးလှက ၀င်မပြောဘူး။ မှိန်းနေ လိုက်တယ် ။
♦ လယ်သမားကြီး အိမ်အပြင် ထွက်သွားမှ သူ့ အဖေကို ပြောတယ်။
“အဖေ ... အဲ့ဒီ့ လယ်သမားကြီး အတွက် မှားတာ”။
“ကျွန်တော်တို့ ဆီမှာ ငွေ နှစ်ရာ ပိုခဲ့ပြီ။” ဆိုပြီး။
ဒီအချိန်မှာ လူထု ဦးလှ အဖေက
“မင်းတော်တော် တော်တဲ့ ကောင်ပဲကွာ” ဆိုရင် ...
“မင်းခိုးတာ တော်တယ်” လို့ ပြောတာနဲ့ အတူတူပါပဲ။
ဒါပေမယ့် ... လူထုဦးလှ အဖေက လူထုဦးလှကို တန်းငေါက်တာ ဖြစ်ပါတယ်။
♦“အဲ့ဒါမင်း သူခိုးစိတ်ပဲ ။ ဘာလို့ သူများပိုက်ဆံကို မတရားယူချင်ရတာလဲ။ မင်း ငါ့ကို စောစောက မပြောဘူး ။ သွား .... အခုချက်ချင်းလိုက်ခေါ်”
“ နောက်မှတ်ထား ...။ တစ်သက်လုံးအဲ့တာမျိုး မလုပ်ရဘူး။
♦ သူများ အိမ်နောက်ဖေးက မသိအောင် တက်ခိုးမှ ခိုးတာ မဟုတ်ဘူး။
♦ လိမ်ညာ လှည့်ပတ်ပြီး ၊မတရားနည်းနဲ့  ယူတာမှန်သမျှ ခိုးခြင်းပဲ ...။” တဲ့
ချက်ချင်းဆုံးမပြီး လယ်သမားကြီးကို ချက်ချင်းပြန်ခေါ် ငွေကိုပြန်ပေးစေခဲ့ပါတယ် ။ လူထုဦးလှ ကိုယ်တိုင် ၀န်ခံခဲ့တာပါ ။ ကျွန်တော့အဖေကြောင့် ကျွန်တော် သူတော်ကောင်းဖြစ်တာပါတဲ့။
မိဘတွေ အနေနဲ့ မိမိ သားသမီးတွေကို သူတော်ကောင်းဖြစ်စေချင်ရင် ၊ စာရိတ္တ ကောင်းစေချင်ရင်၊
ငယ်ငယ်ထဲက ဆုံးမသွန်သင်ရတယ် ဆိုတာလေးပြောချင်တာပါ ။
“စာရိတ္တသတ္တိ”
အထက်ဖော်ပြပါ သတ္တိ ၃ မျိုးထဲမှာ “စာရိတ္တ သတ္တိ”က အခက်ခဲ ဆုံးပါပဲ ။ မတရားလုပ်လို့ ရရဲ့သားနဲ့ မလုပ်ဘူးဆိုတာ စာရိတ္တသတ္တိပဲ ။ လာဘ်စားလို့ ရရဲ့သားနဲ့ လာဘ်မစားဘူး ဆိုတာ စာရိတ္တသတ္တိပဲ ။
မေတ္တာရှင် (ရွှေပြည်သာ)
ရတနာ ၀ါသကျောင်း ဆိုဒ်မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment