/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, February 23, 2014

***** လူမိုက်တို့သွားရာလမ်း *****

 
သီတဂူဆရာတော် အရှင်ဉာဏိဿရ ၏ လူမိုက်တို့သွားရာလမ်း တရားတော်အကြောင်းဆောင်းပါး
၁၃၆၉ခုနှစ် သီတင်းကျွတ်လဆန်း ၂ ရက် (၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် စနေနေ့) နေ့တွင် မြင်းခြံမြို့၌
သီတဂူဆရာတော် ရှင်ဉာဏိဿရ ဟောကြားတော်မူခဲ့သည့် ဗွီစီဒီ ၂ ချပ်တွဲကို ဖြန့်ချိခြင်း၊ ရောင်းခြင်း၊ ငှားရမ်းခြင်းမပြုလုပ်ရန် သက်ဆိုင်ရာအာဏာပိုင်ဟုဆိုအပ်သော သူတို့က တားမြစ်လိုက်၏ ။ သို့ရာတွင် ဘာကြောင့် ဤမျှကောင်းမွန်သော တရားတော်ကို တားမြစ်လိုက်သည်ကို ကျနော်မသိပါ၊ ကျနော်ဉာဏ်မမှီ၍ဟုပင် ကိုယ့်ကိုယ်ကို ဆင်ခြင်မိပါသည်။

သို့သော် တားမြစ်လိုက်သည် ထုတ်ဝေခွင့်မပြု ဖြန့်ချိခြင်းမလုပ်ရ ဟု တားမြစ်သော အရာအားလုံးကို ကျနော်တို့ မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာမှလူသားများကပါ ပိုမို၍စိတ်ဝင်စားကြ၏၊

လူ့သဘောသဘာဝပင်ဖြစ်ပေလိမ့်မည်။ 
မကြည့်နဲ့ဆိုသည်ကိုမှကြည့်ချင်ကြပေသကိုး၊ ထိုအခါ အရှင် ဉာဏိဿရ၏ တရားတော် VCD ၂ချပ်သည် တိုးတိုးတမျိုး တိတ်တိတ်တဖုံဖြင့် မြန်မာပြည်သူလူထု၏လက်ဝယ်သို့
ပုန်းလျှိုးကွယ်လျှိုးရောက်ကြလေကုန်သတည်း။

သူတော်ကောင်းတွေက ကောင်းမှုကိုလုပ်တယ် သူတော်ကောင်းတွေမှသာ ကောင်းမှုကိုလုပ်ဖို့လွယ်တယ်၊
လူမိုက်တွေကတော့ မကောင်းမှုကိုသာလုပ်တယ် လူမိုက်တွေဟာမကောင်းတဲ့အမှုကိုလုပ်ဖို့ လွယ်ကူတယ်၊
သူတော်ကောင်းတွေ လွယ်လွယ်နဲ့လုပ်တဲ့အလုပ်ကို လူမိုက်တွေက လိုက်လုပ်ဖို့ မလွယ်ဘူး၊
လူမိုက်တွေ လွယ်လွယ်နဲ့လုပ်တဲ့အလုပ်ကိုလဲ သူတော်ကောင်းတွေက လိုက်လုပ်ဖို့မလွယ်ဘူး။


သီတဂူဆရာတော်က ထိုနေ့မြင်းခြံမြို့အထူးတရားပွဲတွင် အထက်ပါ အချက်လေးချက်ကိုအဓိကထားကာ ယနေ့ မြန်မာနိုင်ငံတွင် အုပ်ချုပ်နေကြသော စစ်အာဏာရှင်တို့အား ပညာသားပါပါ သတိပေးသွားခဲ့သည်ကိုတွေ့ရသည်။

ပထမဦးစွာ ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားနှင့် သိဒ္ဓတ္ထမင်းသား၏ယောက်ဖတော်သူ ဒေ၀ဟတ္ထ ခေါ် ဒေ၀ဒတ်တို့
အကြောင်းတွင် ဒေ၀ဒတ်၏ ရာထူးအာဏာငန်းငန်းတက်လောဘကြီးမှု ထင်ပေါ်ကျော်စောလိုမှုတို့ကြောင့် မြတ်စွာဘုရားရှင်အားမည်သို့
ဆက်ဆံခဲ့ပုံ နှင့် ဘုရားရှင်ထံပါးမှ သံဃာတော်တို့အားဂိုဏ်းခွဲထုတ်ခဲ့ပုံ၊
ဆက်လက်၍ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား၏ယောက္ခမတော်သူ ကြင်ယာတော် ယသော်ဓရာ နှင့် ဒေ၀ဒတ်တို့၏ ဖခမည်းတော် ဒေ၀ဒဟပြည့်ရှင် ဘုရင်သုဗ္ဗဗုဒ္ဓါက ဘုရားရှင်နှင့်သံဃာတော်များအား ဒေ၀ဒဟမြို့တွင်း မ၀င်နိုင်အောင် အတားအဆီးများကာရံပြီး ပိတ်ပင်တားဆီးခဲ့ပုံ နောက်ဆုံးဒေ၀ဒတ်တို့သားအဖနှစ်ဦး တနေရာစီတွင်
မြေမြိုခံရပြီးအ၀ီစိငရဲသို့ကျရောက်ရပုံ တို့ကို ဟောကြားခဲ့ပြီး သူတော်ကောင်းတွေက ကောင်းမှုလုပ်စဉ် လူမိုက်များက မကောင်းမှုကိုလွယ်လွယ်ကျူးလွန်ခဲ့ကြကြောင်း – ဆုံးမသွားခဲ့ပါသည်။


ဤနေရာတွင် သီတဂူဆရာတော်ကြီးဟောကြားခဲ့သည့်အတိုင်း ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား၊ ဒေ၀ဟတ္ထ ခေါ် ဒေ၀ဒတ် နှင့် ဒေ၀ဒဟပြည့်ရှင် ဘုရင်သုဗ္ဗဗုဒ္ဓါ တို့ဘယ်လိုဖြစ်၍ ဘာတွေဖြစ်ကုန်ကြသည် ဆိုသည်ကို အနည်းငယ် အကျယ်ပြောမှ စာရှုသူတို့မျက်စေ့ထဲတွင်ကွက်ကွက်ကွင်းကွင်း မြင်သာနိုင်
မည်ဖြစ်ပါသည်။

ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားတောထွက်သည်ကစ၍ အထက်ကဆိုခဲ့သော ပြဿနာဖြစ်ရသည်ဟု ဆရာတော်ကြီးက ယခုလိုဟောကြားသွားခဲ့သည်ကို နာကြားခဲ့ရပါသည်။

ဘုရင်သုဗ္ဗဗုဒ္ဓါက သိဒ္ဓတ္ထမင်းသားတောထွက်ခြင်းသည် မိသားစုတာဝန်ကိုမယူလို၍ သားသမီးတာဝန်ကိုမယူလို၍ ဟု မှတ်ယူပြီးအမျက်တော်ရှနေချိန်တွင် ဒေ၀ဟတ္ထမင်းသားမှာ သိဒ္ဓတ္ထမင်းသား နောက်သို့လိုက်သွားပြီး ရဟန်းဘောင်သို့ဝင်ခဲ့သော်လည်း ရှင်သါရိပုတ္တရာ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်တို့ထက်နောက်ကျမှ ရဟန်းဝတ်ရသဖြင့် ပထမရှင်နှစ်ပါးအား ဂေါတမမြတ်စွာဘုရားက
လက်ဝဲရံ လက်ယာရံ ရာထူးပေးပြီးဖြစ်ပါသည်။ သို့သော် ဒေ၀ဟတ္ထ ခေါ် ဒေ၀ဒတ် ၏စိတ်တွင်မူ ပုဏ္ဏားမျိုးများသာဖြစ်သော ရှင်သါရိပုတ္တရာ နှင့် ရှင်မဟာမောဂ္ဂလန်ကိုယ်တော်တို့အား ဆွေမတော်မျိုးမတော်ပါဘဲနှင့် လူထုပိရိသတ်အလယ်တွင် အရှိန်အ၀ါကြီးထွားလာပြီဖြစ်သော ဂေါတမမြတ်စွာဘုရားရှင်၏ လက်ယာရံလက်ဝဲရံ ရာထူးကိုပေးထားသည် ငါသည် ဂေါတမ၏
ယောက်ဖအရင်းခေါက်ခေါက်ကြီးဖြစ်ပါလျှက်နှင့် ဤရာထူးကိုမရ ဂေါတမကိုတော့ဖြင့်ပြောမှတော်ချေမည်ဟုတွေးလျက် ပထမဦးစွာ ဂေါတမမြတ်စွာဘုရားရှင်အား ၄၅ နှစ်လုံးလုံး အိန္ဒိယနိုင်ငံအနှံ့ တရားဟောသည်များမှာ ပင်ပန်းလှပြီဖြစ်၍ အနားယူရန်၊ ပြီးလျှင်ထိုစဉ်က သံဃာထုကြီးတစ်ရပ်လုံးအား မိမိထံလွှဲပြောင်းပေးရန် အနုနည်းဖြင့် ချဉ်းကပ်တောင်းခံခဲ့သော်လည်း ဘုရားရှင်က
ဒေ၀ဒတ်အား ကိုယ်နဲ့မတန်တာမတောင်းလေနဲ့လို့ မိန့်တော်မူလိုက်တဲ့အတွက် အမျက်ဒေါသထွက်ပြီး သည်လို အနားယူခိုင်း၍မရလျှင် အကြမ်းဘက်လုပ်ကြံအံ့ဟု စိတ်မှာတွေးကာ မြတ်စွာဘုရားရှင်အား နာဠာဂီရိဆင်ကို သေရည်တိုက်၍နင်းသတ်ခိုင်းစေခြင်း၊

 ကျောက်တောင်ပေါ်မှ ကျောက်တုံးများတွန်းချခြင်း နှင့်
 တောင်ခြေတွင်လေးသမားတို့အားအသုံးပြုပြီး လေးမြှားတို့ဖြင့်
ပစ်သတ်ရန်ကြံစည်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ကြံမှု သုံးကြိမ်ကြံစည်ခဲ့သော်လည်း မအောင်မြင်ဘဲ ရှိခဲ့ပြန်ကြောင်း။


အနားယူခိုင်းသော်လည်းမရ အကြမ်းဖက်ရာမှာလည်းမအောင်မြင်ပြန်သောအခါ ဒေ၀ဒတ်သည် အနုနည်းသုံးလျှက် ဘုရားအမိန့်တစ်ရပ်အနေနှင့် အချက်ငါးချက် ဥပဒေထုတ်ပြန်ပေးပါရန် ဘုရားရှင်ထံတောင်းဆိုပြန်ရာ ဒေ၀ဒတ်တောင်းဆိုသည့် ထိုအချက်များမှာ -
သံဃာများအား ဒါယကာများမှလက်ရောက်ကပ်လှူသောဆွမ်းအစား အပြင်ထွက်ဆွမ်းခံစားကြရန်၊
လက်ရောက်လှူဒါန်းသော သင်္ကန်းကို မ၀တ်စေဘဲ ပံ့သကူသင်္ကန်းကိုသာဝတ်စေရန်၊
ဆောက်လုပ်လှူဒါန်းထားသောမြို့ရွာပေါ်မှကျောင်းတိုက်များတွင်

သီတင်းမသုံးဘဲ တောကျောင်းများမှာသာသီတင်းသုံးစေရန်၊
သင်္ကန်း ၃ထည်ထက်ပို၍ထားရှိခြင်းမပြုကြစေရန် နှင့်
သက်သတ်လွတ်ဆွမ်းဟင်းများကိုသာဘုဉ်းပေးကြစေရန် တို့ ဖြစ်ပါသည်။


မြတ်စွာဘုရားရှင်က ဒေ၀ဒတ်၏ စကားများသည် သာမန်ကြည့်လျှင် နားထောင်ကောင်းလှသော်လည်း သူ၏တကယ့်အကြံအစည်မှာ ပုဏ္ဏားမျိုးများသာဖြစ်သော ရှင်သါရိပုတ္တရာ နှင့် ရှင်မဟာမောဂ္ဂလန်ကိုယ်တော်တို့အား သူ၏လက်အောက်သို့သွတ်သွင်းနိုင်ရန်တစ်ကြိမ်၊ ငါဘုရားအား လုပ်ကြံမှု သုံးခါပြုခဲ့စဉ်ကတစ်ကြိမ် ယခုလည်း ငါ့အပါးမှသံဃာတော်များသွေးကွဲစေရန်
တစ်ကြိမ်ကြံစည်နေချေပြီဟု သိမြင်ရကား ဤသို့မိန့်တော်မူခဲ့၏။


ဤ အချက်ငါးချက်ကို ငါဘုရားအနေနှင့် ဥပဒေ အမိန့်တစ်ရပ်သဖွယ် မထုတ်ပြန်နိုင်၊ ကျင့်လိုသူကျင့်၍ မကျင့်လိုသူသည်အတိုင်းထားစေ ဟု မိန့်တော်မူခဲ့ရာ ဒေ၀ဒတ်က ကောင်းပြီ ဤကောင်းသောအကျင့် ငါးချက်အား ငါနှင့်အတူကျင့်ကြံလိုသောရဟန်းများ ငါ့နောက်လိုက်ခဲ့လော့ဟုကြွေးကြော်လျှက် ရှေ့မှထွက်ရာ သံဃာအပါး ၅၀၀ ဒေ၀ဒတ်နောက်သို့လိုက်ကြလေသတည်း။

ဒေ၀ဒတ်သည် ဤကဲ့သို့ သံဃာဂိုဏ်းကွဲအောင်၊ သံဃာအချင်းချင်းသွေးကွဲအောင် ပြုလုပ်ခြင်းအပြင် စာဖတ်ပိရိသတ်သိရှိပြီးဖြစ်သည့် မကောင်းမှုမျိုးစုံကို လွယ်လွယ်လုပ်ကိုင်ခဲ့လေရာ နောက်ဆုံးအရှင်လတ်လတ်မြေမြိုခံရပြီး အ၀ီစိငရဲသို့ ကျရောက်ရလေတော့သည်။

ဒေ၀ဒတ်၏ ဖခမည်းတော် ဘုရင်သုဗ္ဗဗုဒ္ဓါသည်လည်း မြတ်စွာဘုရားရှင် ကပိလ၀တ်ပြည်မှ ဒေ၀ဒဟပြည်သို့ နောက်လိုက်ရဟန်းသံဃာတော်
များနှင့် ကြွချီလာရာ ရှေးမဆွကပင် ဂေါတမမြတ်စွာဘုရားအပေါ် ကြည်ညိုသူမဟုတ်သည့်အလျှောက် မြို့ရိုးတံခါးလေးဘက်လေးတန်အားပိတ်ဆို့ကာရံစေ၍ မြတ်စွာ
ဘုရားရှင်နှင့်သံဃာများအား မြို့တွင်းအ၀င်မခံခြင်း၊
ကြည်ညိုသောမြို့သူမြို့သားများ၏အလှူအတန်းမှကင်းဝေးစေရန် သို့မဟုတ် သံဃာတော်များ၏လာဘ်လာဘကို ပိတ်ပင်ခြင်းစသည်တို့ အပြင် အခြားသောလွယ်လွယ်ပြုလုပ်မိသည့် မကောင်းမှုများကြောင့် ဘုရားရှင်ပင် မကယ်နိုင်တော့ဘဲ အရှင်လတ်လတ်မြေမြိုခံရကာ အ၀ီစိငရဲသို့သက်ဆင်းသွားရပြန်ပါတော့သည်။


သို့ရာတွင် တကယ့်ကာယကံရှင် ယသော်ဓရာဒေ၀ီမှာကား သိဒ္ဓတ္ထမင်းသား၏ သားတော် ကိုဖွားမြင်ပြီးသော်လည်း မြတ်စွာဘုရားရှင်အား မပစ်မှားခဲ့ဘဲ တော်ထွက်သည်မှကြားသမျှအတိုင်း ဆံပယ်လျှင် သူလည်းပယ်၊ ဘုရားသစ်ခေါက်ဆိုးသင်္ကန်းဝတ်ပြီဆိုလျှင်သူလည်းလိုက်ဝတ် နှင့် သူတော်ကောင်းတို့သာလွယ်လွယ်ပြုနိုင်သော ကောင်းမှုကုသိုလ်တို့
ကိုသာစွဲကိုင်ကျင့်ကြံအားထုတ်လုပ်ကိုင်သွားခဲ့ကြောင်း အရှင် ဉာဏိဿရ၏ လူမိုက်တို့သွားရာလမ်း တရားတော်ပထမပိုင်းကို ကျနော်ကြားနာခဲ့ရပါသည်။

သူတော်ကောင်းတွေက ကောင်းမှုကိုလုပ်တယ် သူတော်ကောင်းတွေမှသာ ကောင်းမှုကိုလုပ်ဖို့လွယ်တယ်၊
လူမိုက်တွေကတော့ မကောင်းမှုကိုသာလုပ်တယ် လူမိုက်တွေဟာမကောင်းတဲ့အမှုကိုလုပ်ဖို့ လွယ်ကူတယ်၊
သူတော်ကောင်းတွေ လွယ်လွယ်နဲ့လုပ်တဲ့အလုပ်ကို လူမိုက်တွေက လိုက်လုပ်ဖို့ မလွယ်ဘူး၊


လူမိုက်တွေ လွယ်လွယ်နဲ့လုပ်တဲ့အလုပ်ကိုလဲ သူတော်ကောင်းတွေက လိုက်လုပ်ဖို့မလွယ်ဘူး။


ဒုတိယပိုင်းတွင် သီတဂူဆရာတော်ကြီး ရှင်ဉာဏိဿရသည် လူမိုက်တို့သွားရာလမ်းအကြောင်းကိုမြတ်စွာဘုရားရှင်ဟောကြားတော်
မူခဲ့သော ဇတ်တော်အထောက်အထား၊ သမိုင်းအထောက်အထား၊ သမိုင်းဝင်ပထ၀ီရေမြေအထောက်အထားတို့ဖြင့် တရားနာပိရိသတ်ရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကွင်း
 မြင်အောင်ထောက်ပြဟောကြားသွားခဲ့ပါသည်။

ပထမဦးစွာ … လူမိုက်လက္ခဏာ လေးပါးကို ရှင်းပြတော်မူခဲ့ရာ – လူမိုက်ဆိုသူတွေသည်
 

(၁) နည်းမဟုတ်တာကို နည်းမှန်လမ်းမှန်အဟုတ်လုပ်၍ လုပ်တတ်သည်
 

(၂) ထိုထိုသော နည်းမှားလမ်းမှားများကို ကိုယ်တစ်ယောက်တည်းမလုပ်၊ သူများတွေကိုပါလုပ်ခိုင်းတတ်သည်
 

(၃) ထိုထိုသော နည်းမှားလမ်းမှားကိုပင် အမြတ်တနိုးတန်ဘိုးထားတတ်ကြသည်
 

(၄) သူတို့မှားနေသည်ကို မြင်တွေ့သိသူများက သူတို့လုပ်ရပ်များမှားနေကြောင်း အကျိုးသင့်အကြောင်းသင့်ပြောပြန်လျှင်လည်း စိတ်ဆိုးပြီးလက်မခံ ပြောသူကိုပင်ရန်ရှာတတ်ကြသည်
ဟုဟောကြားသွားခဲ့ပါသည်။
လူမိုက်များမှသာမဟုတ်ပဲသတ္တ၀ါတိုင်းတွင်လည်းအမှားများပြု
လုပ်တတ်ကြပုံကို ဤသို့ထပ်မံဖြည့်စွက်၍ -
ကံချွတ်ချော်ချိန်ရောက်လာတဲ့သတ္တ၀ါတွေဟာ နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဟု ယူဆပြီး လုပ်တတ်ကြသည်၊


 အဲသည်လိုလုပ်လာကြပြီဆိုရင် ပျက်စီးရာပျက်စီးကြောင်းဖြစ်ဖို့ဦးတည်လာပြီ၊ သူတို့ရဲ့ကြီးပွားတိုးတက်လာနိုင်တဲ့အခွင့်အလမ်းတွေလဲ ပိတ်ဆို့သွားပြီ ထို့ကြောင့် ဘုရားရှင်လက်ထက်မှာ အကေတိရသေ့က လူမိုက်တွေကိုမမြင်ပါရစေနဲ့၊ လူမိုက်တွေရဲ့စကားသံကိုမကြားပါရစေနဲ့၊ လူမိုက်တွေနဲ့အပေါင်းအသင်းမလုပ်ပါရစေနဲ့၊ အပေါင်းအသင်းမလွှမရှောင်သာလုပ်ဖြစ်ရင်လဲ သူတို့တွေနဲ့ဆွေးနွေးစကားပြောတာတွေမလုပ်ပါရစေနဲ့၊ လူမိုက်တွေကိုအားပေးထောက်ခံမှုတွေမလုပ်ပါရစေနဲ့ ဟု ဆုတောင်းခဲ့ကြောင်း ဟောပြသွားပြန်သည်ကို မိမိတသက်လုံးလိုက်နာမှတ်သားဘွယ်ရာအဖြစ် နာကြားခဲ့ရပါသည်။

အရှင်ဉာဏိဿရသည် အထက်ပါလူမိုက်တို့၏စရိုက်လက္ခဏာ၊ လုပ်ကိုင်တတ်ကြပုံနှင့်နည်းမှားလမ်းမှားကိုလိုက်နေရင်း
ပျက်စီးဆုံးရှုံးကြရပုံများကိုအနီးစပ်ဆုံးထောက်ထားကိုးကားပြသနိုင်မည့်
 မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ကိသ၀စ္ဆ ရသေ့ ဇတ်တော်ကိုဤသို့အကျဉ်းချုံးကာဆက်လက်ဟောကြားသွားခဲ့ပါသည်။

ကိသ၀စ္ဆဇတ်တော်
ဂေါတမ မြတ်စွာဘုရားပွင့်တော်မမူမီ အိန္ဒိယနိုင်ငံ တောင်ဖက်-အလယ်ပိုင်း (ယခုအခါ) မိုးခေါင်ရေရှားအရပ်ဒေသတွင် ဂေါဓ၀တီခေါ်ရေအိုင်ကြီးတည်ရှိလေ၏ ထိုရေအိုင်ကြီးမှ ရေမျာလျှံကာ ကန်ကြီး၏အရှေ့အရပ်ဆီသို့ မြစ်ကြီးတစ်ခုအသွင်စီးဆင်းနေပြန်ရာ ထိုမြစ်ကိုလည်း ဂေါဓ၀တီမြစ်ဟုခေါ်တွင်ပြီး ယနေ့ထက်တိုင် ဂေါဓ၀တီမြစ်ကို မြင်တွေ့နိုင်သေးသည် ဟု ဆရာတော်ကြီးမှ
ရှေးဟောင်းအိန္ဒိယနိုင်ငံ သမိုင်းပထ၀ီမြေပုံအထောက်အထားကိုကိုးကားလျှက် ကိသ၀စ္ဆဇတ်တော်၏တည်နေရာကို အစပျိုးသွားခဲ့ပါသည်။ 


သည်နေရာတွေင် ကျနော်တစ်ခုဖြည့်စွက်၍ပြောလိုပါသည်-
ဂေါတမမြတ်စွာဘုရားပွင့်တော်မူခဲ့သောနေရာ ဗုဒ္ဒဂယာမှစပြီး ဘုရားရှင်ဟောကြားတော်မူခဲ့သည့် ဇတ်တော်များသည် နေရာအတည်တကျရှိခဲ့ကြောင်း သမိုင်းဝင်အထောက်အထားများနှင့်တကွ ပြသနိုင်ပါသည်။ လိုရင်းကိုပြောရလျှင် အမှန်တကယ်ဤသို့ဖြစ်ပျက်ခဲ့ပါသည်ဟု ပြသနိုင်သည့် လုံလောက်သော သက်သေအထောက်အထားများရှိကြောင်းကိုတွေ့ရှိနိုင်ပါသည်။ 


အထက်ပါ ဂေါဓ၀တီမြစ်ကြီးဘေးတွင် မြို့များတည်ထား၍ အုပ်ချုပ်မင်းလုပ်နေကြသည့်အထဲတွင် ယခုဇတ်တော်နှင့်သက်ဆိုင်သည့်မြို့မှာ ကုမ္ပ၀တီမြို့ သို့မဟုတ် ကုမ္ပ၀တီတိုင်းပြည်ဟုခေါ်တွင်ပြီး ဒန်တကေဘုရင်ကြီးက အုပ်ချုပ်မင်းလုပ်လျှက်ရှိသော်လည်း တရားဓမ္မမရှိသော မြို့ဖြစ်ကြောင်းဇတ်တော်စာများအရသိရပါသည်၊ ပါဠိလိုပြောရလျှင် ထိုမြို့နှင့်ပတ်သက်သည့် အထောက်အထားစာတွင် ဓမ္မေန လည်းမတွေ့ အဓမ္မေနလည်း မတွေ့ကြောင်း၊ ထို့ကြောင့် ထိုဒန်တကေဘုရင်ကြီးအုပ်ချုပ်နေသည့် ကုမ္ပ၀တီမြို့တွင် တရားဓမ္မမရှိဘဲအုပ်ချုပ်နေတာဖြစ်သည် ဟု သီတဂူဆရာတော်ကြီးမှ ဟောကြားသွားခဲ့ပါသည်။

အဆိုပါ ဂေါဓ၀တီရေအိုင်ကြီးနှင့် ဂေါဓ၀တီမြစ်ကြီးဘေးတွင် မြို့များတည်ထားလျှက် ဘုရင်အသီးသီးက အုပ်ချုပ်မင်းလုပ်နေကြသကဲ့သို့ သရဘဂ္ဂင်္ရသေ့ကြီးဦးဆောင်သော ရသေ့ကြီး၇ယောက်တို့သည်လည်း တပည့်တပန်းများနှင့်အတူသီတင်းသုံးနေထိုင်လျှက်ရှိကြပါသည်၊ ထိုရသေ့ကြီးများသည် ရူပဈာန်(၄)ပါး၊ အရူပဈာန်(၄)ပါး၊ လောကီအဘိဏ်ဉာဉ်(၅)ပါးတို့ရရှိပြီး
သမထကိုအဆုံးစွန်ထိပေါက်ရောက်အောင်မြင်ပြီးကြသည့်

ရသေ့ကြီးများဖြစ်ကြပါသည်။ 

ထိုရသေ့ကြီးများသည် ဇဍိလရသေ့ခေါ်ဆံကျစ်ရှိသည့်ရသေ့များဖြစ်ရကား သစ်ခေါက်ဆိုးအ၀တ်ဝတ်၍ရသေ့အဖြစ်ရောက်သည့်အချိန်မှစကာ မုတ်ဆိတ်ကျင်စွယ်နှင့်ဆံပင်ဖြတ်ခြင်းမရှိတော့ပဲ
နှစ်ပေါင်းလေးငါးခြောက်ဆယ်တိုင်အောင်ရှည်လျှားထူထပ်လာသည့်

ဆံပင်များကိုကျစ်၍ ဦးခေါင်းထက်တွင်ရစ်ပတ်ခွေဖွဲ့တင်ထားလျှက်နေကြလေရာ
 ပြင်ပအသွင်အားဖြင့် အရုပ်ဆိုးကြသော်လည်း အတွင်းနှလုံးဖြူစင်ပြီး ဈာန်သမာပတ်အဆုံးတိုင်ရရှိသူ သူတော်စင်များဖြစ်ကြပါသည်။

သရဘဂ္ဂင်္ရသေ့ကြီး၏ နောက်လိုက်ရသေ့များတွင် ပျမ်းမျှတပည့်တပန်း ၅၀၀၀ မှ ၁၀၀၀၀ စီအထိရှိကြရာ စုစုပေါင်း ရသေ့နှင့်တပည့်တပန်းများ ရှစ်သောင်းမှတသိန်းနီးပါး ရေအိုင်ကြီးအနီးစုဖွဲ့နေ၍မသင့်တော်ကြောင်း သရဘဂ္ဂင်္ ခေါင်းဆောင်ရသေ့ကြီးမှဆင်ခြင်မသည့်အတွက် တပည့်ရသေ့ ၇ ယောက်တို့ကို မိမိတပည့်များကိုခေါ်လျှက် တနေရာစီခွဲနေကြရန်အမိန့်ရှိသဖြင့် ရသေ့အပေါင်းလည်း ဂေါဓ၀တီရေအိုင်ကြီးမှ စီးဆင်းနေသော ဂေါဓ၀တီမြစ်ကြောင်းတလျှောက် ကိုယ့်အဖွဲ့နှင့်ကိုယ် နေရာရှာဖွေနေထိုင်ကြလေသည်။


ထိုသို့ ရသေ့များကိုယ့်အဖွဲ့နှင့်ကိုယ်ခွဲ၍နေကြရာတွင် နောက်လိုက် ရသေ့ ၇ ယောက်အနက် ကိသ၀စ္ဆရသေ့သည် ကုမ္ပ၀တီမြို့သို့ရောက်ရှိသွားပြီး ဒန်တကေဘုရင် မင်းဥယျာဉ်အတွင်း တပည့် ၆၀၀၀ ကျော်နှင့်သီတင်းသုံးနေလေ၏။ 

ဤအချိန်တွင် ယခင်က ဓမ္မေန ခေါ်တရားဓမ္မမရှိသော ကုမ္ပ၀တီမြို့လေးသည် တရားဓမ္မနှင့်ပြည့်စုံသောမြို့အဖြစ်ရောက်လာကာ
သူတော်ကောင်းတို့၏အငွေ့အသက်များဖုံးလွှမ်းလာလေတော့သည်။


ဤနေရာတွင် စာဖတ်သူတို့အား ဒန်တကေဘုရင် အုပ်ချုပ်လျှက်ရှိသည့် ကုမ္ပ၀တီမြို့တွင်ထားရှိသည့် မြို့ကျက်သရေဆောင် နဂရသောဘီနိ အကြောင်းအနည်းငယ်ပြောလိုပါသည်။ 

ထိုခေတ်အခါကရှိခဲ့သောယဉ်ကျေးမှုတစ်ခုဖြစ်ဟန်တူသည့်
ဘုံခုနှစ်ဆင့်ပြဿဒ်တွင်အချွေအရံများဖြင့်တင်ထားကာ အုပ်ချုပ်သူဘုရင် ဒန်တကေအပါအ၀င် မင်းညီမင်းသားမူးမတ်ဝန်ကြီးများသာမက
အနီးအနားမြို့များမှ အုပ်ချုပ်မင်းလုပ်သူများပင်လာရောက်ပျော်ပါးရသော ကုမ္ပ၀တီမြို့၏ကျက်သရေဆောင်ပြည့်တန်ဆာမ သည် ရုပ်ရည်ချောမောလွန်းပြီးအထက်ကဆိုခဲ့သည့်အတိုင်း လာရောက်ပျော်ပါးသူ ဧည့်သည်များလွန်းလှသဖြင့်အထူးဝင်ငွေကောင်းလှရာ အုပ်ချုပ်သူဘုရင်ဒန်တကေ ထက်ပို၍၀င်ငွေကောင်းလှသည်ဆို၏ ။


 ဘုရင်ဒန်တကေ မှာပြည့်တန်ဆာလောက်ပင်ဝင်ငွေမကောင်းသဖြင့် ပြည့်တန်မအား ဘုံခုနှစ်ဆင့်မှဆင်းခိုင်းပြီး ရာထူးမှချလိုက်လေသည်။ ကျော်ကြားလာပြီးဝင်ငွေကောင်းလာလျှင် ထိုခေတ်ကဘုရင်များလည်းမကြိုက်ကြပေ၊ သူတို့ထက်သာသူများကို မနာလိုလျှင် အတူပျော်ပါးခဲ့သည့်ပြည့်တန်ဆာလည်းမရ၊ အဖြုတ်ခံရ၏။

ထိုအခါပြည့်တန်ဆာမသည် ရာထူးမှချခံရသည့်အတွက် စိတ်ပျက်စွာဖြင့် ခြေဦးတည့်ရာလမ်းလျှောက်လာရင်း မင်းဥယျာဉ်အတွင်းရောက်ရှိလာပြီး ကိသ၀စ္ဆရသေ့ကိုတွေ့ရာ ဆံကျစ်ထူလပျစ်နှင့် အရုပ်ဆိုးသောကိသ၀စ္ဆရသေ့အား အတွင်းသရုပ်ကိုထွင်းဖေါက်သိမြင်နိုင်ခြင်းငှာမစွမ်းသာသောကြောင့် သူတော်ကောင်းတန်ခိုးရှင်တစ်ဦးကဲ့သို့မြင်ရမည့်အစား အမင်္ဂလာရုပ်၊ ကျက်သရေမဲ့သောရုပ်၊ အနိဌာရုံ အဖြစ်မြင်တွေ့ကာ ကလ္လကန္ဒ(သူယုတ်မာ) ဟု သမုတ်လေတော့သည်။ 

ထို့ပြင် မျက်နှာသစ်ရေ၊ သွားပုပ်ရေတို့ဖြင့် ကိသ၀စ္ဆရသေ့၏ မျက်နှာပေါ်သို့ပက်ခြင်း၊ ထွေးခြင်း အပြင် သွားတိုက်တံကိုလည်းဆံကျစ်အပေါ်သို့ပစ်ပေါက်စွန့်ပစ်ခြင်းစသည့် သူတော်ကောင်းတို့လွယ်လွယ်မပြုနိုင်သောအမှုကိုပြုလေတော့
သတည်း။ပြည့်တန်ဆာမသည် ၇ ရက်တိုင်တိုင်ထိုသို့သော ယုတ်ညံ့သည့်အလုပ်ကို နေ့စဉ်လုပ်ပြီးသကာလ ဘုရင်ဒန်တကေက ပြည့်တန်ဆာမကို သတိရတော်မူသဖြင့်မေးမြန်းပြီး ယခင်ရာထူးပြန်ပေးစေကာ ဘုံခုနှစ်ဆင့်သို့ ပြန်တင်ထားစေ၏။ ထိုအချိန်မှာပင် ဘုရင်ဒန်တကေ၏ ၀န်ကြီးတပါး အလုပ်မှထုတ်ပယ်ခံရပြန်သော် ပြည့်တန်ဆာမအား ရာထူးမှအချခံရပြီးကာမှ ရာထူးပြန်ရအောင်မည်သို့ဆောင်ရွက်ခဲ့သည်ကို သွားရောက်မေးမြန်းရာ ပြည့်တန်ဆာမက ဘာမှအထွေအထူးလုပ်စရာမလိုပါ မင်းဥယျာဉ်ရှိရာသို့သွား၍ ရုပ်ဆိုးဆိုး၊ ဆံကျစ်ဗလပွနှင့် သူယုတ်မာကို ၇ရက်တိုင်တိုင် တံတွေးဖြင့်ထွေး၊ မျက်နှာသစ်ရေဖြင့်ပက် စသည့်အလုပ်တို့ကိုလုပ်ခိုင်းလိုက်ရာ ပြည့်တန်ဆာမလောက်မှ စဉ်းစားဉာဏ်မရှိသောဝန်ကြီးဆိုသူကလည်း သူတော်စင် ကိသ၀စ္ဆရသေ့အားထိုအတိုင်းသွားရောက်၍ မကောင်းမှုကိုလွယ်ကူစွားကျူးလွန်ပြန်ချေသည်။ တိုက်ဆိုင်စွာဖြင့်ပင် ၇ ရက်ပြည့်မြောက်သောနေ့တွင် ဘုရင်က ၀န်ကြီးအားအလုပ်ပြန်ခန့်လိုက်ပြန်ရာ မင်းဥယျာဉ်သို့သွားရောက်ပြီး ကိသ၀စ္ဆရသေ့အား မကောင်းမှုပြုကျင့်ခြင်းသည် ယတြာတစ်ခုကဲ့သို့ ဖြစ်လာချေတော့သည်။

သို့နှင့် ကုမ္ပ၀တီမြို့ဘုရင်အား ပုန်ကန်သူတို့က တိုက်ခိုက်မည့်အရေးဖြစ်လာပြန်ရာ ဘုရင်ကိုယ်တိုင်စစ်ထွက်တိုက်ခိုက်ရမည့်အခြေအနေသို့
ဆိုက်ရောက်ခဲ့ပြီး စစ်မထွက်မီစစ်အောင်ရေးအတွက် ဆုတောင်းယတြာပြုလုပ်ရန်မူးကြီးမတ်ရာတို့အားအကြံ
ဉာဏ်တောင်းခံရာ ပြည့်တန်ဆာမက သူရာထူးပြန်အောင်လုပ်ဆောင်ခဲ့ပုံ၊ ပြည့်တန်ဆာမပြောသည့်
အတိုင်းလိုက်လုပ်သည့်ဝန်ကြီးရာထူးပြန်ရပုံတို့ကို ၀ိုင်းဝန်းလျှောက်ထားသည့်အတိုင်း ဘုရင်ကလည်းထိုအတိုင်းလိုက်လုပ်ရန်ကို စဉ်းစားဉာဏ်ကင်းမဲ့စွာဖြင့်
သဘောတူလက်ခံရကား မင်းဥယျာဉ်ရှိရာသို့ မူးမတ်ဗိုလ်ပါအပြည့်အစုံခြံရံလျှက်ရောက်ရှိပြီးနောက် ကိသ၀စ္ဆရသေ့အား ပြည့်တန်ဆာမနှင့် ရာထူးပြုတ်ဝန်ကြီးတို့ပြုမူသည့်အတိုင်း မိုက်မဲစွာပြုမူလေတော့သတည်း။ 


အုပ်ချုပ်သူဘုရင်ကိုယ်တိုင်ဦးဆောင်ကာ နည်းမှားလမ်းမှားကို နည်းမှန်လမ်းမှန်အမှတ်ဖြင့်ဆောင်ရွက်လေရာ နောက်လိုက်နောက်
ပါအချွေအရံတို့ကလည်း
နည်းမှားလမ်းမှားကိုဝိုင်းဝန်းလုပ်ကြလေတော့သည်။ သို့သော်တိုက်ဆိုင်စွာဖြင့်ဘုရင်သည်စစ်ပွဲကိုလည်းအောင်နိုင်

လိုက်ပြန်ရာ မြို့သူမြို့သားတို့ နှင့်အတူ ၀မ်းသာမဆုံးအောင်ပွဲခံ၍မဆုံးဖြစ်နေကြလေတော့သည်။


ထိုအချိန်တွင် ရသေ့တို့၏ခေါင်းဆောင်ကြီးဖြစ်သူ သရဘဂ္ဂင်္ရသေ့ကြီးက ငါ့တပည့် ကိသ၀စ္ဆရသေ့ကို ဘုရင်နှင့်မူးမတ်ဗိုလ်ပါအပေါင်းက စော်ကားနေကြသည့်အပြင်
 ပြည်သူလူထုကပါနောက်မှ အားပေးနေကြသည်ကို သိရှိရသည့်အခါ တပည့်ရသေ့တို့အား ကိသ၀စ္ဆရသေ့အား ကုမ္ပ၀တီမြို့မှ သွားရောက်ခေါ်ယူလာကြရန်မှာကြားသဖြင့် သရဘဂ္ဂရသေ့၏တပည့်များက ကုမ္ပ၀တီမြို့တွင်လူအများတံတွေးခွက်၌ပက်လက်မျောနေရှာသော ကိသ၀စ္ဆရသေ့အားထမ်းစင်ဖြင့်သွားရောက်ပင့်ဆောင်ကာ ကိသ၀စ္ဆရသေ့၏ နောက်လိုက်တပည့်အပေါင်းကိုလည်း ကုမ္ပ၀တီမြို့မှအတူထွက်ခွာစေ၏။

သူတော်ကောင်းရသေ့ကိုပစ်
မှားနေသည့်ဘုရင်ဒန်တကေ၊ နောက်မှလိုက်ပါအားပေးနေကြ
သည့်မူးမတ်ဗိုလ်ပါများနှင့်ပြည်သူလူထုအပေါ် စိတ်ဆိုးနေကြသော ကုမ္ပ၀တီမြို့ကိုစောင့်သော အာကာတစိုး၊ ဘုမ္မစိုး ရုက္ခစိုးအစရှိသော နတ်အပေါင်းတို့သည် အမျက်ရှသော်လည်းသူတော်ကောင်းတို့
အရှိန်အ၀ါရှိနေသေးသောကြောင့် ကုမ္ပ၀တီမြို့အပေါ်အရေးယူအပစ်ပေးမှုများမလုပ်သာဘဲရှိနေခိုက်
ကိသ၀စ္ဆရသေ့နှင့်နောက်ပါသူတော်ကောင်းများမြို့မှထွက်ခွာသည်နှင့် သူတော်ကောင်းအငွေ့အသက်ကင်းစင်သွားသော မြို့ပေါ်သို့ အပစ်ပေးရန် မိုးကြီး(၁၀)မိုးရွာချခြင်းဖြင့် စတင်လေတော့သည်။မကောင်းမှုကိုလုပ်ဆောင်ကြသော

လူမိုက်များသည် ကောင်းကျိုးပေးနေခြင်းများရပ်ဆိုင်းပြီး မကောင်းကျိုးများပေးလာသည်နှင့် ကြီးပွားမည့်အခွင့်အလမ်းများပိတ်ပင်သွားကာ ပျက်စီးခြင်းသို့ဦးတည်လာလေတော့သည်။

သူတော်စင်များ၏အငွေ့အသက်ကင်းစင်သွားသော ကုမ္ပ၀တီမြို့ပေါ်သို့ နတ်များက မိုးကြီး(၁၀)မိုးရွာသွန်းခြင်း
ပထမဦးစွာ ရေများများပါသောမိုးကြီးရွာ၏၊ ဘုရင်နှင့်မြို့သူမြို့သားအပေါင်းက မိုးရေထဲတွင်ပျော်ရွှင်စွာဖြင့် ငါတို့အောင်ပွဲ၊ ငါတို့လုပ်သည့်အလုပ်ကမှန်၍ ရွာသောမိုးဟုကြွေးကြော်ကြ၏။

 ဒုတိယ နတ်များက သဲဖြူမိုးရွာသွန်းပြန်ရာ မိုးရေများရွှဲစိုနေသောနေရာ၊ ချိုင့်ခွက်များအားသဲဖြူခင်းပေးလိုက်သကဲ့သို့ဖြစ်ရကား ဘုရင်နှင့်မြို့သားများကအထက်ပါအတိုင်းပင် ငါတို့အောင်ပွဲ၊ ငါတို့လုပ်သည့်အလုပ်ကမှန်၍ ရွာသောမိုးဟုအထင်ရှိကာ ပျော်နေကြပြန်၏။ 

တတိယ အခါတွင်နတ်များက ပန်းမိုးကိုရွာချလိုက်ပြန်ရာ သဲဖြူခင်းထားသောမြေပေါ်တွင် ပန်းပွင့်ပန်းဖတ်တို့ဖြင့်လှပနေလေရာ ဘုရင်နှင့်မြို့သားများကအထက်ပါအတိုင်းပင် ငါတို့အောင်ပွဲ၊ ငါတို့လုပ်သည့်အလုပ်ကမှန်၍ ရွာသောမိုးဟုအထင်ရှိကာ ပျော်နေကြပြန်၏။ 

စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ်များတွင် နတ်များက ငွေအသပြာအသေးမိုးနှင့် ငွေအသပြာအကြီးမိုးကို
 ရွာချလိုက်ပြန်၏ သည်တခါတွင်မြို့သူမြို့သားများက မိုးပေါ်ကကျလာသောအသပြာအကြီးအသေးတို့ကိုကောက်
ယူကြကုန်၏။ 

ဆဋ္ဌမအကြိမ်တွင် ရွှေငွေလက်ဝတ်ရတနာနှင့်ကျောက်သံပတ္တမြား
တို့ပါသောမိုးကိုရွာချရာ အိမ်တွင်းအောင်းနေကြသူများပါမကျန် အလုအယက်ထွက်လာကြပြီး ရွှေငွေလက်ဝတ်ရတနာနှင့်ကျောက်
သံပတ္တမြားတို့ကို လောဘတကြီးလုယက်ကောက်ယူကြတော့၏။ 

 လူအများအားလုံးအိမ်တွင်းမှအိမ်ပြင်ထွက်လာစေရန်တဆင့်ပြီး
တဆင့်နတ်များကရွာချပေးလိုက်သော ဆဋ္ဌမမြောက်မိုးအပြီးတွင် သတ္တမမြောက်မိုးအဖြစ် နတ်များစိတ်ဆိုးဆိုးဖြင့်ပစ်လွှတ်လိုက်သောလက်နက်မိုးကြီးရွာလိုက်ရာ အိမ်ပြင်ရောက်နေကြသူအားလုံး အပိုင်းပိုင်းပြတ်ကာ သေကြေပျက်စီးကြတော့၏။ 

 ဆက်လက်၍ အဋ္ဌမမြောက်မိုးအဖြစ် ကျောက်တုံးကြီးများပါဝင်သော
 ကျောက်ခဲမိုးကိုရွာချလိုက်ပြန်ရာ မသေမရှင်ဖြစ်သူများအားလုံး သေဆုံးကုန်၏။ န၀မမြောက်မိုးအဖြစ် မီးကျည်းခဲမိုးကိုရွာချလိုက်ပြန်ရာ ကုမ္ပ၀တီတမြို့လုံးမီးဟုန်းဟုန်းတောက်လောင်ကာ မြို့ကြီးပျက်စီး၏။

 နောက်ဆုံးဒဿမမြောက်မိုးအဖြစ် သဲမိုးကြီးရွာချလိုက်သည်တွင် ကုမ္ပ၀တီမြို့သည် သဲကန္တာရကြီးအောက်တွင်နစ်မြုပ်၍ ယနေ့တိုင်လုံးဝပျောက်ကွယ်သွားလေတော့သည်။
ဇတ်ပေါင်းသောအခါ ကိသ၀စ္ဆရသေ့သည် ဂေါဓ၀တီမြစ်ကမ်းဘေးတွင်နတ်ရွာစံကာ
 ဗြဟ္မာ့ပြည်သို့ဦးစွာရောက်ပြီး နောက်အခါ မြတ်စွာဘုရား
လက်ထက်တော်၌ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ဖြစ်လာ၏။ ရသေ့တို့၏ခေါင်းဆောင် သရဘဂ္ဂင်္ရသေ့သည်နောင်အခါ ဂေါတမမြတ်စွာဘုရားဖြစ်လာ၏။ 

ဒန်တကေဘုရင်ကားနတ်ရွာသို့မလားနိုင်ရှာဘဲ အ၀ီစိငရဲသို့ကျဆင်းရလေသည်။
လူမိုက်လက္ခဏာလေးပါးတွင် လူမိုက်ဆိုသူတွေသည်
 

(၁) နည်းမဟုတ်တာကို နည်းမှန်လမ်းမှန်အဟုတ်လုပ်၍ လုပ်တတ်သည်
 

(၂) ထိုထိုသော နည်းမှားလမ်းမှားများကို ကိုယ်တစ်ယောက်တည်းမလုပ်၊ သူများတွေကိုပါလုပ်ခိုင်းတတ်သည်
 

(၃) ထိုထိုသော နည်းမှားလမ်းမှားကိုပင် အမြတ်တနိုးတန်ဘိုးထားတတ်ကြသည်
 

(၄) သူတို့မှားနေသည်ကို မြင်တွေ့သိသူများက သူတို့လုပ်ရပ်များမှားနေကြောင်း အကျိုးသင့်အကြောင်းသင့်ပြောပြန်လျှင်လည်း စိတ်ဆိုးပြီးလက်မခံ ပြောသူကိုပင်ရန်ရှာတတ်ကြသည်
ဟုဟောကြားသွားခဲ့ရာ

လမ်းမှားလမ်းလွဲကိုလိုက်မိနေကြကုန်သောသူတွေသည် သတိပေးပြောကြားမှုများရှိလာလျှင် စိတ်မဆိုးပဲအမှန်ကိုလက်ခံသိမြင်၍ မိမိကိုယ်မိမိပြင်ဆင်ကျင့်ကြံကြစေရန် ဤ ကိသ၀စ္ဆဇတ်တော်က သင်္ခန်းစာပေးကြောင်း ဟောကြားသွားခဲ့ပါသည်။

ပြီးပါပြီ ။
ရွှင်လန်းချမ်းမြေ့စွာဖြင့် လူမိုက်များကိုရှောင်ရှားလျှက် နည်းမှန်လမ်းမှန်ကိုလျှောက်လှမ်းနိုင်သော သူတော်ကောင်းများအဖြစ် ဘ၀ကြီးပွားရာကြီးပွားကြောင်းကိုရှာကြံတက်လှမ်းနိုင်ကြပါစေရန်

လေးနက်စွာဆုတောင်းမေတ္တာပို့သအပ်ပါသည်။

http://maricopa2007.wordpress.com


No comments:

Post a Comment