
သံဃာတော်များကို မဝေဖန်ခိုင်းပါနဲ့"
****************************
တစ်နေ့က ဒကာကြီးတစ်ယောက်က ဘောလုံးကန်သည့် ကိုရင်ငယ် ဦးဇင်းငယ်များကို တာလီဘန်ထက် ပိုကြောက်တယ်တဲ့။ အရှင်ဘုရား အရေးယူပေးပါတဲ့။
မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်ပေါင်း သုံးသိန်းကျော်လောက်ရှိမည်ဖြစ်ပါတယ်။ အဲဒီထဲမှာ ဘောလုံးကန်တဲ့ ကိုရင်ငယ်၊ ဦးဇင်းငယ်လေးတွေ ဘယ်နှစ်ရှိမလဲ၊ ၁၀၀ရှိမလား၊ ၁၀၀၀ရှိမလား၊ မိမိ၏ သားငယ် သမီးငယ်လေးများနှင့်ကိုယ်ချင်းစာကြည့်ပေးပါ။
သူတို့လေးတွေဟာ ဘောလုံးကန်တယ်ပဲထားဦး၊ တစ်ဖက်ကလဲ ပရိယတ္တိသာသနာအတွက် အလုပ်လုပ်နေတာပဲ။ မိမိသားငယ် သမီးငယ်အရွယ်လေးများ အဲဒီကိုရင်ငယ် ဦးဇင်းငယ်အရွယ်မှာ ပရိယတ္တိသာသနာအလုပ်ကို လုပ်နိုင်သလား၊ လုပ်နေသလား၊စဉ်းစားပါ။
ကိုရင်ငယ် ဦးဇင်းငယ်အရွယ် မိမိသားသမီးများ ပျော်လို့ကောင်းတုန်း၊ သွားလို့ကောင်းတုန်း၊ ဆိုးလို့ကောင်းတုန်း၊ ပိုက်ဆံဖြုန်းကောင်းတုန်း၊ အပျော်အပါးလိုက်စားလို့ကောင်းတုန်းပဲ မဟုတ်လား၊
အပြစ်ကြည့်တတ်တဲ့သူဟာ သူတစ်ပါးရဲ့ အပြစ်ကိုပဲ မြင်မှာပဲ၊ ဂုဏ်ကိုကြည့်တတ်တဲ့သူဟာ သူတစ်ပါး၏ ဂုဏ်ကိုပဲမြင်မှာပါ။ အကောင်းဘက်ကကြည့်ရင် ဂုဏ်ကိုမြင်တတ်သလို၊ အဆိုးဘက်ကကြည့်ရင် အပြစ်မြင်မှာပါ။ ကိုယ်မကြည်ညိုရင် နေပါ။ ဦးဇင်းကို မဝေဖန်ခိုင်းပါနဲ့၊ ဝေဖန်စရာမလိုပါ။ သံဃာကို ကြည်ညိုပြီးသားဖြစ်နေလို့၊ သံဃာတော်များကို အမြဲဦးထိပ်ထားနေလို့ ဘယ်တော့မှ ဝေဖန်မှာမဟုတ်ပါ။
သံဃာမှာ ဒုဿီလမရှိပါဘူး။ ဒါကြောင့် သံဃာဂုဏ်ကို ရည်စူးပြီး ကြည်ညိုခိုင်းခြင်း၊ လှူဒါန်းခိုင်းခြင်း ဖြစ်နေတာပါ။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီး
တဲ့နောက်မှာ ကျန်ခဲ့တဲ့ သာသနာကို သံဃာတွေက ဦးဆောင်ပြီး ထိန်းနေတာပါ။ တာဝန်တွေ အရမ်းကြီးမားပါတယ်။
ဒီလိုတာဝန်တွေလည်း ဆောင်ရွတ်နေရသေး၊ ဟိုကဝေဖန်ဒီကဝေဖန်တာလဲ ခံရသေးဆိုတာ သိပ်တော့ အဆင်မပြေလှပါဘူး။ ကိုယ့်ဘာကိုယ်ဝေဖန်ချင်ရင် ကိုယ်တိုင် ဝေဖန်၊ ဦးဇင်းကို လာမဝေဖန်ခိုင်းပါနဲ့၊ သံဃာနဲ့ပတ်သတ်လာရင် ဦးဇင်းအမြဲတန်း အကောင်းမြင်ပါတယ်။ အမြဲတန်း လက်အုပ်မိုးပြီး ရှိခိုးနေပါတယ်။ ဘယ်သောအခါမှ ဘယ်တော့မှ သံဃာအပေါ် မပြစ်မှားပါ။
ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ ဂုဏ်အရည်အချင်းထဲမှာ သံဃာအပေါ်မှာ အကြွင်းမဲ့ ယုံကြည်တဲ့အချက်ပါတယ်။ တကယ်လို့ သံဃာကို မယုံကြည်ဘူးဆိုရင်၊ ကိုယ်ဘာဆိုတာ ကိုယ့်ဘာကိုယ်ဆုံးဖြတ်ပါ။
ဓမ္မမိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)ဖေ့ဘုတ်မှ ကူးယူမျှဝေသည်။
No comments:
Post a Comment