
တောင့်တခြင်း နှင့် ကြောင့်ကြခြင်း လူသည်ဘဝကိုလောဘဖြင့်စတင်ခဲ့သည်။
ဘဝနိကန္တိကလောဘ - ဟုပါဠိတော်၌ပြဆို၏ ။
ဘဝကိုမြတ်နိုးတတ်သောတဏှာ ဟုအဓိပ္ပါယ်ရ၏ ။
ထို့ ကြောင့် လူသည် မိမိ၏ဘဝကိုပျက်သုဉ်းမသွားစေရန် ကိုယ်လိုချင်သော အရာရာတိုင်းကို ရရှိပိုင်ဆိုင်ရန် လောဘဖြင့်အားထုတ်၏ ။
အတ္တ ဓမ္မတာ - ဟုခေါ်၏ ။
၎င်းမှာ လူတော်လူကောင်းများလိုက်နာကျင့်သုံးရသော ဓမ္မတာမျိုးမဟုတ်ပါချေ ။
လောဘရှိနေသရွေ့ သောကရှိနေပေမည် ။
သောကကို ရင်ဝယ်ပိုက်ထားရလေသမျှ မိမိဘဝအတွက် တောင့်တခြင်း( ၄ ) မျိုးကိုတောင့်တမြဲဖြစ်ရတော့၏ ။
ပထမတောင့်တချက်မှာ အိမ်ရာတည်ထောင်လိုခြင်းဖြစ်ပါ၏ ။
ယင်းကို ကာမ - ဟုခေါ်၏ ။
လူသည် ကာမအရ အထီးကျန်မနေလိုဘဲ ကိုယ့်ကိုခင်တွယ်သည့် အသိုင်းအဝိုင်းနှင့်နေလိုကြ၏ ။
အတူတကွပေါင်းသင်းနေထိုင်နိုင်ရန်အားထုတ်ကြရပါ၏ ။
ထိုအခါ မလုပ်သင့်သည်ကိုလုပ်ဆောင်မိတတ်
ကြ၏ ။
ဒုတိယတောင့်တချက်မှာ စီးပွားဥစ္စာပြည့်စုံလိုခြင်းဖြစ်၏ ။
ယင်းကို အတ္တ - ဟုခေါ်၏ ။
လူသည် အတ္တအရ ချို့ချို့ငဲ့ငဲ့မနေလိုဘဲ မိမိရဲ့ဘဝအတွက် စီးပွားဥစ္စာဖြင့်ပြည့်စုံလိုကြ၏ ။
မည်မျှပင်ပြည့်စုံစေကာမူ ဘဝအတွက်ပြည့်စုံသွားပြီဟူ၍ ကျေနပ်ရောင့်ရဲခြင်းမရှိဘဲ ပို၍ပို၍ပြည့်စုံစေရန် ဆက်၍ဆက်ကာအားထုတ်ကြရပါ၏ ။
တတိယတောင့်တချက်မှာ
ဓမ္မနှင့်အညီနေထိုင်ကျင့်သုံးလိုခြင်းဖြစ်၏။
လူသည် ကာမအရ အိမ်ရာတည်ထောင်ရုံနှင့်မပြီး အတ္တအရ စီးပွားဥစ္စာ ရှာဖွေရုံနှင့် မတင်းတိမ် ။
ဓမ္မနှင့်အညီ နေနိုင်ရန်လည်းလိုအပ်သေး၏ ။
အိမ်ရာတည်ထောင်ရာ၌ဖြစ်စေ စီးပွားဥစ္စာရှာဖွေရာ၌ဖြစ်စေ အဓမ္မနည်းကို သုံးချင်သုံးမိမည်ဖြစ်သော်လည်း မူရင်းဗီဇစိတ်ဓာတ်အရ ဓမ္မနှင့်အညီ ကျင့်ကြံအားထုတ်လိုသည်ကမူ အမှန်ဖြစ်ပါ၏ ။
စတုတ္ထတောင့်တချက်မှာ ဓမ္မနှင့်အညီကျင့်ကြံနေထိုင်ရုံမျှနှင့်မကျေနပ်သေးဘဲ လူသည် လွတ်လပ်မှုကို တောင့်တပြန်၏ ။
ယင်းကို ပါဠိစာပေ၌ မောက္ခ - ဟုပါရှိ၏။
ထို့ သို့ တောင့်တခြင်းလေးမျိုးအနက် ပထမ နှင့် ဒုတိယ တောင့်တချက်မှာ အဓမ္မဖြစ်၏ ။
တတိယ နှင့် စတုတ္ထမှာ ဓမ္မဖြစ်၏ ။
တောင့်တခြင်းဖြစ်စဉ်အတိုင်းလေ့လာကြည့်ပါက အဓမ္မကဦးဆောင်၏ ။
အုပ်စိုးနေ၏ ။
အဓမ္မနေရာ၌ ဓမ္မကို အစားထိုးကြပါ၏ ။
အဓမ္မကို ဓမ္မကအပြီးအပြတ်အနိုင်ယူနိုင်ရန် ကြိုးစားကြရပါ၏ ။
ပိုင်မည်ထင်၍ တောင့်တကြ၏ ။
ဆိုင်သည်ထင်၍ ကြောင့်ကြရ၏ ။
တောင့်တခြင်း နှင့် ကြောင့်ကြခြင်းကင်းစေရန်--
မြတ်ဗုဒ္ဓက
၁ ။ အချင်းချင်းရိုင်းပင်းကူညီတတ်ခြင်း( ဒါန )
၂ ။ ကိုယ်ကျင့်သီလသိက္ခာကိုစောင့်ထိန်းခြင်း ( သီလ )
၃။မိမိလုပ်ငန်း၌သာစိတ်ဝင်စားပြီးလာမည့်အကျိုးတရားကိုမမျှော်ကိုးခြင်း
( နိက္ခမ )
၎ ။ ဇွဲလုံ့လမလျှော့ခြင်း ( ဝီရိယ )
၅ ။ ပညာဥာဏ်ထက်မြက်အောင်အားထုတ်ခြင်း ( ပညာ )
၆ ။ အရာရာ၌သည်းခံခွင့်လွှတ်နိုင်ခြင်း( ခန္တီ )
၇ ။ သစ္စာရှိခြင်း ( သစ္စာ )
၈ ။ မိမိ၏ဆုံးဖြတ်ချက်မှ သွေဖည်၍ မသွားခြင်း ( အဓိဋ္ဌာန် )
၉ ။ အားလုံးအပေါ်ချစ်တတ်ခြင်း( မေတ္တာ )
၁၀ ။ ဘက်မလိုက်ခြင်း ( ဥပေက္ခာ )
ဟူသော ပါရမီ ( ၁၀ ) ပါးကိုဖြည့်ကျင့်ခြင်းသည်ပင်လျှင် မှန်ကန်ဖြောင့်မတ်သောအကျင့်မြတ်ဟု
ဟောကြားတော်မူခဲ့ပါ၏ ။
မင်း နှင့် ပြည်သူ တူညီသောပါရမီများ ဖြည့်ကျင့်နေထိုင်ကြပါလျှင် နိုင်ငံတစ်ဝန်း၌
တောင့်တခြင်း ကြောင့်ကြခြင်းများ တစ်စစီချုပ်ငြိမ်းသွားမည်ဖြစ်ပါကြောင်း ။
မင်း နှင့် ပြည်သူ
တူညီတဲ့ပန်းတိုင် တူညီတဲ့ရည်ရွယ်ချက်
သွေဖည်မသွားဖို့ လိုအပ်ပါကြောင်း တင်ပြပေးလိုက်ပါသည် ။
( 11 - 2 - 2014 ) အဂါင်္နေ့ ထုတ် စံတော်ချိန် နေ့ စဉ်သတင်း - အယ်ဒီတာအာဘော် -
ကို မှီငြမ်း၍ မျှဝေပေးပါသည် ။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်၏ကျန်းမာ
ခြင်း စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ ။
U Dhammar Nan Da
No comments:
Post a Comment