❀ ဈေးသည်နှင့်သီလ❀
တစ်နပ်စား ကြံသူတွေဟာ ရေရှည်မှာ ကြီးပွားလေ့မရှိကြဘူး ။ လုံးလ ၊ဝီရိယ ၊သီလ၊သိက္ခာ ၊သမာဓိ ၊ကတိ သစ္စာတွေနဲ့ လုပ်ဆောင်တဲ့လုပ်ငန်း အများဆုံးတို့သာ ကြာလေ ၊ကြီးပွားလေ ဖြစ်လေ့ရှိပါတယ် ။
ဗန်းငယ်တစ်ဗန်း ၊ကွမ်းယာဆိုင်ကလေး တစ်ဆိုင်ကပင် လေးငါးနှစ်အကြာ၌ ချောင်လည်လည်လာစေပြီး ၊ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ် အကြာမှာ ကြီးပွားစေနိုင် ပါတယ် ။
လောကမှာ ဈေးသည်ကလေးဘဲဖြစ်ဖြစ် ၊ ဈေးသည်ကြီးပဲဖြစ်ဖြစ် ၊သီလ သိပ်လိုပါတယ်။
ဈေးသည်ဆိုတာမှာ သီလရှိမှ အရောင်းအ၀ယ် ကောင်းတာပဲ ။ သီလမရှိတဲ့ စိတ်ထားမမှန်တဲ့ ဈေးသည်ဟာ ကြာကြာမခံ ဘူး ။ အရင်းပြုတ်တာများတယ် ။
မုသာဝါဒ အသုံးလွန်ရင် ဖောက်သည်ပျက် တယ် ။ ကြာတော့ယုံယုံကြည်ကြည် ဝယ်ချင် တဲ့စိတ် မရှိတော့ဘူး။ အခြားဆိုင် ပြောင်းဝယ် ကြတော့တာဘဲ ။ ဘာဖြစ်လို့လဲဆိုတော့ ၀ယ်ရတာစိတ်မှမသန့်တော့တာကိုး ။
စကားလည်းမှန် ၊ဈေးနှုန်ူလည်းမှန်မှ အဲသည်ဈေးသည်ထံမှ ဈေးဝယ်များတယ် ။ မြတ်စွန်းချင်လို့ဈေးရောင်းတာ ဖြစ်ပေမယ့် မြတ်သင့်သလောက်ပဲ အမြတ်စားမှ ၊ ဈေးသည်ရဲ့ သီလဆိုတာထားရသေးတယ် ။
မိတ်မပေါရင် ဥစ္စာရှာရတာ လုပ်ရကိုင်ရ တာ ခက်တယ် ။
ဆင်းရဲသော်လည်းရိုးသားပြီး
အကျင့်သီလ ကောင်းရင် မိတ်ဆွေပေါပါ တယ်။
ကောင်းရောင်းကောင်းဝယ် ဈေးသည် တွေမှာ သီလဟာအမြဲပူးကပ် ရှိနေရမယ် ။ ဈေးသည်ဆိုတာ လူတကာနဲ့ ထိတွေ့ဆက် ဆံလုပ်ကိုင်ရတာမဟုတ်လား ။ သီလပျက်လို့ မဖြသ်ဘူး ။ ဈေးနှုန်းမှန် ၊ပစ္စည်းမှန် ဆက်ဆံ ရေးမှန်ဆိုတဲ့ မှန်(၃)မှန်ဟာ အရေးကြီးလှပါ တယ် ။
လောဘတက်လွန်းတဲ့ ဈေးသည်မှန်သမျှ ဟာ မကြီးပွားဘဲ ဆုတ်ယုတ်သွားတာမြင် ရတယ် ။
ငွေဆိုတာ လောဘဇောနဲ့ မောကြီးပန်း ကြီး ရှာရင်မရတတ်ဘူး ။ ပုံမှန် ရှာရတယ် ။ မျက်ခြေမပြတ် လုပ်ရတယ် ။
သည်ကုန်သည်ဟာ သည်လောက်ပဲ မြတ်သင့်ရင် သည်လောက်ပဲအမြတ်ယူပါ ။
ပိုမြတ်ချင်ရင် မှန်းထားသလောက်မမြတ်ဘူး။
တစ်ခါတလေ တစ်ရက်တလေ မြတ်တာကို မကြည့်ပါနဲ့ ။
ဆင်းရဲဒုက္ခ မှန်သမျှဟာ လိုချင်မှူ လောဘတွေကြောင့် ချည်းပဲဖြစ်တာ ။ အဲ့ဒါကြောင့် လောဘကြီးလေ ဒုက္ခကြီးလေ ဖြစ်တယ် ။ လောဘနည်းမှ ဒုက္ခနည်းတယ်။
အချို့ကုန်သည်တွေဟာ လောဘသိပ်ကြီး တယ် ။ ကုန်ပစ္စည်းတွေကိုလည်း ငွေအင်အား နဲ့ ချုပ်ဝယ်ထားပြီး ဈေးမတက် တက်အောင် လုပ်ချင်တယ် ။ အဲဒါက ကုန်သည် သီလကို ချိုးဖောက်တာ ။ စားသုံးသူကို မညှာရုံမကဘူး ကိုယ့်ဘ၀တူ ကုန်သည်အချင်းချင်း အပေါ်မှာ လည်း သစ္စာမဲ့တာဖြစ်တယ် ။
လေးလေးနက်နက် တွေးရင်သည်လိုအပြု အမူတွေ မပြုသင့်ပါဘူး ။
ဘာဖြစ်လို့လည်းဆို တော့ ရပ်နဲ့ရွာနဲ့ ဆွေနဲ့မျိုးနဲ့ ဆက်ဆံနေရတဲ့ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ကောင်းရုံ ၊ကိုယ်တစ်ယောက်တည်း ကြီးပွားရုံ
ကိုယ်တသ်ယောက်တည်းချမ်းသာရုံ ၊ ကိုယ်တစ်ယောက်တည်း ပြည့်စုံရုံနဲ့ ဖြစ်မ လား ။ ကိုယ်ကြွယ်ဝရုံနဲ့ ချမ်းသာ အေးငြိမ်းမှုရ တာ မဟုတ်ဘူး ။ မြတ်သင့်သလောက်အမြတ် ယူပြီး အများအပေါ် စေတနာထားမှသာ မှန်မယ် ။
မဟာဂန္ဓာရုံ တရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက စီးပွားရှာနည်းကို သည်လို ဆိုမိန့်ခဲ့ပါတယ် ။
"စီးပွားဥစ္စာ ရှာတယ်ဆိုတာ လူချမ်းသာ အောင် ရှာတာဖြစ်တယ် ။ စီးပွားရှာမှုကြောင့် ကိုယ်ဆင်းရဲလွန်းရင် လည်းကောင်း စိတ်ဆင်းရဲနေရင်လည်းကောင်း စီးပွားရှာရကျိုးမနပ်ပါ ။ ဒါ့ကြောင့် ကိုယ်လည်း သိပ်မဆင်းရဲ ၊စိတ်လည်းချမ်းသာ နိုင်တဲ့ နည်းကို စဉ်းစားကြပါ "
"ဒီဘဝ စီးပွားရှာမှုကြောင့် ၊နောင်ဘ၀သံ သရာမှာ (သီလပျက်၍) အပါယ်လေးပါးသွား ရမယ်ဆိုရင်ကား သာ၍၀မ်းနည်းစရာ ကောင်းပါတယ် "လို့ ဟောကြားခဲ့ဖူးပါတယ်။
အတိုကိုမကြည့်ဘဲ အရှည်ကို ကြည့်ုပြီး စီးပွားရှာရင်း မြတ်သင့်သလောက် အမြတ်ရှာ တာ တရားနဲ့ညီပါတယ် ။ တစ်ဘဝကလေး ၊တစ်ခဏလေး မကြည့်ဘဲ ၊သံသရာ ဘဝအ ရှည်ကြီးကို ကြည့်ပြီး လောဘဇော မကပ်ကောင်း ဘူး ။
ကောင်းရောက်း ကောင်းဝယ် ၊ကုန်သည် ၊
ဈေးသည် ဟာ သမ္မာအာဇီဝဖြစ်ပြီး မွန်မြတ်ပါ တယ် ။ လုံးလ ၊၀ီရိယ ၊သီလနှင့်အတူ မြတ်အောင်လည်းရှာ ၊လှူလည်းလှူ ၊ စားလည်းစား ၊လူ့ဘ၀နဲ့ နေထိုင်းသွားရတာ ကောင်းလှပါတယ် ။
တစ်ချက်ပဲ သတိထားရမယ် ။
ဘ၀ရှည်ကြီးကို ကြည့်သူတိုင်း ဒီတစ်ဘ၀ အတိုကလေးကို မကြည့်ရဘူး ၊ဒီဘ၀အတွက် စားဝတ်နေရေး အတော်အတန် ပြည့်စုံရင် တော်နိုင်တယ် ။ သံသရာအတွက်ကတော့
ကုသိုလ်များလေ နောင်ဘ၀ ကောင်းလေပါပဲ ။
(သုတေသီ ဘုန်းမြင့်သွေး ၏ ဘ၀ကိုကောင်းကျိုးပေးသော လူ့သီလ မှ)
ဖေ့စ်ဘွတ်မှ အမ တင့်တင့် ရေးသားထားသော ပို့စ်ကို ပြန်ကူးယူမျှဝေပေးပါသည်။
ဖြူစင်သော မေတ္တာဖြင့်
အဖြူရောင်
No comments:
Post a Comment