မသေချင်ရင် အသက်ရှူပါ
လောကမှာ
သေချင်တဲ့လူရယ်လို့ တစ်ယောက်မှရှိမှာ
မဟုတ်ပါဘူး။ “ငါသေသွားရင်
အေးမယ်” စသည်အားဖြင့် ပြောတတ်ကြပေမယ့်
ပြောတဲ့သူကိုယ်တိုင် တကယ်တော့
မသေချင်ပါဘူး။ စကားအရသာ ပြောနေတာပါ။
ဘယ်တော့မှ မသေနိုင်တဲ့အဖြစ်မျိုး ရှိမယ်ဆိုရင်
အဲဒီအဖြစ်မျိုးကို လူတိုင်း
လိုချင်ကြမှာပါ။
သေမှာကြောက်တဲ့လူသားများအတွက်
ဘယ်တော့မှ
မသေနိုင်တဲ့ နည်းလမ်းလေးတစ်ခု ပေးချင်ပါတယ်။
အဲ့ဒါကတော့
“မသေချင်ရင် အသက်ရှူပါ”ဆိုတဲ့ နည်းလမ်းပါပဲ။
“မသေချင်ရင် အသက်ရှူပါ” ဆိုလိုက်တော့…
“လူတိုင်း
အသက်ရှူနေလို့ မသေတာပဲ
မဟုတ်လား၊ အသက်ရှူနေမှတော့ သေပါဦးမလား၊
အသက်ရှူရင်
မသေဘူးဆိုတာ ဦးဇင်းပြောမှလား၊
မသေဖို့အတွက် တမင်လုပ်ပြီး အသက်ရှူဖို့
လိုသေးလို့လား၊ သူ့အလိုလို
အသက်က ရှူနေတာပဲမဟုတ်လား”လို့ မေးစရာရှိပါတယ်။
ဒီဘ၀၊
ဒီခန္ဓာ မသေဖို့အတွက် အသက်ရှူခိုင်းတာ
မဟုတ်ပါဘူး။ ဒီဘ၀၊ ဒီခန္ဓာကတော့
ခန္ဓာရဲ့ သဘာဝအတိုင်း သေရမှာပါပဲ။
နောင်ဘယ်တော့မှ မသေဖို့၊ သေတတ်တဲ့
သဘောတရားတွေ ဘယ်တော့မှ မရဖို့၊
သေခြင်းတရားကနေ အပြီးတိုင်
လွတ်မြောက်သွားဖို့ အသက်ရှူခိုင်းတာပါ။
ဘယ်တော့မှ
မသေနိုင်တဲ့ နေရာဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ကို
ခန္ဓာအကြွင်းမဲ့
မျက်မှောက်ပြုနိုင်ပြီဆိုရင်
ဘယ်တော့မှ မသေတော့ပါဘူး။
သေတယ်ဆိုတာ
ဘ၀ခန္ဓာရှိလို့ သေရတာပါ။
နိဗ္ဗာန်မှာ ဘ၀ခန္ဓာ
လုံးဝမရှိ၊
ချုပ်ငြိမ်းနေတဲ့အတွက် သေစရာအကြောင်း
လုံးဝ မရှိတော့ပါဘူး။
သေခြင်းကင်းတဲ့
ချမ်းသာလောက် ချမ်းသာတာ
လောကမှာ မရှိတော့ပါဘူး။ ဒါ့ကြောင့်
သေခြင်းကင်းတဲ့
နိဗ္ဗာန်ချမ်းသာကို လောကလွန်ချမ်းသာလို့
ခေါ်ရပါတယ်။ ချမ်းသာအားလုံးတို့ရဲ့
အထွတ်အထိပ် အတုမဲ့ချမ်းသာကြီး ဖြစ်ပါတယ်။
ဘ၀ခန္ဓာမရှိရင်
ချမ်းသာသုခလဲ ဘယ်ရှိပါ့မလဲလို့
ဉာဏ်မမီသူတွေ ထင်မြင်နေကြပေမယ့်
ခန္ဓာရှိချမ်းသာထက် ခန္ဓာမဲ့ချမ်းသာက
အဆပေါင်းများစွာမနိုင်းယှဉ်သာအောင်
အဆင့်မြင့်မားလွန်းလှပါတယ်။
ရုပ်နာမ်ခန္ဓာဟာ
ဆင်းရဲတုံး၊ ဆင်းရဲခဲအစုမျှသာဖြစ်တယ်
ဆိုတာရယ်၊ရုပ်နာမ်ခန္ဓာအားလုံးရဲ့
လမ်းဆုံးပန်းတိုင်ဟာ သေခြင်းတရားဖြစ်တယ်ဆို
တာရယ်ကိုအလေးအနက်သဘောပေါက်နားလည်လာရင် နိဗ္ဗာန်ချမ်းသာရဲ့ အသေလွတ်ချမ်းသာကို
တန်ဖိုးထားတတ်လာမှာပါ။
နိဗ္ဗာန်ဆိုတဲ့ အသေလွတ်ချမ်းသာကို လိုချင်ရင်၊
အဖြောင့်ပြောတော့… မသေချင်ရင်… အသက်ရှူရပါမယ်။
“အသက်ရှူရမယ်”လို့ ဆိုလိုက်တော့ အသက်ရှင်နေတဲ့
လူတိုင်း အသက်ရှူနေတာပဲ မဟုတ်လားလို့ မေးစရာရှိပါတယ်။
ပုံမှန်ရှူနေတဲ့
အသက်ရှူခြင်း၊ ကိုယ့်ရဲ့ ကြောင့်ကြအားထုတ်မူ
မပါဘဲ သူ့အလိုအလျောက်
သဘာဝအတိုင်းရှူနေတဲ့ အသက်ရှူခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။
စိတ်အာရုံစူးစိုက်ပြီး
သတိတရားပါပါ၊ အသိတရားသာသာနဲ့ ရှူတဲ့
အသက်ရှူခြင်း၊
ကိုယ့်ရဲ့အားထုတ်မူပါတဲ့
အသက်ရူခြင်းကို ဆိုလိုတာပါ။
“အသက်ရှူရမယ်”ဆိုတာ“သတိပညာသွင်းပြီး ရှူရမယ်”လို့ဆိုလိုပါတယ်။ တစ်နည်းပြောရရင်တော့
“အမှတ်သတိနဲ့ အသက်ရူရမယ်”လို့ ဆိုလိုပါတယ်။
အလွယ်ကူဆုံးနဲ့
အရှင်းဆုံးပြောရရင်တော့
“သတိထားပြီး အသက်ရှူရမယ်”လို့ ဆိုလိုပါတယ်။
သတိထားပြီး ဘယ်လို အသက်ရှူမလဲ။
အသက်ရှူသွင်း၊
ရူထုတ် လုပ်လိုက်လို့ နှာသီးဝ၊
သို့မဟုတ် အထက်နူတ်ခမ်းများ
လေထိသွားတဲ့နေရာမှာ
စိတ်ကို၊ သတိကို ကပ်ထားပြီး လေ၀င်ရင် “၀င်တယ်”၊
လေထွက်ရင် “ထွက်တယ်”လို့ ရူမှတ်ပြီး အသက်ရှူရပါမယ်။
လေ၀င်သွားတဲ့အခါ
နှာသီးဝကို ထိပြီး
ဝင်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို၊ သတိကို
ကပ်ထားပြီး “၀င်တယ်”လို့
ရူမှတ်ရပါမယ်။ အတွင်းဝင်သွားတဲ့
လေကြောင်းနောက်
စိတ်လိုက်ရပါဘူး။
လိုက်ရင် အတွင်းပျံ့လွင့်မှ ဖြစ်ပါတယ်။
လေထွက်သွားတဲ့အခါ
နှာသီးဝကို
ထိပြီးထွက်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို၊
သတိကို
ကပ်ထားပြီး “ထွက်တယ်”လို့
ရူမှတ်ရပါမယ်။ အပြင်ထွက်သွားတဲ့
လေကြောင်းနောက်
အာနာပါနကမ္မဋ္ဌာန်းကို
ထိုင်ရင်းနဲ့လည်း ရူမှတ်လို့ရသွားရင်း၊ ရပ်ရင်း၊
လျောင်းရင်းနဲ့လည်း ရူမှတ်လို့ရပါတယ်။
သီးသန့်အချိန်ယူပြီး
ထိုင်မှတ်၊
သွားမှတ်၊ ရပ်မှတ်၊ လျောင်းမှတ်ရင်တော့
ဝင်-၀င်တယ်၊
ထွက်-ထွက်တယ်လို့ မှတ်ရပါမယ်။
သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊
ပြောရင်းဆိုရင်း၊ စားရင်းသောက်ရင်း၊ ရူမှတ်ရင်တော့
ဝင်တယ်၊ ထွက်တယ်
ဆိုတာတွေ ထည့်မှတ်မနေတော့ဘဲ
ဝင်ထိ၊ ထွက်ထိ သဘောလေးကို သိနေရင်
လုံလောက်ပါတယ်။
အမြဲရှိနေတဲ့
ဝင်လေ၊ ထွက်လေကို
အမြဲသိနေအောင်ကြိုးစားကြဖို့
တိုက်တွန်းချင်ပါတယ်။
အလေ့အကျင့်လည်း
လုပ်ထားမယ်၊ သတိလည်း ထားမယ်ဆိုရင်
နောက်တော့
အခက်အခဲမရှိပါဘူး၊ အလွယ်တကူနဲ့ ဖြစ်သွားမှာပါ။
အသက်ရှင်နေတဲ့လူတိုင်း
အသက်ရှူနေတာမို့ အသက်ရှူတိုင်း
သတိ၊ ပညာသွင်းပြီး ရှူမယ်ဆိုရင်
အသက်ရှင်နေစဉ်မှာလည်း စိတ်ချမ်းသာငြိမ်းအေးမူ အထူးအဆင့်မြင့်စွာ
ရရှိနိုင်သလို
တရားထူး တရားမြတ်ရသွားရင်လည်း သေခြင်းတရားမှ
အပြီးတိုင်
လွတ်မြောက်သွားနိုင်ပါတယ်။
ဒါ့ကြောင့် တိုက်တွန်းချင်တာက…
မသေချင်ရင်
အသက်ရှူပါ။ စိတ်ချမ်းသာချင်ရင်
အသက်ရှူပါ။ ကိုယ့်ဘ၀ကိုယ်
ကျေနပ်မူရချင်ရင် အသက်ရှူပါ။ လောကချမ်းသာကို
အပြည့်ဝဆုံး ခံစားချင်ရင်
အသက်ရှူပါ။
နိဗ္ဗာန်ဆိုတဲ့ အနိုင်းမဲ့ချမ်းသာကို ဒီဘ၀မှာတင်
အမြန်ဆုံး
မျက်မှောက်ပြုချင်ရင် အသက်ရှူပါ။
အာနာပါနကမ္မဋ္ဌာန်းကို
မသိနားမလည်သူတွေက
သမထကမ္မဋ္ဌာန်းလို့ ထင်မှတ်စွပ်စွဲကြပါတယ်။
သူတို့
ထင်မှတ်စွပ်စွဲသလို မဟုတ်ပါဘူး။
အာနာပါနကမ္မဋ္ဌာန်းဟာ သမထ၊ ၀ိပဿနာ
စွယ်စုံရတဲ့
ကမ္မဋ္ဌာန်းကြီးပါ။ သမထလိုရူရင်
သမထဖြစ်ပြီး ၀ိပဿနာလို ရူရင်
ဝိပဿနာဖြစ်ပါတယ်။
ဝင်လေထွက်လေ
လေကြောင်းနောက်ကို လိုက်ပြီး
ပုံသဏ္ဌာန်နိမိတ်၊ အရိပ်အယောင်တွေကို
ရူနေရင်
သမထဖြစ်ပါတယ်။
လေနောက်ကို မလိုက်ဘဲ နှာသီးဝ လေထိရာ
တစ်နေရာတည်းကနေ
ထိမူသဘော၊
လူပ်ရှားတွန်းကန်မူသဘောကို အနိစ္စ၊
ဒုက္ခ၊ အနတ္တလက္ခဏာရေးသုံးပါး
ထင်ရှားလာအောင်
ရူနေရင် ၀ိပဿနာဖြစ်ပါတယ်။
အာနာပါနဿတိသုတ္တန်မှာ
မြတ်စွာဘုရားရှင်က “အာနာပါနကိုရူပွားရင်
သတိပဋ္ဌာန်းလေးပါးလုံး
ရူပွားပြီးသားဖြစ်တယ်။
သတိပဋ္ဌာန်းလေးပါး ရူပွားရင်
ဗာဇ္ဈင်ခုနှစ်ပါးကိုလည်း
ပွားများပြီးသား ဖြစ်တယ်။
ဗောဇ္ဈင်ခုနှစ်ပါးကို ပွားများရင် အရဟတ္တမဂ်၊
အရဟတ္တဖိုလ်ကို ဆိုက်ရောက်နိုင်တယ်”လို့ မိန့်ကြားတော်မူပါတယ်။ အာနာပါန
ကမ္မဋ္ဌာန်းနဲ့ ရဟန္တာအထိဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။
သုတ္တန်တစ်ခုမှာဆိုရင်
အာနာပါနရူပွားတဲ့သူဟာတစ်ထိုင်တည်းနဲ့တောင် ရဟန္တာဖြစ်နိုင်တယ်လို့
မိန့်ကြားတော်မူထားပါတယ်။
ဒါ့ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို နိဗ္ဗာန်သွားတဲ့
ဖြတ်လမ်း၊ နိဗ္ဗာန်သွားတဲ့လမ်းတိုလို့
ရှေးသူဟောင်းတွေ
မိန့်ဆိုတော်မူကြပါတယ်။
ဆရာတော်ကြီးတစ်ပါးကဆို
အာနာပါနကမ္မဋ္ဌာန်းကို
“သက်ဦးဆံပိုင်ကမ္မဋ္ဌာန်း”လို့တောင်
တခမ်းတနား
ချီးမွမ်းဂုဏ်တင်တော်မူခဲ့ပါတယ်။
အာနာပါနကမ္မဋ္ဌာန်းဟာသမ္မာသမ္ဗုဒ္ဓဘုရားရှင်တိုင်းရဲ့ လက်သုံးကမ္မဋ္ဌာန်းကြီး ဖြစ်ပါတယ်။
ဘုရားရှင်တိုင်း၊
ဘုရားရှင်တိုင်းဟာ အာနာပါနကမ္မဋ္ဌာန်းကိုပဲ
ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရူပွားရင်းနဲ့
ဘုရားဖြစ်တော်မူကြပါတယ်။
တခြားကမ္မဋ္ဌာန်းနဲ့
ဘုရားဖြစ်တဲ့ ဘုရားရယ်လို့ ဘယ်တစ်ဆူမှ မရှိပါဘူး။
ရှေးကလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
အခုလည်း လုံးဝမရှိပါဘူး။ နောင်လည်း
ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။
ဒီအချက်ကိုက
အာနာပါနကမ္မဋ္ဌာန်းဟာဘယ်လောက်ကြီးကျယ်မြင့်မြတ်တယ်၊ ဘယ်လောက်ထိပ်တန်းအကျဆုံးဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။
ဝင်လေပြန်မထွက်တော့တဲ့အချိန်၊
ထွက်လေပြန်မ၀င်တော့တဲ့အချိန်ဟာ သေတဲ့အချိန်ပါပဲ။
ဒါ့ကြောင့် ရုပ်နာမ်ခန္ဓာ
အဆက်မပြတ်ရှင်သန်နေမူမှာ ၀င်လေထွက်လေက
အဓိက ပဓာနကျပါတယ်။
ဝင်သက်ထွက်သက်ဆိုတဲ့အတိုင်း
ဘ၀တစ်ခုရဲ့
အသက်ဟာ ၀င်လေထွက်လေဖြစ်လို့ ၀င်လေ၊
ထွက်လေကို သတိကပ်ရူမှတ်ရတဲ့
အာနာပါနကမ္မဋ္ဌာန်းဟာလည်းဝိပဿနာယောဂီတိုင်းရဲ့ “အသက် သွေးကြောကမ္မဋ္ဌာန်းကြီး”
ဖြစ်ပါတယ်။
ဝင်လေထွက်လေနဲ့
ပတ်သက်တဲ့ ရုပ်နာမ်ရဲ့
သဘောသဘာဝတွေကို ပိုင်နိုင်သွားရင်
ကျန်တဲ့ရုပ်နာမ်အားလုံးရဲ့သဘောသဘာဝတွေကိုပါ
ပိုင်နိုင်သွားတာမို့
အာနာပါနကမ္မဋ္ဌာန်းကို
“အညှာကိုင် ကမ္မဋ္ဌာန်း”လို့လည်း ခေါ်နိုင်ပါတယ်။
အိပ်ချိန်၊
နိုးချိန်၊ အချိန်တိုင်းမှာ
ထင်ရှားနေတဲ့အတွက် ရူမှတ်ရတာလည်းလွယ်ကူ၊
မရပ်မနားလည်း အဆက်မပြတ်
ရူမှတ်နိုင်တာကြောင့် အာနာပါနကမ္မဋ္ဌာန်းကို
ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် သတ်မှတ်ပြီး
အားထုတ်တာဟာ လူအများစုအတွက်
အသင့်တော်ဆုံးပါပဲ။
အာနာပါ
နကမ္မဋ္ဌာန်းကို နှာသီးဝ လေထိရာအရပ်
သတိကပ်ရူမှတ်တဲ့ ၀ိပဿနာနည်းလမ်းနဲ့
အရဟတ္တဖိုလ်ပေါက် အားထုတ်နိုင်ပြီဆိုရင်တော့
သေခြင်းတရားမှ အပြီးတိုင်
လွတ်မြောက်ပါပြီ။
အာနာပါနကမ္မဋ္ဌာန်းဟာ
ရဟန္တာအထိ
အမြန်ဆုံးဖြစ်စေနိုင်တဲ့ ၀ိပဿနာကမ္မဋ္ဌာန်း
စစ်စစ်ဖြစ်တယ်ဆိုတာကို
အကြွင်းမဲ့ ယုံကြည်ပြီး
ကြိုးကြိုးစားစား အားထုတ်ကြဖို့
အထူးတိုက်တွန်းလိုက်ပါရစေ။
နေ့စဉ်ဘ၀ရဲ့
လူမူကိစ္စ၊ အိမ်မူကိစ္စတွေကို
လုပ်နေရင်းနဲ့လည်း အာနာပါနကမ္မဋ္ဌာန်းကို
အားထုတ်လို့ရပါတယ်။ အလုပ်လုပ်နေရင်းနဲ့
တစ်စက္ကန့်ရရင် တစ်စက္ကန့်၊
တစ်မိနစ်ရရင် တစ်မိနစ်၊
ငါးမိနစ်ရရင် ငါးမိနစ် ကြိုကြားကြိုကြား
အားထုတ်သွားမယ်ဆိုရင် အလုပ်လုပ်ရတာလည်း
မပင်ပန်း၊ စိတ်ချမ်းသာ၊ သမာဓိ ဉာဏ်
ရင့်သွားတဲ့အခါမှာလည်း တရားထူးရနဲ့ အင်မတန် ဟန်ကျလှပါတယ်။
အချိန်လည်း
မကုန်၊ လူလည်း မပန်း၊ ငွေလည်း
မထွက်၊ အင်မတန် တွက်ခြေကိုက်တဲ့
အာနာပါနကမ္မဋ္ဌာန်းပါပဲ။ တစ်ချိန်တည်း
အလုပ်နှစ်ခုပြီးပါတယ်။ ၀ိပဿနာကုသိုလ်ကို
အလွယ်တကူရယူနိုင်ပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို
အလွယ်တကူ ဆိုက်ရောက်စေနိုင်တာဟာ
အာနာပါနကမ္မဋ္ဌာန်းပါပဲ။
ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
http://www.myittaryik.com/2013/03/blog-post_19.html#more
No comments:
Post a Comment