“ကိလေသဝဋ်က ဘယ်တရားတွေလဲ”-(၂၂-၉-၂၀၀၈)
လိုရင်းအချက် ကတော့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်=ဝဋ်၃-ပါးကျွတ်ဖို့ လိုတယ်နော်။
အဲဒီ ဝဋ်သုံးပါးမှာ ကိလေသဝဋ် ကျွတ်ဖို့ နံပါတ်တစ်ပေါ့။
ကိလေသဝဋ်က ဘယ်တရားတွေလဲ-စိစစ်ဖို့မကောင်းလား။
အဝိဇ္ဇာ တဏှာ ဥပါဒါန် လို့ မဟောလား။
အဝိဇ္ဇာချုပ်ဖို့လိုတယ်နော်။
ဒီတော့ နှလုံးသွင်း မှားတာနဲ့ မှန်တာ -ဒီနှစ်ခုပေါ့။နှလုံးသွင်းမှားလို့ အဝိဇ္ဇာ လို့မခေါ်ဘူးလား။မှန်ရင် ဝိဇ္ဇာပေါ့။
ဒါ ဘယ်ပေါ်မှာ မှားတာလဲ ။
လက်တွေ့ မျက်တွေ့တွေ လိုတယ်နော်။သန္ဒိဋ္ဌိကပေါ့။
တခါပြန်လို့စဉ်းစားကြဦးနော်။
အခု တရားနာပရိသတ်တွေ ဘုန်းကြီး မမြင်ရဘူးလား၊ ဘုန်းကြီးလို့ကား မထင်ဘူးလား။
ရှိတယ်လို့မယူဘူးလား။စဉ်းစားနော်။
ကဲ အဲဒါ ဘုန်းကြီးလို့ခေါ်မလား-ဦးခေါင်းလို့ခေါ်မလား။
ဘုန်းကြီးလို့ခေါ်မလား-နဖူးလို့ခေါ်မလား။ဘုန်းကြီးလို့ခေါ်မလား-မျက်နှာလို့ခေါ်မလား။
ဘုန်းကြီးလို့ခေါ်မလား-ပါးလို့ခေါ်မလား။အဲဒါ ဆံဖျားက ခြေဖျားအရောက်ပေါ့နော်။
အဲလို အနုလုံ-ပဋိလုံ ပြန်စိစစ်ကြည့်မယ်ဆိုရင် ၃၂-ကောဋ္ဌာသတွေ့မှာပေါ့။မတွေ့ပေဘူးလား။
၃၂-ကောဋ္ဌာသတွေ့မယ်နော်။ကဲ ကိုယ်ထင်တဲ့ ဘုန်းကြီးတွေ့သေးရဲ့လား။၃၂-ကောဋ္ဌာသ။
ဘုရားပွင့်မှ ကြားသိရတဲ့ ဝိပဿနာဥာဏ်နော်။
ဦးခေါင်းထင်လို့ ဘုရားပေးတဲ့ ဥာဏ်လက်နဲ့ ကိုင်စမ်းကြည့်နော်။
ဦးခေါင်းတွေ့မလား မာတာတွေ့မလား။
မာတာကို ဦးခေါင်းဆိုရင် မာတဲ့အရာဝတ္ထု ဟူသရွေ့ ဦးခေါင်းလို့ ခေါ်ရမှာပေါ့။
စိစစ်ဖို့မကောင်းလား။နဖူး ထင်လို့ကိုင်စမ်းကြည့် နဖူး တွေ့မလား မာ တာတွေ့မလား။
ပါး ထင်လို့ကိုင်စမ်းကြည့်ပါး- တွေ့မလား ပျော့တာတွေ့မလား
။ခြေစခေါင်းဆုံး တကိုယ်လုံးနော်။
အဲလိုစိစစ်ကြည့်တဲ့အခါ မာတာနဲ့ပျော့တာ တွေ့တယ်။၃၂-ကောဋ္ဌာသတွေ့သေးရဲ့လား။
မာတယ်လို့ သိတဲ့အချိန်မှာ ဦးခေါင်းတွေ့သေးရဲ့လား။
နဖူးကားတွေ့ရဲ့လား။ ခြေလက်အင်္ဂါကားတွေ့ရဲ့လား။
ကိုယ်ကောင်ကြီးကား တွေ့ရဲ့လား။
ကိုယ်ကောင်ကြီးမတွေ့ရင် လူကားတွေ့ရဲ့လား။ဗြဟ္မာကားတွေ့ရဲ့လား။ ဘုန်းကြီးကားတွေ့ရဲ့လား။
ဘာဖြစ်လို့မတွေ့တာလဲ။မရှိလို့။စဉ်းစားနော်။
မာတယ်ပျော့တယ်လို့သိတာ သူငါ လား ကာယဝိညာဏ်။
ကာယဝိညာဏ်က နာမ်တရားမရလား။
မာတာပျော့တာ ရုပ်တရားမရလား။
နာမ်ရုပ်နှစ်ပါး။
ထင်တာက ဘုန်းကြီးပေါ့ တွေ့တာက နာမ်နဲ့ရုပ်ပေါ့။
ထင်တာက လူပေါ့ တွေ့တာက နာမ်နဲ့ရုပ်ပေါ့။
ထင်တာက ဗြဟ္မာပေါ့ တွေ့တာက နာမ်နဲ့ရုပ်။
ဥာတပရိညာ =ပိုင်းခြားလို့သိပါလို့ မဟောဘူးလား ။
အဲဒါ ယုံကြည်ဖို့လိုတယ်နော်။လေ့လာကြကွဲ့။
နှလုံးသွင်းမှန်တာနဲ့ မှားတာနော်
။နှလုံးသွင်းမှားလို့ တဏှာဖြစ်ရတာပေါ့။
တဏှာလာတော့ ဥပါဒါန်နေရဲ့လား။
ဒါ အဝိဇ္ဇာ တဏှာ ဥပါဒါန်ပေါ့။
ဝဋ်အနေနဲ့ ကိလေသဝဋ်ပေါ့။
သစ္စာဖွဲ့တော့ သမုဒယ။လေ့လာဖို့မကောင်းလား။
သမုဒယရှိသမျှတော့ ခန္ဓာက လွတ်ပါ့မလား
ခန္ဓာရ=အိုနာသေလွတ်ပါ့မလား။ဘာ သစ္စာ လဲ။
ဒါမို့ နှလုံးသွင်းမှန်ဖို့လိုတာ။ခုတွေ့တာ ဘုန်းကြီးလား နာမ်နဲ့ရုပ်။လူလား နာမ်နဲ့ရုပ်။ဗြဟ္မာလား နာမ်နဲ့ရုပ်။ နာမ်ရုပ်ဘဲတွေ့တယ်နော်။
ဒါ ဘုန်းကြီး ဘာဖြစ်လို့မတွေ့တာလဲ။မရှိလို့နော်။တွေ့တဲ့တရားကို အမှန်မယူရဘူးလား။အမှန်သိရင် အမှားပျောက်တာပေါ့။အဲဒါ လိုရင်းအချက် တွေ ကွဲ့နော်။စဉ်းစား။
စဉ်းစားတာ အလုပ်လုပ်တယ်လို့ခေါ်တယ်။
လောဘဖြစ်တာ ဒေါသဖြစ်တာ မောဟဖြစ်တာ နာမ်ရုပ်အပေါ်မှာ ဖြစ်တာလား။
ပုဂ္ဂိုလ်သတ္တဝါ အပေါ်မှာ ဖြစ်တာလား။
တကယ့်အမြင်ခံ အရှုခံက ပုဂ္ဂိုလ် သတ္တဝါ လား နာမ်နဲ့ရုပ်။
အဲဒီနာမ်ရုပ်ကို သိအောင်လို့ တရားဟောရတာ စဉ်းစားနော်။
အခု ဘုရားပေးတဲ့ဥာဏ်လက်နဲ့ ကိုင်စမ်းကြည့် တော့ မာတာနဲ့ပျော့တာဘဲတွေ့တယ်။
မာတယ်လို့ သိတဲ့အချိန်မှာ ခြေတွေ လက်တွေ တွေ့သေးရဲ့လား။
ပျော့တယ်လို့ တွေ့တဲ့အခါ ခြေတွေ လက်တွေ တွေ့သေးရဲ့လား။
ခြေလက်အင်္ဂါ ၃၂-ကောဋ္ဌာသ မတွေ့ရင် လူကားတွေ့ရဲ့လား။ နတ်ကားတွေရဲ့လား။
ဗြဟ္မာကားတွေ့ရဲ့လား
။တွေ့တာက လူနတ်ဗြဟ္မာလား နာမ်နဲ့ရုပ်။ကဲ နာမ်ရုပ်ဘဲတွေ့တယ်နော်။
အဲဒီနာမ်ရုပ်ကို သိတာ သူငါကသိတာလား မဂ္ဂသစ္စာ။
ဘယ်မဂ်ကသိတာလဲ။--သြော် သမာဓိမဂ်ကသိတာ။
အဲလို လေ့လာဖို့မကောင်းလား။ဒါ လိုရင်းအချက်တွေနော်။
နာမ်ရုပ်ကိုတွေ့လို့ သိတဲ့အချိန်လေးမှာ ပုဂ္ဂိုလ် သတ္တဝါတွေ့သေးရဲ့လား။
ပုဂ္ဂိုလ် သတ္တဝါမတွေ့ရင် ရာဂဒေါသမောဟ တဒင်္ဂ နိရောဓပေါ့။ဖြစ်ခွင့်မရဘူးနော်။
အပြီးအပြတ်တော့ မပယ်နိုင်သေးဘူးပေါ့။တဒင်္ဂပေါ့။
မြင်ဆဲမှာပေါ့ကွဲ့နော်။အဲဒါယုံကြည်ဖို့လိုတယ်။
ဒါနှလုံးသွင်းမှန်တာနဲ့မှားတာသိဖို့လိုတယ်နော်။
ကျေးဇူးတော်ရှင်မုံလယ်ဆရာတော်ဘုရားကြီး
(၂၂-၉-၂၀၀၈/ည၇-နာရီ/ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရဓမ္မရိပ်သာ တွင်ဟောကြားတော်မူသော တရားတော် တွင် အပြည့်အစုံ နာယူနိုင်ပါသည်။)
ဆရာတော်ကြီးလွန်တော်မူခဲ့သောနေ့ ၃-နှစ်ပြည့်အထိမ်းအမှတ်ဖြစ်သော တပို့တွဲလပြည့်ကျော်၇-ရက်အမှတ်တရ ဓမ္မပူဇာ အဖြစ်စာစီ ပူဇော်ပါ သည်။
အရှင်တေဇနိယ မုံလယ်ဇ
https://www.facebook.com/nangmiemie.htun.1/posts/1479778465569757
No comments:
Post a Comment