မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Tuesday, April 8, 2014
*** ဗုဒ္ဓဘာသာဝင်၏ အယူဝါဒ ပျက်စီးခြင်း။ ***
ဗုဒ္ဓဘာသာဝင်များသည်
(၁) ဘုရား၊
(၂) တရား၊
(၃) သံဃာ၊
(၄) ကံ၊ ကံ၏အကျိုး
(၅) အကြောင်းနှင့် အကျိုး ဆက်သွယ်မှု၊
(၆) အတိတ်ဘ၀၊ အနာဂတ်ဘ၀ တို့ကို ယုံကြည်၏။
ဤ၌ ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်) နှင့် အကုသိုလ်ကံ (မကောင်းသောအလုပ်) ပင် ဖြစ်သည်။ လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို
ခံစားရ၏။ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရ၏။ မိမိပြုလုပ်သော ကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ (ကမ္မဿကာ) မည်ပါသည်။ မိမိပြုလုပ်သော ကံအရ ဆိုးမွေ၊ ကောင်းမွေ (ကမ္မဒါယဒ) ကို ခံယူရမည် ဖြစ်၏။
ဤသို့ စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို “ကမ္မဿကတာသမ္မာဒိဌိ” ဟု ခေါ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့ လက်ခံယုံကြည်နေက အမှန်ကို လက်ခံယုံကြည်ခြင်း ဖြစ်၍အယူဝါဒ မပျက်မစီး တည်နေသည် မည်၏။
ဤကဲ့သို့ ဘုရား၊ တရား စသည်တို့ကို မယုံကြည်တော့ဘဲ အောက်ပါတို့ကို လက်ခံယုံ
ကြည်ပါက ဗုဒ္ဓဘာသာဝင်အဖြစ် ပျက်စီးရုံမျှမက အယူမှန် ၀ါဒမှန်လည်း ပျက်စီးသည်၊ မိစ္ဆာဒိဌိ ဖြစ်သည်။
အယူဝါဒမှန်ကို ပျက်စီးစေနိုင်သော အယူမှား (မိစ္ဆာဒိဌိ) တို့မှာ ==
၁။ လောက၌ ဖန်ဆင်းရှင် ရှိ၏။ မြေကြီး၊ ဟိမ၀န္တာတောင်၊ စကြ၀ဠာ၊ မဟာသမုဒ္ဒရာတို့နှင့် သတ္တ၀ါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည်။ ယင်းသို့
ယူဆသော ၀ါဒကို “ဖန်ဆင်းရှင်(ဣဿရနိမ္မာန) ၀ါဒ” ဟု ခေါ်ပါသည်။
၂။ လောက၌ ကုသိုလ်ကံ၊ အကုသိုလ်ကံဟူ၍ မရှိ။ ကောင်းမှုကို ပြုသော်လည်း ကောင်းမှုကု
သိုလ် မမည်။ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ် မမည်ဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ “အကိရိယဒိဌိ”ဟု ခေါ်သည်။
၃။ တဖန် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍ မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး၊ မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကျိုး(၀ိပါက) ကို ပယ်ခြင်းဖြစ်၍ “ နိတ္တိကဒိဌိ ” ဟုခေါ်ပါသည်။
၎။ ထို့ပြင် ကုသိုလ်ကံ၊ အကုသိုလ်ကံဟူ၍လည်း မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်တို့၏ အကျိုးဟူ၍လည်း မရှိဟု ယူဆတတ်ကြပြန်သည်။ ယင်းသို့ ယူဆခြင်းသည် အကြောင်း၊ အကျိုး နှစ်မျိုးလုံးကို ပယ်ခြင်းဖြစ်၍ “ အဟေတုကဒိဌိ ” ဟု ခေါ်ပါသည်။
ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဌိ) တစ်မျိုးမျိုးကို လက်ခံ ယုံကြည်လိုက်လျှင် ထိုသူ၏ မူလက ရှိနေသော အယူမှန်ဝါဒ (သမ္မာဒိဌိ) ပျက်စီးလေတော့သည်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။}
http://www.damanady.tk/2014/04/blog-post_7951.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment